05 August 2017

ရခိုင် ရသေ့တောင်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံရ


4 August 2017



အကြမ်းဖက်ဝါဒီတွေကို ငွေကြေးထောက်ပံ့နေသူတွေအဖြစ် မသင်္ကာသူတွေကို ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်း ဒီကနေ့ ရှာဖွေဖမ်းဆီးရာမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်ခံခဲ့ရကြောင်း မြန်မာအစိုးရက ပြောဆိုလိုက်ပါတယ်။

အကြမ်းဖက်အဖွဲ့အစည်းတွေကို ငွေကြေးထောက်ပံ့နေသူတွေအဖြစ် လူ ၆ ဦးကို ဖမ်းဆီးအပြီး ဒီကနေ့မနက် အစောပိုင်းမှာပဲ အောက်နန်းရာကျေးရွာက ပြန်လည် ထွက်ခွာလာတဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် အစိတ်လောက်ကို ရွာသား ၆၀၀ လောက်က ၀ိုင်းဝန်း တိုက်ခိုက်တာခံခဲ့ရကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံးက သတင်းထုတ်ပြန်ခဲ့တာပါ။


လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လူအုပ်ကိုခြောက်လှန့် ပစ်ခတ်ခဲ့ပေမဲ့ ဖမ်းဆီးထားသူတွေထဲက ၂ ဦး ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး၊ ရွာတွင်းကနေ ထွက်ခွာဖို့ ကြိုးစားတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို နောက်ထပ် တိုက်ခိုက်မှုတွေ ခံခဲ့ရကြောင်းလည်း ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း၊ မြိုတိုင်းရင်းသား ၆ ဦး သတ်ဖြတ်ခံခဲ့ရကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး နောက်တနေ့မှာပဲ ရသေ့တောင်မြို့နယ်မှာ အဖမ်းအဆီးတွေနဲ့ တိုက်ခိုက်မှု သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။ သေနတ်ဒဏ်ရာ၊ ဓားဒဏ်ရာတွေနဲ့ သေဆုံးနေသူ မောင်တောမြို့နယ် ကိုင်းကြီးကျေးရွာသား ၆ ဦးရဲ့ အလောင်းကို တွေ့ရှိခဲ့ပြီး၊ ၂ ဦး ပျောက်ဆုံးနေကြောင်း မနေ့တုန်းကပဲ မြန်မာအစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

အမျိုးသမီး ၃ ဦး အပါအ၀င် ဒေသခံ မြိုတိုင်းရင်းသား ၆ ဦး သတ်ဖြတ်ခံခဲ့ရပြီး၊ ၂ ဦး ပျောက်ဆုံးနေတဲ့အတွက် နယ်မြေရှင်းလင်း၊ ရှာဖွေမှုတွေ လုပ်ဆောင်နေကြောင်းလည်း တာဝန်ရှိသူတွေက ပြောဆိုထားကြပါတယ်။ ဒါပေမဲ့လည်း ဒီကနေ့ စီးနင်းဖမ်းဆီးမှုတွေနဲ့ မနေ့တုန်းက သတင်းထုတ်ပြန်ထားတဲ့ မြိုတိုင်းရင်းသားတွေ သေဆုံးမှု ဆက်နွယ်မှု ရှိမရှိ ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

မောင်တောဒေသမှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလထဲ နယ်ခြားစောင့်ရဲတပ်ဖွဲ့ရဲ့ ကင်းစခန်းတွေကို အကြမ်းဖက် တိုက်ခိုက်ခံခဲ့ရပြီးနောက် မတည်မငြိမ် အခြေအနေတွေနဲ့ ကြုံနေရတာလည်း ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာဌာန)
https://burmese.voanews.com