21 October 2015

“DSIနှင့်မြန်မာအလုပ်သမားကူညီစောင့်ရေးကော်မတီတို့ လူကုန်ကူးခံရသူ၁၂ဦးအားကယ်တင်”

၂၀၁၅ အောက်တိုဘာ ၂၁ 
တီးဦးမောင်

         ဆယ်စုနှစ်နှင့်ချီ၍ မလေးရှားနယ်စပ် ကတန်ငါးဖမ်းလှေဆိပ်တွင် ရောင်းစားခံနေရခဲ့ရသည့် မြန်မာ အလုပ်သမား ၁၂ဦးတို့အား ထိုင်းအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေးအထူးထောက်လှမ်းရေးDSI နှင့် မြန်မာ သံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီက ယမန်နေ့ညဥ့်က ကယ်ထုတ်နိုင်လိုက်သည်။

        ဘန်ကောက်မြို့တောင်ဘက် ကီလိုမီတာ ၈၆၄ ခန့်အကွာ ထိုင်းနိုင်ငံတောင် ဘက်အစွန်မလေးရှား နယ်စပ် တရန်ပြည်နယ်၊ ကတန်မြို့ ငါးဖမ်းလှေဆိပ်တွင် ဆယ်စုနှစ်နှင့်ချီ၍ လူကုန်ကူးခံနေခဲ့ရသူများအား ငါးဖမ်းလှေ၎စီးပေါ်မှ မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ဝင် MAT အဖွဲ့တို့ နှင့်  ဒေသခံအာ ဏာပိုင်များ ပူးပေါင်း၍ ယမန်နေ့ညဥ့် ကကယ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။

        အလွန်ကြမ်းကြုတ်ရက်စက်သည့် လှေဆိပ်တစ်ခုဖြစ်သော ဖယ်ကိုကာလှေဆိပ်မှ လှေအမှတ် (၆) လှေ အမှတ်(၁၉) လှေအမှတ်(၃၄) နှင့် ၀န်နစ်လှေတို့တွင် ဆယ်စုနှင့်ချီ၍ ရောင်းစားခံနေကြရသူများပါဝင်ပါသည်။ လွတ်မြောက်လာသူများမှာ  ကတန်ငါးဖမ်းလှေဆိပ်တွင် ဖယ်ကိုကာဝန်နစ်လှေ၂မှ (ဦးငွေကြည်၊ ကိုရန်ကုန်၊၊ ကတုံး) ဖယ်ကိုကာ ၁၉ မှ (ရဲလင်းအောင်) ဖယ်ကိုကာ ၃၄ မှ (ဆန်နီ(ခ)ကုလား၊ အာဇာနည်(ခ)ထွန်းထွန်းဝင်း၊ ဇေါ်ဦး) ဖယ်ကိုကာ ၆မှ အသန်း(ခ) ကျားကြီး၊ ပိုင်ပိုင်(ခ) ဆံရှည်၊ ဇေါ်မင်းလတ်၊ ကိုထွေး၊ ဇေါ်မင်းထွတ် တို့ ဖြစ်ကြပါသည်။

          ကတန်လှေဆိပ်တွင် ၁၀ နှစ်ကြာ လှေပေါ်တွင်အလုပ်လုပ်နေရသည့်  ဧရာဝတီတိုင်း ငပုတောမြို့နယ်၊ ဖိုးချွန်တော်ကျေးရွာမှ  (ဦးငွေထွန်း+ဒေါ်ပုန်းကြည့်) တို့၏ သား  အသက် ၄၆နှစ်အရွယ် ဦးငွေကြည် တွင် ဇနီးမလှမြိုင်နှင့် သမီးတစ်ဦးရှိသူဖြစ်သည်။ သူသည်  လူသတ်နှင့် လူကုန်ကူးဂိုဏ်းခေါင်းဆောင် ထိုင်း အမျိုးသမီး…………ထံတွင်ပင် ၇နှစ်လုပ်အားခမရပဲအလုပ်လုပ်ခဲ့ရသည်ဟုဆိုသည်။

