22 October 2015

“လူကုန်ကူးခံရသူလက်ကျန်၈ဦး ယနေပြန်ပြီ”

                         
၂၀၁၅ ခု အောက်တိုဘာ ၂၂
မင်းရန်နိုင်

              ခြုံဖေါ်နယ်မြေ တောထဲတွင် လူကုန်ကူးခံရသူများစွန့်ပစ်ခဲ့မှုကြောင့် ဖမ်းဆီးခံခဲ့ရသူများထဲမှ ခြုံဖေါ် ရဲစခန်းအတွင်း ၆လနေထိုင်ခဲ့ကြရသည့် လူကုန်ကူးခံမြန်မာ၈ဦးတို့အား မြန်မာပြည်သို့ ယနေ့ပြန်လည်ပို့ ဆောင် လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။

       အမျိုးသမီး၂ဦးနှင့် အမျိုးသား ၆ဦးဖြစ်ပါသည်။ ထိုသူတို့မှာ(၁)မစမ်းသော်တာ (၂) မသဲယု  (၃)အောင်မင်းမင်း သန်း  (၄) ကျော်မျိုးထွန်း  (၅)၀င်းကိုဦး (၆) ကျော်ကိုကိုသက် (၇)ကျော်နိုင် နှင့် (၈) ယောင် ဆိုသူတို့ဖြစ်ကြပါသည်။

         ယခုလူကုန်ကူးခံကိစ္စရပ်သည်   ပြီးခဲ့သည့်မေလ ၈ ရက်နေ့က ခြုံဖေါ်မြို့နယ်တောထဲတွင် ၂၈ ယောက် ဖမ်းဆီးခံခြင်းနှင့် မေလ ၉ ရက်နေ့တွင် ၄၇ဦးဖမ်းဆီးခံခဲ့ရခြင်းကိစ္စဖြစ်ပါသည်။ မေလ၈ ရက်နေ့က မြန်မာ မိန်းကလေး ၂ ယောက်မှာ ပွဲစားများ၏အဓမ္မကျင့်ခြင်းကိုခံခဲ့ရသည်။

         ခြုံဖေါ်နယ်မြေ၌ ၂ရက်အတွင်း လူကုန်ကူးခံရသူစုစုပေါင်း၇၅  ဦးတို့အား ထိုင်းအစိုးရက အသုတ်လိုက်ခွဲ၍ မြန်မာနယ်စပ်သို့ပြန်လည်ပို့ဆောင်ပေးခဲ့သည်။ ပြီးခဲ့သည့် အောက်တိုဘာ ၅ ရက်နေ့ကလည်း ခြုံဖေါ် အချုပ် ခန်းထဲမှလူကုန်ကူးခံခဲ့ရသူ၈ဦးကို ကော့သောင်းလူ ကုန်တားတပ်ဖွဲ့စိတ်ထံသို့လွှဲပြောင်းပေးခဲ့ပြီး ယခု၈ဦးပို့ဆောင်ခြင်းမှာနောက်ဆုံးအသုတ်ဖြစ်ပါသည်။

           ထိုလူကုန်ကူးခံကြရသူများသည်  ခြုံဖေါ်ရဲစခန်းတာဝန်ရှိသူများက အပြင်ကိုထုတ်၍ ပန်းရံလုပ်ခိုင်း ခြင်း၊ ရဲအရာရှိ  အမျိုးသမီးတစ်ယောက်ပိုင်ဆိုင်သည့် ရေသန့်စက်ရုံသို့ခေါ်ယူ၍ အခကြေးငွေ တစ်ပြားတစ်ချပ် မှ မပေးပဲ အလုပ်လုပ်ခိုင်းခြင်းတို့ကို ၂လခန့်ပြုလုပ်ခဲ့ကြောင်း ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားများအဖွဲ့ MAT က သိရှိခဲ့ရသည်။ သို့ဖြစ်၍ MAT အဖွဲ့ဒါရိုက်ဦးကျော်သောင်း က အထောက်အထား များကို မြန်မာနိုင်ငံနေပြည်တော် လူကုန်ကူး မှုတား ဆီးနှိမ်နင်းရေးတပ်ဖွဲ့မှူး ရဲမှူးချုပ် ၀င်းနိုင်ထွန်း ထံသို့ တင်ပြခဲ့သည်။  ရဲမှူးချုပ်၏ ဆက်လက်ဆောင်ရွက်မှုဖြင့် စက်တင်ဘာလဆန်းကတည်းကစ၍ အလုပ်သမာများ အား အပြင်သို့ထုတ်၍ ခိုင်းစေခြင်းကိုလုံးဝရပ်တန့်ခဲ့ပါသည်။

