17 October 2015

“မျက်လုံးကိုပျောက်အောင်ကုမပေးပဲအလုပ်ဆင်းခိုင်းလို့အခက်ကြုံနေတဲ့MOUအလုပ်သမား”

       
၂၀၁၅ အောက်တိုဘာ ၁၇
စောမောင်


 ဆောက်လုပ်ရေးလုပ်ငန်းခွင်အတွင်း မျက်လုံးထိခိုက်သွားသည့် ကောင်းမြတ်စံသူအေဂျင်စီဖြင့်လာသည့် အလုပ်သမားတစ်ဦးအား ပျောက်ကင်းအောင် ဆေးဝါးကုသမှုမခံရသေးပဲ အတင်းအဓမ္မအလုပ် ဆင်းခိုင်းနေကြောင်းသိရှိရသည်။

   
   မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်၊ လိပ်တိုက်အုပ်စု၊ လိပ်တိုက်ကျေးရွာမှ  ဦးမြင့်ကြည်+ ဒေါ်တင်ရွှေ တို့၏သား အသက် ၂၅ နှစ်အရွယ် ကိုကြည်တိုး သည် ကောင်းမြတ်စံသူ အေဂျင်စီအား ကျပ်ငွေ ၃၉၀,၀၀၀ ပေးသွင်း၍ ၂၀၁၃ ခု ဒီဇင်ဘာလက ထိုင်းသို့လာခဲ့သည်။


             ကိုကြည်တိုးသည် ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီ နယ်မြေ ရေသန့်စက်ရုံ ဆောက်လုပ်ရေး လုပ်ငန်းခွင်တွင် ၁၈၊ ၉၊ ၂၀၁၅  နေ့ နံနက် ၈နာရီခွဲ အချိန်ခန့်တွင် သံချောင်းခိုက်မိ၍ ဘယ်မျက်လုံး ဒဏ်ရာရရှိခဲ့သည်။ ဒဏ်ရာရရှိခဲ့သည့်နေ့မှစ၍ ၁၅၊ ၁၀၊ ၂၀၁၅ အထိ နေ့တွက်လုပ်အား ခပေးခဲ့သော် လည်း ၁၆၊၁၀၊ ၂၀၁၅ နေ့မှ စ၍ အလုပ်မဆင်းလျှင် လုပ်အားခမပေးနိုင်တော့ ကြောင်း ထိုင်းအလုပ်ကြပ် က ပြောသည်ဟုဆိုသည်။ 

     ကိုကြည်တိုး က“ကျနော့်မျက်လုံးက မကောင်းသေးဘူး။ မျက်လုံးကိုက်နေပါတယ်။ တိမ်စွဲနေတာ ဆေးပဲခပ်နေရတယ်။ အလုပ်အတင်းဆင်းခိုင်းတယ်။ ကောင်းမြတ်စံသူ အေဂျင်စီကိုဆက်သွယ်လို့လည်းမရဘူး။ ကျနော့်ကို ကူညီပါ” ဟုပြောသည်။

        အလုပ်သမား တစ်ရာခန့်မှာ ကောင်းမြတ်စံသူအေဂျင်စီဖြင့်လာခဲ့ကြပြီး လာမည့် ၂၀၁၅ ဒီဇင်ဘာတွင် ၂နှစ်ပြည့်တော့မည်ဟုဆိုသည်။ အလုပ်သမားများထံမှ ဘတ်ငွေ ၁၅,၅၀၀ ဖြတ်ထောက်ထားသည်ဟုဆိုသည်။ 

    ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ဦးကျော်သောင်း က“အစိုးရချင်း ပို့တယ်ဆိုတဲ့ ခေါင်းစဉ်အောက်က ပွဲစားတွေလုပ်နေကြတဲ့ MOUအလုပ်သမားတွေကို တာဝန်ခံမှု တာဝန်ယူမှုအပြည့်နဲ့လုပ်ကြရင် ကျနော်တို့ သိစရာမလိုတဲ့ ကိစ္စတွေပါ။ MOU နဲ့လာပြီး အောက်ပိုင်းသေသွားသူ ကိုယ်လက် အင်္ဂါပျက်စီးသွားသူတွေ အများကြီးရှိခဲ့ပါပြီ။ အလုပ်သမားတင်ပို့တဲ့အေဂျင်စီတွေဟာ ဒီအလုပ်သမားတွေအတွက် ဆေးဝါးကုသခွင့်နဲ့ အလုပ်သမားထိခိုက်ဒဏ်ရာခံစားမှုတွေ ထိုင်းအလုပ်သမားဥပဒေမှာ အပြည့်အ၀ ပြဌာန်းပြီးသားပါ။ အဲဒါကို ကိုယ်တင်ပို့ထားတဲ့အလုပ်သမားကို အကောင်းပကတိဖြစ်သွားအောင် ထိုင်းမှာ ကုသပေးပြီး နေရပ်ရင်းကိုပြန်ပို့သင့်ပါတယ်။ အေဂျင်စီအတော်များများတော့ ခြိမ်းခြောက် ဟိန်းဟောက်ပြီး ဗမာ ပြည်ပြန်ပို့တာများတယ်။ ကျနော်တို့မှာ အထောက်အထားတွေအများကြီးရှိပါတယ်” ဟု ပြောသည်။

      ဘန်ကောက်တွင်ဖွင့်ထားသော ပွဲစားအဖွဲ့ချုပ်MOEAF ရုံးကလည်း  အလုပ်သမားပြဿ     နာများကို ဖျောက်ဖျက်ပစ်လေ့ရှိသည်။ အကြောင်းမှာ အလုပ်သမားကူညီစောင့်ရှောက်ရေးရုံးမဟုတ်ပဲ ပွဲစားများစုပေါင်းဖွဲ့ထားသည့် အဖွဲ့ဖြစ်သဖြင့် ပွဲစားအကျိုးစီးပွားကိုကာကွယ်သည်မှာသဘာ ၀ကျနေပါသည်။ မြန်မာအလုပ်သမားဝန်ကြီးဌာနမှာလည်း မြန်မာနိုင်ငံအတွင်းမှ အလုပ်သမားများ၏  အခြေခံလုပ်အားခလစာနှင့် ပြဿ     နာအချို့ကိုပင်လျှင် နိုင်နင်းစွာ  မဖြေရှင်းပေးနိုင်သဖြင့် ထိုင်းနိုင်ငံအတွင်း သန်းချီရှိသော အလုပ်သမားများ၏ အရေးကိစ္စများကို မည်သည့် ကူညီမှုမှ မပေးနိုင်ပေ။ သို့ရာတွင် မြန်မာအလုပ်သမားဝန်ကြီးဌာနသည် ပွဲစားအဖွဲ့ချုပ်MOEAF နှင့် ပူးပေါင်း၍ သုံးလေးသန်းသော ထိုင်းရောက်အလုပ်သမားများအား ပတ်စပို့ထုတ်ပေးနိုင်ရေးအတွက်အကြိမ်ကြိမ် ကြိုးစားနေကြောင်း ပတ်စပို့ပွဲစားကုမ္ပဏီများ၏ပြောပြချက်အရသိရသည်။ 

        ထိုင်းရောက်မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ဘ၀မှာ ထိုင်းနှင့်မြန်မာ ပွဲစားများ၏ နည်းအမျိုးမျိုးဖြင့် အမြတ်ထုတ်ခြင်းကိုသာ ခံနေကြရပြီး နှစ်နိုင်ငံအစိုးရတို့က လုံလောက်သော တာဝန်ယူမှုမရှိသဖြင့်  အနိုင်ကျင့်ခံ လူမျိုးတစ်မျိုးအဖြစ် ထိုင်းနိုင်ငံတွင် မျက်နှာငယ်နေရသူများဖြစ်ကြောင်း MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်းက ထောက်ပြသည်။