      MAT အဖွဲ့နှင့် DSI တို့သည် KANTAN.3 ဟု လုပ်ငန်းခေါင်းစဉ်တပ်၍ လအတန်ကြာ ပူးပေါင်းဆောင်ရွက် ခဲ့ကြခြင်းဖြစ်သည်။ သတင်းအချက်အလက်များ အထောက်အထားများရရှိပြီးနောက် ကတန်ငါးဖမ်း လှေဆိပ် တွင် ၁၅ နှစ်ကြာ ရောင်းစားခံခဲ့ရသည့် ကုလား(ခ) ကျော်သူနှင့် ၃နှစ်ကျော်ကြာ ရောင်းစားခံနေခဲ့ရသည့် ကိုရန်နိုင် တို့အား မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီ၏ ကူညီမှုဖြင့် MAT က ကယ် ထုတ်၍ MAT ရုံးတွင် လနှင့်ချီ၍ ကျွေးမွေးစောင့်ရှောက်ထားခဲ့သည်။

            ၎င်းတို့ ၂ဦး၏ ထွက်ဆိုချက်များမှာ ကတန်လှေဆိပ်တွင် နှစ်ပေါင်းများစွာ လူကုန်ကူး၊လူသတ်၊စိတ်ကြွ ဆေးဖြန့်ဖြူးသည့် ဒုစရိုက်ဂိုဏ်းသားများ၏ အချက်အလက်များနှင့် ဓါတ်ပုံအချက်အလက်များစွာတို့ကိုပါရရှိခဲ့ ကြပါသည်။ သို့ဖြစ်၍ ထိုင်းအစိုးရလူကုန်ကူးမှုအထူးထောက်လှမ်းရေးအကြီးအကဲ Pol.Lt.Co. Mr.Komvich Padhanarath Chief of Prevention and  Suppression Div. 1 Anti-Human Trafficking Center , Department of Special Investigation , Ministry of Justice ဦးဆောင်၍ MAT အဖွဲ့သား၎ဦးတို့သည် ၁၈၊ ၁၀၊ ၂၀၁၅ နေ့က တရန်မြို့သို့ ထွက်ခွာသွားခဲ့ကြပါသည်။ 


          ၁၉ ရက်နှင့်၂၀ ရက်တို့တွင် ဘန်ကောက်ဗဟိုအထူးထောက်လှမ်းရေးအကြီးအကဲနှင့် တရန်ပြည်နယ် ရဲအရာရှိကြီး များဖြင့်  အချက်အလက်များအား အသေးစိတ်စုစည်းကြခြင်း၊ MAT အဖွဲ့နှင့် တပြိုင်တည်း ခေါ်ဆောင်သွားခဲ့ သည့်  ကိုရန်နိုင်နှင့် ကုလား(ခ) ကျော်သူ တို့ မျက်မြင်ဖြစ်သော လူကုန်ကူးဂိုဏ်းများ၏ လူသတ်မှု၊ ရိုက်နှက်မှု၊ စိတ်ကြွဆေးရောင်းဝယ်မှု နှင့် မတရားမှုများစွာတို့ကို အဖွဲ့ပေါင်းစုံတို့က စစ်ဆေးကြပါသည်။


    ၁၅ နှစ်တိုင်တိုင် ရောင်းစားခံခဲ့ရသူဖြစ်သော ကုလား(ခ) ကျော်သူ က “ကျနော်ကို  ပိုက်ဆရာနဲ့ ပဲ့နင်းတို့က အလုပ်တစ်ခုခု စိတ်တိုင်းမကျရင် လိပ်ကျောက်မြီးနဲ့ ကြောကုန်းကို မကြာမကြာရိုက်နှက်တာခံခဲ့ရပါတယ်။ ကျနော့်ကိုသေအောင်လုပ်ကြံတာကိုခံခဲ့ရပါတယ်။ ဓါးနဲ့ ၈ချက်အထိုးခံရပါတယ်။ လက်မောင်းကိုထုတ်ချင်း ပေါက်၊ ညာဘက်ဂျိုင်းအောက်မှာ ဒဏ်ရာတွေခုထိရှိတုန်းပါ။ ဘယ်ဘက် လက်သန်းဟာ လုံးဝပြတ်ထွက်သွား ခဲ့ပါတယ်။ ကျနော် ကောက်ဆက်ထားပါတယ်။ ကွေးလို့မရဘူး။ ပဲ့နင်းက ရေထဲကို ပစ်ချခိုင်းတာ၊ ထားဝယ် ပိုက်ဆရာက သနားလို့စက်ခန်းအနားက ထောင့်မှာထားပေးတယ်။ ဆေးကုဖို့ ကမ်းကိုလည်းကပ်မပေးဘူး။ ဆားသိပ်ပြီး ကုခဲ့ရပါတယ်” ဟုပြောသည်။

