03 October 2015

“လူကုန်ကူးခံရသူ၈ဦး အိမ်မပြန်ရသေးသဖြင့် ရဲစခန်းထဲတွင်ငို”

                         
၂၀၁၅ ခု အောက်တိုဘာ ၃      မင်းရန်နိုင်



      ခြုံဖေါ်ရဲစခန်းအတွင်းလအတန်ကြာနေထိုင်ခဲ့ကြရသည့် လူကုန်ကူးခံမြန်မာအချို့အားယမန်နေ့ ကပြန် လည်ပို့ဆောင်ပြီး ၈ဦးကျန်နေခဲ့ရသဖြင့် စိတ်ထိခိုက်၍ ငိုကြွေးနေကြကြောင်းသိရှိရသည်။

ကျန်နေခဲ့ရသူများမှာ အမျိုးသမီး၂ဦးနှင့် အမျိုးသား ၆ဦးဖြစ်ပါသည်။ ထိုသူတို့မှာ (၁)မစမ်းသော်တာ (၂) စန္ဒာဝင်း (၃)အောင်မင်းမင်းသန်း  (၄) ကျော်မျိုးထွန်း  (၅)၀င်းကိုဦး (၆) ကျော်ကိုကိုသက် (၇)ကျော်နိုင် နှင့် (၈) ယောင် ဆိုသူတိုဖြစ်ကြပါသည်။

          ယခုလူကုန်ကူးခံကိစ္စရပ်သည် ပြီးခဲ့သည့် ပြီးခဲ့သည့်မေလ ၈ ရက်နေ့က ခြုံဖေါ်မြို့နယ်တောထဲတွင် ၂၈ ယောက်ဖမ်းဆီးခံခြင်းနှင့် မေလ ၉ ရက်နေ့တွင် ၄၇ဦးဖမ်းဆီးခံခဲ့ရခြင်းကိစ္စဖြစ်ပါသည်။ မေလ၈ရက်နေ့ က မြန်မာ မိန်းကလေး ၂ ယောက်မှာ ပွဲစားများ၏အဓမ္မကျင့်ခြင်းကိုခံခဲ့ရသည်။ ခြုံဖေါ်ရဲစခန်းအချုပ်ခန်းထဲ တွင်ကျန်နေခဲ့ရသည့် မစမ်းသော်တာ ဆိုသူမှာ အပျိုစင်တစ်ဦးဖြစ်ပြီး မစန္ဒာဝင်း ဆိုသူမှာ ထိုင်းပွဲစားများ အဓမ္မပြုကျင့်ခြင်းကိုခံခဲ့ရသူဖြစ်သည်။

မစန္ဒာဝင်း က“ဦးရယ်၊ သမီးဟာ အဓမ္မလည်းပြုကျင့်ခံရတယ်။ ရဲစခန်းမှာ အဖမ်းခံနေရတာလည်း ၅လရှိပြီ။ အခြားလူ တွေကို ပြန်လွှတ်လိုက်ပေမယ့် သမီးတို့နေခဲ့ရသေးတယ်။ မစမ်းသော်တာ ဆိုတာလည်း အဖေ ကျမ္မာရေး မကောင်းလို့ ဆေးကုသပေးချင်လို့ တက်လာတာ။ သူ့အဖေ သေမှန်းမသိရှင်းမှန်းမသိ၊ သမီး တို့ကို လာခေါ် ထုတ်ပေးပါလားဦးရယ်” ဟု ငိုရှိုက်ရင်းပြောချာသည်။
ထိုအလုပ်သမားများအား ခြုံဖေါ်ရဲစခန်းတာဝန်ရှိသူများက အပြင်ကိုထုတ်၍ ပန်းရံလုပ်ခိုင်းခြင်း၊ ရဲအရာရှိ  အမျိုးသမီးတစ်ယောက်ပိုင်ဆိုင်သည့် ရေသန့်စက်ရုံသို့ခေါ်ယူ၍ အခကြေးငွေ တစ်ပြားတစ်ချပ်မှ မပေးပဲ အလုပ်လုပ်ခိုင်းခြင်းတို့ကို ၂လခန့်ပြုလုပ်ခဲ့ကြောင်း ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံ သားများအဖွဲ့MAT က သိရှိခဲ့ရသည်။ သို့ဖြစ်၍ MAT အဖွဲ့က မြန်မာနိုင်ငံ နေပြည်တော် လူကုန်ကူးမှုတား ဆီးနှိမ်နင်းရေးတပ်ဖွဲ့မှူး ရဲမှူးချုပ် ၀င်းနိုင်ထွန်း ထံသို့ အထောက်အထားများဖြင့် တင်ပြခဲ့သည်။