   ကော့သောင်း လူကုန်တားသို့ ယနေ့လွှဲပြောင်းခံခဲ့ရသူဖြစ်သော ပဲခူးတိုင်း ဝေါမြို့နယ်၊ အထက်ဝိုင်းပတ်ရွာမှ မစမ်းသော်တာ က “သမီးတို့ဆီကို အန်ကယ် ဦးကျော်သောင်း တို့ လာခဲ့ကြတယ်။ သမီးတို့ ဖုန်းငါးရာတန် တစ်လုံးစုဝယ်ကြတယ်။ ဖုန်းကို လုံခြုံတဲ့နေရာ တစ်ခုမှာ သမီးတို့ဝှက်ထားတယ်။ သမီးတို့အခြေအနေတွေကို  ဦးကျော်သောင်း ကို အမြဲသတင်းပို့ပေးတယ်။ သမီးတို့ကို ကူညီပေးကြတာကို ကျေးဇူးတင်ပါတယ်။ မုန့်ဖိုး ပေးပို့တဲ့ သံအမတ်ကြီးကိုလည်း ကျေးဇူးတင်ကြောင်း ပြောပေးပါ။ သမီးတို့ပြန်ရပါပြီ” ဟု ၀မ်းမြောက်စွာဖြင့် ပြောဆို နုတ်ဆက်ခဲ့သည်။

  MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း က “ မြန်မာနိုင်ငံသားတွေဟာ ဆယ်စုနှစ်နဲ့ချီပြီးလူကုန်ကူးမှုသားကောင်း ဖြစ်နေခဲ့ကြရပြီ။ လက်ရှိမှာလည်းလူကုန်ကူးခံနေရဆဲဖြစ်သလို မြန်မာနိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်းတွေ မပေါ်ပေါက်သရွှေ့ လူကုန်ကူးခံနေကြရအုံးမှာဖြစ်ပါတယ်။ လက်ရှိ လူကုန်ကူးမှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ အတွက် မြန်မာအစိုးရလူကုန်တားတပ်ဖွဲ့က ထိုင်းနိုင်ငံမှာ အလုပ်သမားသံအရာရှိ ထားသလိုထားဖို့ အပူတပြင် လိုအပ်နေပါတယ်။ ကျနော်တို့က အစိုးရ၀န်ထမ်းမဟုတ်တော့ လုပ်ရကိုင်တာ အခက်အခဲတွေရှိပါတယ်။ အင်ဂျီ အို လည်းမဟုတ်တဲ့အတွက် စရိတ်စက အခက်အခဲ အများကြီးရှိပါတယ်။ ဒါပေမယ့်မြန်မာသံရုံးအလုပ်သမား ကူညီစောင့်ရှောက်ရေးကော်မတီအကူညီနဲ့စေတနာရှင်တချို့ရဲ့အကူညီတွေနဲ့ မြန်မာလူမျိုးတွေ လူကုန်ကူးခံရ တဲ့သတင်းကြားသိရတဲ့နေရာတိုင်းကို ကျနော်တို့ သွားရောက်ကယ်ထုတ်ပေးပါတယ်” ဟုပြောသည်။ 

          ၂၀၁၅ ခုမေလ ၁၃ ရက်နေ့က မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိဦးလှထွန်း၊ MAT အဖွဲ့မှ အကြံပေး မြန်မာရှေ့နေကြီး ဦးအောင်မျိုးသန့်နှင့် ဒါရိုက်တာ ဦးကျော်သောင်း တို့ ခြုံဖေါ်အချုပ်ခန်းသို့သွား အသက်(၁၃/၁၄နှစ်အရွယ်ရှိ) ရခိုင်လူမျိုးကလေး၅ဦးနှင့်ထိုင်းလူကုန်ကူးဂိုဏ်းသားတို့ရိုက်နှက် သတ်ဖြတ်ခြင်း ခံရပြီးနာ မကျန်းဖြစ်နေသော အခြားအလုပ်သမား၁ဦး အဓမ္မပြုကျင့်ခံရသူအမျိုးသမီး၂ဦးပေါင်း၈ဦးတို့အား မြန်မာနိုင်ငံသို အလျင်အမြန်ပြန်ပို့ပေးပါရန် ထိုင်းရဲအရာရှိအား  မြန်မာသံရုံးအလုပ်သမားကူညီ စောင့်ရှောက်ရေးကော်မတီမှ မေတ္တာရပ်ခံခဲ့ပါသည်။

            ခြုံဖွန်ရဲစခန်းအချုပ်ထဲတွင်ရှိသော လူကုန်ကူးခံရသော မြန်မာနိုင်ငံသား၅၁ ဦးအား ဘန်ကောက်မြို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဝင်းမောင်က တစ်ဦးလျှင် ဘတ်ငွေ ၁၀၀ စီကူညီထောက်ပံ့ခဲ့သည်။