ထို့အပြင် ၎င်း၏ မျက်စိရှေ့တွင်  မြန်မာလှေသား တစ်ယောက်ကို အရှင်လတ်လတ် ဂုံနီအိပ်ထဲမှာထည့်၍ မသေမချင်း ထိုင်းပိုက်ဆရာနဲ့အဖွဲ့ဝိုင်းရိုက်သတ်ပြီး ရေထဲပစ်ချလိုက်ကြောင်းပြောသည်။ကမ်းသို့ရောက်သည့် အခါ ထိုင်းဂိုဏ်းချုပ်အမျိုးသမီးအား မြန်မာတစ်ဦးအတွက် ဘတ်လေးသောင်းစီပေးလျှော်ရကြောင်းဆက်လက် ပြောဆိုသည်။  

၃နှစ်ကျော်ကြာ အဆိုပါ ထိုင်းဂိုဏ်းချုပ် အမျိုးသမီးထံတွင် ရောင်းစားခံခဲ့ရသည့် ကိုရန်နိုင် က“ဒီအမျိုးသမီးကြီး က နေရပ်ပြန်ဖို့ လုပ်အားခတွေတောင်းခံတဲ့သူတွေကို သူကိုယ်တိုင်လည်းပစ်သတ်သလို လူသတ်ပေးတဲ့ထိုင်း တစ်ယောက်ကို လည်းအမြဲတမ်းခိုင်းစေပါတယ်။ အလောင်းကို - - - -နေရာမှာဖျောက်ပစ်ပါတယ်။ ကျနော်တို့ လက်နဲ့ထိုးပြနိုင်ပါတယ်။ အလုပ်သမားတွေ ပြည့်တန်ဆာနဲ့ပျော်ပါးမလား၊ အရက်သောက်မလား မူးယစ်ဆေး သုံးစွဲမလား၊ ကြိုက်တာလုပ်၊ အိမ်ပြန်ဖို့ ပိုက်ဆံတောင်းတဲ့သူဆိုရင် သတ်ပစ်တာပဲ။  ဒီအခြေအနေကို ကျနော် နဲ့ ရန်နိုင်တို့သက်သေ ထွက်ဆိုပါတယ်” ဟုပြောသည်။
        DSI မှ ခရီးထွက်ခွာကြရန် အကြောင်းကြားချင်း MAT အဖွဲ့သည်  မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီ၏ ထောက်ပံ့ကူညီမှုဖြင့်  ၈၆၄ ကီလိုမီတာကွာဝေးသည့် တရန်မြို့သို့ကားတစ်စီးပုတ်ပြတ်ငှါးရမ်း၍သွားခဲ့ကြသည်။

          MAT ဒါရိုက်တာ ဦးကျော်သောင်း က“ကျနော်တို့ သတင်းပို့ထားတဲ့ ငါးဖမ်း လှေ၎စီးကို ရေတပ် သင်္ဘောတွေနဲ့ဝင်စီးပါတယ်။ ဆယ်စုနဲ့ချီပြီး လူကုန်ကူးခံနေကြရသူတွေကို ကယ်ထုတ်နိုင်တဲ့အတွက်တော့ ၀မ်းသာမိပါတယ်။ ကျနော်တို့က အချက်အလက်အမှန်အကန်တွေကို ပြည့်ပြည့်စုံစုံရရှိအောင်နဲ့ မျက်မြင် သက်သေရရှိအောင် အတော်ပင်ပန်းပါတယ်။ အချိန်ယူရပါတယ်။ငွေသုံးရပါတယ်။ ဂိုဏ်းခေါင်းဆောင်တွေကို အရေးဘယ်တော့ယူမလဲဆိုတာတော့ ကျနော်တို့မသိရသေးပါဘူး။ လူကုန်ကူးခံရတဲ့မြန်မာတွေကို ကျနော်တို့
ကတော့ သတင်းရသမျှ ထိုင်းနဲ့မြန်မာလူကုန်ကူးမှုတိုက်ဖျက်ရေးတပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီးကယ်ထုတ်ပေးပါတယ်” ဟု ပြောသည်။