          ရဲမှူးချုပ်၏ ဆက်လက်ဆောင်ရွက်မှုဖြင့် စက်တင်ဘာလဆန်းကတည်းကစ၍ အလုပ်သမာများအား အပြင်သို့ထုတ်၍ ခိုင်းစေခြင်းမပြုတော့ကြောင်း သိရှိရသည်။ သို့ရာတွင် အချုပ်ခန်းထဲတွင် နေကြရသည့် လူကုန်ကူးခံမြန်မာအလုပ်သများမှာ ထိုင်းရဲများ၏ ဆူငေါက်ခြင်းနှင့် စောင့်ကြည့်ခြင်းကိုခံနေကြရကြောင်း  ပြန်လည်လွတ်မြောက်လာသည့် ခြုံဖေါ် ပါနန်းကြီးတွင်နေထိုင်သည့် ထားဝယ်နယ်မှ အမျိုးသမီးတစ်ဦး ကပြောသည်။


MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း က “လူကုန်ကူးမှုလုပ်ငန်းစဉ်တွေမှာ အားနည်းချက်တွေအများကြီးပါပဲ ။
 မြန်မာနိုင်ငံသားတွေကိုယ့်ကိုကိုယ် လူကုန်ကူးမခံရအောင် အစစအရာရာ သတိထားကြရပါမယ်။ လူကုန်ကူးခံပြီး၊ ပွဲစားတွေရောင်းစားလို့ခံရရင်လည်း လောကငရဲခံရပြီ၊  ထိုင်းပုလိပ်တွေဖမ်းမိလို့ လူကုန်ကူးမှုနဲ့ ရဲစခန်းမှာ အချုပ်ခံရ၊ ကယ်ဆယ်ရေးစခန်းထဲမှာနေရ၊ သူတို့လွှတ်မှပြန်လွတ်တဲ့ဘ၀၊ ဆိုတာသိထားဖို့လိုပါတယ်။ ကုလ သမဂ္ဂကရော၊ နိုင်ငံတကာအိုင်အင်ဂျီအိုတွေရော၊ အင်ဂျီအိုတွေပါ အကူညီတောင်းခံကြည့်ပါ။ သူတို့ ဘယ်လို လူကုန်ကူးမှုတိုက်ဖျက်နေကြသလဲဆိုတာသိပါလိမ့်မယ်” ဟုပြောသည်။

   

            ၂၀၁၅ ခုမေလ ၁၃ ရက်နေ့က မြန်မာသံရုံးမှ အလုပ်သမားသံအရာရှိဦးလှထွန်း၊ MAT အဖွဲ့မှ ဥပဒေအကြံပေး မြန်မာရှေ့နေကြီး ဦးအောင်မျိုးသန့်နှင့် ဒါရိုက်တာ ဦးကျော်သောင်း တို့ ခြုံဖေါ်အချုပ်ခန်း သို့သွား ရောက်ခဲ့ကြစဉ်ကအသက်(၁၃/၁၄နှစ်အရွယ်ရှိ) ရခိုင်လူမျိုးကလေး၅ဦးနှင့် ထိုင်းလူကုန်ကူး ဂိုဏ်းသားတို့ရိုက်နက် သတ်ဖြတ်ခြင်းခံရပြီးနာမကျန်းဖြစ်နေသော အခြားအလုပ်သမား၁ဦးနှင့်အဓမ္မပြု ကျင့် ခံရသူအမျိုး သမီး၂ဦး စုစုပေါင်း၈ဦး တို့အားမြန်မာနိုင်ငံ သို့အလျင်အမြန်ပြန် ပို့ပေးပါရန်ထိုင်းရဲအရာရှိအား  မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီမှ မေတ္တာရပ်ခံခဲ့ပါသည်။

ဦးအောင်မျိုးသန့်က “ကလေးတွေကို ပြန်ပို့မယ်လို့ကြားလို့ မြန်မာသံရုံးကိုတော့ အချိန်မီသတင်း ပို့ထားခဲ့ ပါ တယ်၊ လူကုန်ကူးမှုတွေက အယင်ကထက်ပိုများလာတယ်။ မြန်မာသံရုံးက စီမံချက်ချပြီး ဂရုတစိုက် လုပ်သင့်ပါတယ်။ လူတွေကလည်းများလာတောအခြား ပြဿ     နာတွေကလည်းများလာတယ်လေ” ဟုပြော သည်။

