17 October 2015

“မဲစါရင်းအမှားအယွင်းများရှိသော်လည်းဘန်ကောက်ကြိုတင်မဲပေးခြင်းအဆင်ပြေဟုဆို”

၂၀၁၅ အောက်တိုဘာ ၁၇
ဆန်းဦး

        ထိုင်းနိုင်ငံဘန်ကောက်တွင် ကြိုတင်ပေးရခြင်းများအဆင်ပြေသော်လည်း အမှားအယွင်းများရှိကြောင်း မဲပေးခွင့်ရသူအချို့ကပြောသည်။

  ယနေ့နံနက်၉နာရီကတည်းက မြန်မာသံရုံးရှေ့တွင် လူပေါင်း ခြောက်ဆယ်ခန့်ပြည့်နေပြီး ကြိုတင်မဲပေးခွင့်ရရှိသူများ တဖွဲဖွဲလာရောက် တန်းစီနေကြကြောင်း မဲပေးရသူ ပုပ္ပါးနယ်မှ မရီရီဦး ကပြောသည်။ သူမသည် ဘန်ကောက်  အခြေစိုက် နိုင်ငံခြားကုမ္ပဏီတွင် အလုပ်လုပ်ကိုင်သူတစ်ဦးဖြစ်သည်။

           သူမ က“ ကျမတို့ မဲပေးရတာတော့အဆင်ပြေပါတယ်။ ကျမ ကတော့ NLD ကိုထည့်တယ်။ ကျမရှေ့က ၈ ယောက်မြောက် ထားဝယ်တိုင်းရင်းသား အလုပ်သမားတစ်ယောက်တော့ပြဿ     နာတက်တယ်။ ဘယ်လို တက် လည်းဆိုတော့ မဲပေးခွင့်စါရင်းထဲမှာပါလို့ လက်မှတ်တွေ ပါတွေအကုန်ထိုးပြီးပြီ။ မဲလက်မှတ်ထုတ်တဲ့ အခါ ပါမလာဘူးဆိုပြီးဖြစ်တာ။ ထားဝယ်ကောင်လေးကပြောတယ်။ မဲပေးချင်လို့လာခဲ့တာ၊ မဲလက်မှတ်ထုတ်မှ မပါဘူးဆိုတော့ ကျနော် စရိတ်လည်းကုန်အချိန်လည်းကုန်တာပေါ့ ဆိုပြီး ပြောသွားလေရဲ့” ဟုပြောသည်။

        နိုင်ငံတကာအဆင့်မြင့်နည်းပညာ ကုမ္ပဏီ တစ်ခုတွင် အလုပ်လုပ်ကိုင်နေသော ကွန်ပျူတာပညာရှင်လူငယ်တစ်ဦးက “ ကျနော့်ရန်ကုန်လိပ်စာတွေလွဲနေလို့ ၀ိုင်းဖြေရှင်းကြရတယ်။ မဲထည့်ခွင့်တော့ရခဲ့တယ်။ အဆင်ပြေပါတယ်။ အဲ စိတ်မကောင်းတာတစ်ခုက  ရန်ကုန်တိုင်း သံလျှင်မြို့နယ်က  ဆန္ဒမဲပြားတွေ မရောက်လို့ အဲဒီကလူတွေမဲမထည့်ကြရဘူး”ဟုပြောသည်။

        
   မိမိတို့ သဘောကျသည့်ပါတီနှင့်ကိုယ်စားလှယ်များကို လျှို့ဝှက်စနစ်ဖြင့် မဲထည့်ပြီး မိမိကိုယ်တိုင် စာအိပ်ပိတ်ပြီး ထည့်လိုက်ရသော်လည်း ၎င်းတို့ထည့်လိုက်သည့်မဲကို လက်ခံမည့်သူများမှာ မည်သူများ ဖြစ်ပြီး၊မည်သူများစောင့်ကြည့်မည်ဟု ယခု ရွေးကောက်ပွဲကော်မရှင်၏ လုပ်ထုံးလုပ်နည်းတွင်မပါဝင်သဖြင့် မိမိပေးလိုက်သည့်မဲပြား မည်သို့ဖြစ်သွားမည်ကိုမသိသဖြင့် စိတ်မချကြောင်း  ထိုင်းတက္ကသိုလ်တွင် တက်ရောက်သင်ကြားနေသော မြန်မာကျောင်းသားတစ်ဦး ကပြောသည်။

      ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဝင်းမောင် က“မဲထည့်တဲ့အခါ  ဒီမိုကရေစီစနစ်ကိုဦးတည်သွား နေတာပါ။ ထိုင်းမှာရှိတဲ့ မြန်မာမဲဆန္ဒရှင်တွေကို  သံရုံးတွေထဲမှာ ကျနော် ၅လ လောက်ကတည်းက ကြေညာ ထားပါတယ်။ သူတို့လုပ်ငန်းအပေါ်မှာ အားစိုက်လုပ်နေကြတာကတစ်ပိုင်း၊ ထိုင်းနိုင်ငံရဲ့လုံခြုံရေး အရ တစ်နေ ရာက တစ်နေရာကိုသွားခွင့်ပိတ်ပင်ထားတာရှိပါတယ်။ အဲဒီလိုသတ်မှတ်ထားတာရှိတာကြောင့် မဲပေးခွင့် ဆုံးရှုံး သွားတာတွေရှိပါတယ်။ အဲဒီအတွက် ကျနော်စိတ်မကောင်းဘူး။ ဒီမှာမပါလို့ မြန်မာပြည်ပြန်ပြီး မဲထည့်ချင် တယ် ဆိုရင် ကျနော် ထောက်ခံစာ လုပ်ပေးမှာဖြစ်ပါတယ်” ဟုပြောသည်။

         မြန်မာသံရုံး၏ ထုတ်ပြန်ကြေညာချက်အရ ထိုင်းနိုင်ငံတွင်မဲပေးခွင့်ရှိသူဦးရေ ၅၆၁ ဦး ရှိကြောင်းသိရသည်။ သို့ဖြစ်၍ သန်းချီရှိသည့် ရွှေ့ပြောင်းအလုပ်သမားများမှာမူ မဲပေးခွင့်ဆုံးရှုံးခဲ့ကြရပါသည်။

      ထိုင်းအပါဝင် နိုင်ငံတကာသို့ရောက်ရှိနေကြသော မြန်မာများ မဲပေးခြင်းလုပ်ငန်းစဉ်ကို မှန်ကန်တိကျအောင် လုပ်ထားတဲ့ပုံစံမဟုတ်ပဲ မဲပေးခွင့်ဆုံးရှုံးအောင်နဲ့ မဲဆန္ဒရင်တွေစိတ်ပျက်အောင်နှင့် ရှုတ်ထွေး ခက်ခဲအောင် စနစ်တကျ ပြင်ဆင်ထားသကဲ့သို့ဖြစ်နေကြောင်း ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT ကသုံးသပ်သည်။