       သက်သေ၂ဦးဖြစ်သော ကိုရန်နိုင်နှင့် ကုလား(ခ) ကျော်သူတို့ကို တရန်ပြည်နယ်၊ ရဲအရာရှိက သင့်တော် သည့်နေရာတစ်ခုတွင်စောင့်ရှောက်ထားပြီး ယမန်နေ့က ကယ်ထုတ်နိုင်ခဲ့သည့် အလုပ်သမား၁၂ဦးကိုဘန်ကော က် အခြေစိုက် နိုင်ငံတကာအင်ဂျီအိုအဖွဲ့တစ်ခုကလာရောက်ခေါ်ဆောင်သွားပြီး ဆုံခလာ ကယ်ဆယ်ရေးစခန်း တွင် ထားရှိမည်ဟုသိရှိရသည်။


          ကယ်ဆယ်ရေးစခန်းထဲသို့ ရောက်ရှိသွားကြသည့် လူကုန်ကူးခံခဲ့ကြရသည့် မြန်မာများသည် ထိုင်း အစိုးရလူကုန်ကူးမှုလုပ်ငန်းစဉ်အရ  အနည်းဆုံး ၆လမှ တစ်နှစ်ကျော်အထိကြာမြင့်တတ်သဖြင့် လူကုန်ကူးခံ ခဲ့ကြရသည့် မြန်မာများမှာ ရေနွေးပူအိုးမှ ဆီပူအိုးသို့  ပြန်ထည့်ခံရသလိုခံစားကြရကြောင်း ပြောကြသည်။ 

          သို့ဖြစ်၍ လူကုန်ကူးခံခဲ့ကြရသူအချို့သည် ကယ်ဆယ်ရေးစခန်းထဲမှ မကြာခဏထွက်ပြေးလေ့ရှိကြသည်။ အထူးသဖြင့် နှစ်ပေါင်းများစွာလူကုန်ကူးခံခဲ့ကြရသူများ၏ ရသင့်ရထိုက်သည့်လုပ်အားခများကို ပြန်လည်ရရှိ အောင် ထိုင်းနှင့် မြန်မာအစိုးရလူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့တို့က စနစ်တကျ ဆောင်ရွက်ပေးသင့် ပါသည်။ လူကုန်ကူးမှုကိုကျူးလွန်ကြသူများကိုလည်း ပြင်းပြင်ထန်ထန်အရေးယူသင့်ကြောင်း MAT အဖွဲ့က အကြံပြုပြောဆိုသည်။

          MAT အဖွဲ့သည်ထိုင်းနှင့်မြန်မာအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့များနှင့်ပူးပေါင်း၍ ၂၀၁၁ ခုနှစ်တွင်လူကုန်ကူးခံရသူပေါင်း ၅၀ဦး၊ ၂၀၁၂ ခုနှစ်တွင် ၂၉၂ဦး၊၂၀၁၃ ခုနှစ်တွင် ၂၆၄ဦး၊ ၂၀၁၄ ခုနှစ်တွင် ၁၂၀ဦးနှင့် ၂၀၁၅ခုနှစ်တွင် ယခုအကြိမ်အပါအ၀င် ၂၂ ကြိမ် ကယ်တင်မှုတွင် ၁၇၁ ဦးတို့ အား ကယ်ထုတ်နိုင်ခဲ့ပြီးလူကုန်ကူးသူပေါင်း ၁၀ဦးကိုဖမ်းဆီးနိုင်ခဲ့ပါသည်။