08 June 2016

“ပတ်စပို့၊ပန်းရောင်ဘတ်ကဒ်ရှိသော်လည်းအလုပ်သမား၁၆၀ခန့်ဖမ်းဆီးခံရ”

              
၂၀၁၆ ခု ဇွန်လ ၈
မြတ်ညို(အလွတ်သတင်းထောက်)

      ဘန်ကောက်မြို့အနီး စမွတ်စာခွန်ခရိုင်၊ မဟာချိုင်နယ်မြေအနီး၊ ကထုန်  ၂၅ လမ်းတွင်ရှိသော ပလပ် စတစ်စက်ရုံမှ  ပန်းရောင်ဘတ်ကဒ်နှင့်ပတ်စပို့ရှိကြသည့်မြန်မာအလုပ်သမား ၁၆၀ ဦးခန့်အား ထိုင်းအာ ဏာပိုင်များက ယမန်နေ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

          လက်ရှိ မဟာချိုင်တွင်ထုတ်ပေးနေသည့် ပန်ရောင်ဘတ်ကဒ်များမှာ ပင်လယ်အစားအစာထုတ် လုပ်သည့် အလုပ်အတွက်ဖြစ်သဖြင့် အခြားအလုပ်ရုံတွင် လုပ်ကိုင်ခွင့်မရှိဟုဆိုသည်။ ပတ်စပို့ကိုင်ဆောင်ထား သူများမှာလည်း ၀တ်ပါမစ်နှင့် တစ်နေရာတည်း မဟုတ်သဖြင့်ဟုဆိုကာဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

 အဆိုပါ ပလပ်စတစ် အလုပ်ရုံမှ ရခိုင်အလုပ်သမား မောင်ကိုထွန်း က“ ကျနော်တို့ကို ကာကွယ်နိုင်မှု ထိုင်းမှာဘာကိုအားကိုးရတော့မလဲ”ဟုဆိုသည်။

ကားကြီး ၃စီးဖြင့် တင်ဆောင်သွားသည့်အလုပ်သမားများမှာ မိုးချုပ်သည့်တိုင်အောင် ပြန်မလွတ်လာခဲ့ကြောင်း ၎င်းကဆိုသည်။

ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း က“ ပန်းရောင်ဘတ်ကဒ် က ပင်လယ်အစားအစာထုတ်လုပ်မှုအတွက်လုပ်ပေးနေတယ်။ ထိုင်းမှာနေထိုင်ခွင့် ပတ်စပို့သက်တမ်းကုန်သွားတဲ့ အလုပ်သမားအတော်များများ ၀င်ရောက်လုပ်ကိုင်နေကြတယ်။ အလုပ်သမား တစ်ယောက်ကို အနည်းဆုံး ဘတ်ငွေ ၈,၀၀၀ အထက်ကို ကုန်ကျနေပါတယ်။ နောက်စိတ်ပျက်စရာအကောင်း ဆုံးဖြစ်စဉ်တစ်ခုကတော့ ပတ်စပို့နဲ့ ၀တ်ပါမစ်နေရာမတူလို့ဖမ်းခြင်းပါပဲ။ ပတ်စပို့လုပ်ငန်းစတင်အကောင် အထည်ဖေါ်ခဲ့ကြတုန်းက ထိုင်းနဲ့ မြန်မာအစိုးရတို့ကတိပြုခဲ့တာက လွတ်လွတ်လပ်လပ် အလုပ်ပြောင်းရွေ့ခွင့် ရှိတယ်လို့ပြောခဲ့တယ်။ အထူးသဖြင့် အလုပ်သမားဝန်ကြီးဌာနကထုတ်ပေးတဲ့ ၀တ်ပါမစ် နေရာမတူလို့ ဖမ်းဆီးတာ ငွေညှစ်တာကတော့ အတော့်ကိုအရုပ်ဆိုးလွန်းပါတယ်။ ဒါကို မြန်မာအစိုးရတစ်ခါမှ မကန့်ကွက်ခဲ့ ပါဘူး”ဟု ထောက်ပြပြောဆိုသည်။



         မြန်မာနိုင်ငံ၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည့် သည် ထိုင်းနိုင်ငံသို့ ဇွန်လ ၂၃- ၂၄-၂၅ ရက်နေ့တို့တွင် လာရောက်မည်ဖြစ်သည်။ ထိုခရီးစဉ်တွင် မြန်မာနယ်စပ် ဒုက္ခသည် စခန်းအပြင်မဟာချိုင်မှ အလုပ်သမားများနှင့်တွေ့ဆုံမည်ဟု သတင်းများတွင်ဖေါ်ပြထားသည်။ ဤခရီးစဉ်အတွင် ဒေါ်အောင်ဆန်းစုကြည့် က နှစ်ပေါင်းများစွာ ဖိနှိပ်ခံနေကြသည့် အလုပ်သမားများအတွက် မည်သို့သော အစီ အမံမျိုး ပြင်ဆင်နိုင်ခဲ့မည်ကို ထိုင်းနှင့် တကမ္ဘာလုံးရှိ မြန်မာများက မျှော်လင့်နေကြကြောင်းသိရသည်။