 မြန်မာ အလုပ်သမားများသည်ထိုင်းနိုင်ငံအတွင်း၌ နေ့တဓူဝ အသတ်ဖြတ်ခံခြင်း၊ လူကုန်ကူးခံရခြင်း၊ အနိုင်ကျင့်ခံရခြင်း များနေ့စဉ်ဖြစ်ပေါ်လျှက်ရှိပါသည်။ မြန်မာသံရုံးသည် မြန်မာအစိုးရကို ကိုယ်စားပြုသည် ဆိုသော်လည်း၊ ထိုမျှများပြားသည့်ပြဿနာများနှင့် လူကုန်ကူးမှုကိစ္စများကို နိုင်နင်းစွာဆောင်ရွက်ခြင်းမရှိချေ။ ထိုင်းနိုင်ငံတွင်တရားဝင်သုံးသန်းကျော်ခန့်ရှိနေသည့် မြန်မာအလုပ်သမားများ၏ကိစ္စရပ်ကို မြန်မာအစိုးရ အနေ ဖြင့် ယခုအနေအထားအတိုင်းထား၍ မဖြစ်နိုင်တော့ကြောင်းသိသင့်ပါသည်။    

 မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီအဖွဲ့ဝင် ဦးကျော်သောင်းကကျနော်တို့ သွားခဲ့ရတုန်း က အဓမ္မပြုကျင့်ခံရတဲ့ မိန်းကလေး ၂ယောက်ကို မလိုလားအပ်တဲ့  ကိုယ်ဝန်ရှိတာမျိုး HIV ရောဂါကူးစက်ခံရတာမျိုး မဖြစ်အောင် ဆေးတိုက်ကျွေးနိုင်အောင် ပြင်ဆင်နိုင်ခဲ့တာ ဒီကလေး မလေးတွေအတွက် သိပ်ကံကောင်းပါတယ်” ဟုပြောသည်။

 ယခုလူကုန်ကူးမှုနှုင့်ပတ်သက်၍ ခြုံဖွန်ရွာသူကြီးကိုဖမ်းဆီးထားကြောင်းလည်း ထိုင်းမန်နေဂျာအွန်လိုင်းနှင့် ထိုင်းသတင်းများတွင်ထုတ်လွှင့်ခဲ့ကြပါသည်။
ခြုံဖွန်ရဲစခန်းအချုပ်ထဲတွင်ရှိသော လူကုန်ကူးခံရသော မြန်မာနိုင်ငံသား၅၁ဦးအား ဘန်ကောက်မြို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးဝင်းမောင်က တစ်ဦးလျှင် ဘတ်ငွေ ၁၀၀စီကူညီထောက်ပံ့ခဲ့သည်။

            ထိုင်းနှင့်မြန်မာအစိုးရတို့သည် လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်များကိုအတူတကွ ပူးပေါင်း လုပ်ဆောင်ကြသည်ဟုဆိုသော်လည်း  လူကုန်ကူးခံရသည့် အလုပ်သမားများအားပြန်လည် ပို့ဆောင် သည့်အခါ လူကုန်တားကပြန်လည်ပို့ဆောင်ခြင်းမဟုတ်ပဲ ဖမ်းဆီးချုပ်နှောင်ရာ နယ်မြေ မှ လ၀က အစီအ စဉ်ဖြင့် ပို့ဆောင်ကြသည်။ သို့ဖြစ်၍ ယခုပြန်လည်ပို့ဆောင်ခံရသည့် လူကုန်ကူးခံမြန်မာအလုပ်သမားများ၏ အခြေအနေမှာ အထူးစိုးရိမ်းစရာဖြစ်သည်။

          ယမန်နေ့ကပို့ဆောင်လိုက်သည့် မြန်မာအလုပ်သမားအရေအတွက်မှာ မည်ရွှေ့မည်မျှ၊မည်သူမည်ဝါ ဆိုသည်တို့ကို ဘန်ကောက်မြန်မာသံရုံးလည်းသိနိုင်မည်မဟုတ်သလို နေပြည်တော် လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး တပ်ဖွဲ့ကလည်းသိရှိလိမ့်မည်မဟုတ်ကြောင်း MAT အဖွဲ့က သုံးသပ်သည်။



         ၂၀၁၅ ခုနှစ် တွင်အမေရိကန်အစိုးရကထုတ်ပြန်သော လူကုန်ကူးမှုအဆိုးဝါးဆုံးစါရင်းTier 3 တွင် ထိုင်းနိုင်ငံပါဝင်ပြီး မြန်မာနိုင်ငံမှာTier-2 Watch စောင့်ကြည့်အဆင့်တွင်ဆက်လက်တည်ရှိနေဆဲဖြစ်သည်။