26 June 2016

“ခြုံဘူရီငါးဖမ်းလှေဆိပ်မှလူကုန်ကူးခံနေရသူ၃ဦးကိုMAT အဖွဲ့ကယ်တင်”

                
၂၀၁၆ ခု ဇွန်လ ၂၆
စိုင်းအောင်

         ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၈၀ ကျော်အကွာတွင်ရှိသော ခြုံဘူရီမြို့နယ်၊ အချောင်ငါးဖမ်း လှေဆိပ်တွင် လူကုန်ကူးခံနေကြရသော မြန်မာအလုပ်သမား ၃ ဦးကို မြန်မာသံရုံးအလုပ်သမားကူညီစောင့် ရှောက်ရေးကော်မတီဝင် MAT အဖွဲ့က ယနေ့ကယ်ထုတ်နိုင်ခဲ့သည်။

      ရန်ကုန်မှ အသက်၃၁ နှစ်အရွယ် ကိုရဲမြတ်ဇော် သည် ငါးဖမ်းလှေပေါ်တွင် ၃လကျော်အလုပ်လုပ်ခဲ့ရသည်။ ပဲခူးတိုင်းဖြူးမြို့နယ် မှ အသက် ၄၇ နှစ်အရွယ် ကိုမြင့်သူသည်  ၃နှစ် ကျော်အလုပ်လုပ်ခဲ့ရသည်။  အသက် ၃၄ နှစ်အရွယ် မန္တလေးမှ ကိုအောင်ပိုင် သည် ၂နှစ်ကျော်အလုပ်လုပ်ခဲ့ရသည်။  လုပ်အားခဘတ်ငွေ ၅,၀၀၀ ရခဲ့ သည်။

ကိုအောင်ပိုင် က“ လှေပေါ်မှာ မနေရဲဘူး၊ ကျနော်တို့ကိုသတ်ပစ်မယ်လို့ပြောပါတယ်။ အသက်လုံခြုံမှုမရှိဘူး။ မြန်မာပြည်သား အသစ် ၆ ယောက် လူဟောင်းတစ်ယောက်တွဲထားပါတယ်။  လူသစ်ကို  ၆၀၀၀ ၊လူဟောင်းကို ဘတ် ၇၀၀၀ ပေးတယ်ဆိုပေမယ့် ပိုက်ဆံကိုမပေးပဲ စိတ်ကြွဆေးကိုပဲပေးပါတယ်။ ပုတ်ပြတ်ယူထားတဲ့ ကန် ထရိုက်တွေက လှေဦးစီးတွေကိုပေးပါတယ်။ ကမ်းကပ်တာနဲ့ စိတ်ကြွဆေး ၃လုံးစီပေးပါတယ်။  ကျနော့်ရှေ့မှာ သတ်ပစ်တာ ၃ယောက်မြင်ဖူးပါတယ်။ ကျနော်တို့ညမအိပ်ရဲခဲ့ပါဘူး” ဟုပြောသည်။

          အသတ်ခံရသူ ၃ဦးတို့၏ အချက်အလက်များကို ၎င်းတို့ပြောပြရာ၊ လှေနံပတ်၂၇ တွင် အသက်၅၀နီးပါး အရွယ် မြန်မာအိုးသူကြီး တစ်ဦးကို လွန်ခဲ့သည့် ၁၅ ရက်ခန့်က အသတ်ခံရသည်။  လွန်ခဲ့သည့် ၂လခန့်က  လှေနံပတ် ၁ ပေါ်တွင် အမည်မသိ၃၆နှစ်တစ်ဦးနှင့်  လှေနံပတ် ၇ပေါ်တွင် ဘရိတ်ကီး ဆိုသူ၃၆ ၀န်းကျင် ရှိသူတို့ ပင်လယ်ထဲတွင် အသတ်ခံရသည်ကို ကိုယ်တိုင် မြင်တွေ့ခဲ့ရကြောင်း ကိုမြင့်သူက ပြောသည်။

 ဒီလူသတ်မှုဖြစ်စဉ် အားလုံးတို့သည် လှေပိုင်ရှင် တစ်ဦး၏ လှေပေါ်မှ အဖြစ်အပျက်များဖြစ်ကြပါသည်။

         ချောင်းစမေးစံ ငါးဖမ်းလှေဆိပ် ၂ခွတံတား မြင့်သူနှင့် အောင်ပိုင် လှေပါတ်  ၂၅တွင် အလုပ်လုပ်ခဲ့ပြီး  ရဲမြတ်ဇော် လှေနံပါတ် ၁တွင်အလုပ်လုပ်ခဲ့ကြသူများဖြစ်ကြပါသည်။

         MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က “ဒီဖြဖြစ်က လူကုန်ကူးမှု၊လူသတ်မှု၊ မူးယစ်ဆေးဝါးမှု ဆိုတာ အမှုကြီးတွေပဲဖြစ်တယ်။ ဒီအမှုကြီးတွေကို ဖြေရှင်းဖို့ဆိုတာ ဘန်ကောက်မြန်မာသံရုံးမှာ မြန်မာလူကုန်တားရဲ၊ ရာဇ၀တ်မှုခင်းရဲတွေ တာဝန်ထမ်းဆောင်နေမှ ဒီလိုအမှုတွေကို ထိုင်းအာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင် ရွက် နိုင်မှာ ဖြစ်ပါတယ်။ ငါးဖမ်းလှေဆိုင်းတိုင်းလိုလိုမှာ ဒါမျိုးတွေပါ။ ဒီလိုအမှုမျိုးကို ကူညီဖို့ အတွက် ဘန်ကောက် မြန်မာသံရုံးမှာ NLD အစိုးရအနေနဲ့ အမြန်ဆုံးပြင်ဆင်ထားစေချင်ပါတယ်” ဟုပြောသည်။

     ပြန်လည်လွတ်မြောက်လာသည့်အလုပ်သမား ၃ဦးစလုံးတို့တွင် ပန်းရောင်ဘတ်ကဒ်ကိုင် ဆောင်ထားကြပါ သည်။ ၎င်းတို့ အလုပ်ဆက်လက်လုပ်ကိုင်နိုင်ရေးအတွက် မြန်မာသံရုံးကို ဆက်သွယ်အကူညီတောင်းခံ သွား မည်ဖြစ်ကြောင်း MAT အဖွဲ့ကပြောသည်။

MAT အဖွဲ့သည် ၂၀၁၆ ခု ၆လအတွင်း လူကုန်ကူးမှုပေါင်း ၂၁ ကြိမ် အောင်မြင်မှုတွင် လူကုန်ကူးခံရသူပေါင်း ၃၀၃ ဦးကို ကယ်ထုတ်နိုင်ခဲ့ပြီးဖြစ်ပါသည်။  ယခင်စါရင်းဇယားများအရ ယခု၆ လအတွင်း ကယ်
ထုတ်နိုင်မှုများမှာ ယခင်တစ်နှစ်ပတ်လုံးကယ်ထုတ်မှုများထက် လူဦးရေပိုမိုများပြားနေသဖြင့် လူကုန်ကူးမှု
ပိုမိုဖြစ်ပေါ်နေသည်ဟု သုံးသပ်နိုင်ပါသည်။