05 August 2017

အကြမ်းဖက်မှုအခြေအနေကို စိုးရိမ်သဖြင့် ရသေ့တောင်မြို့နယ်ရှိ ဒေသခံ ၃၀၀ ခန့် နီးစပ်ရာကျေးရွာသို့ ပြောင်းရွေ့


4 August 2017 





ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ရှိ ဒေသခံ(၃၀၀)ခန့်မှာ အကြမ်းဖက်မှုအခြေအနေကို စိုးရိမ်သဖြင့် ဘေးလွတ်ရာကျေးရွာများသို့ ပြောင်းရွေ့လာမှုများရှိနေကြောင်း သိရသည်။

သြဂုတ်လ ၄ ရက်နေ့၊ နံနက် ၈ နာရီအချိန်ခန့်က စေတီပြင်ကျေးရွာရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များမှာ အောက်နန်းကျေးရွာသို့ အကြမ်းဖက်သမားများအား သွားရောက်ရှာဖွေရာ အထက်နန်းရာကျေးရွာနှင့် အောက်နန်းရာကျေးရွာမှ ဘင်္ဂလီများက စုဝေးလာကြပြီး မြှား၊ လေးများဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောဆိုကြသည်။


အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ဘင်္ဂါလီကျေးရွာများနှင့်နီးစပ်သည့် တိုင်းရင်းသားကျေးရွာတစ်ချို့မှာ အကြမ်းဖက်မှု အခြေအနေများကို စိုးရိမ်သဖြင့် စေတီပြင်ကျေးရွာသို့ ပြောင်းရွေ့လာခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးဖြစ်သူ ဦးထွန်းထွန်းနိုင်က ပြောသည်။

“မနက်က နယ်ခြားစောင့်တွေ အောက်နန်းရွာကို ဝင်တယ်။ အဲဒီမှာရှိတဲ့ ဘင်္ဂလီတွေက ဝိုင်းကြတယ်။ အထက်နန်းရာ၊ အောက်နန်းရာက ဘင်္ဂလီတွေ အပြည့်ဝိုင်းထားကြတာ။ ပြီးတော့ သူတို့က နယ်ခြားစောင့်ရဲတွေကို လေးတွေနဲ့ပစ်ကြတယ်။ လုံခြုံရေးစိုးရိမ်လို့ ရခိုင်ကျေးရွာတွေဖြစ်တဲ့ ချွတ်ပြင်၊ သဇင်မြိုင်၊ ပိတောက်မြိုင်ကျေးရွာတွေက ဒေသခံ (၃၀၀)နီးပါး ပြောင်းရွှေ့လာကြတယ်။ ” ဟု ၎င်းကဆိုသည်။

လက်ရှိမှာ စေတီပြင်ကျေးရွာကို တပ်မတော်နှင့်နယ်ခြားစောင့်ရဲများက လုံခြုံရေးအင်အား တိုးမြှင့်ထားကြောင်း သိရသည်။

သြဂုတ်လ ၃ ရက်နေ့ကလည်း မောင်တောမြို့နယ်၊ ကိုင်းကြီးကျေးရွာအနောက်ဘက် မေယုတောင်ပေါ်တွင် အစွန်းရောက်အကြမ်းဖက်သမားများ သေနတ်ဖြင့် ပစ်သတ်ခဲ့မှုကြောင့် ရခိုင်မျိုးနွယ်စုဝင်မြိုတိုင်းရင်းသား (၆)ဦး သေဆုံးသွားခဲ့မှုဖြစ်ပွားခဲ့ကာ ၂ ဦးပျောက်ဆုံးလျက်ရှိနေသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ပျောက်ဆုံးလျက်ရှိသည့် မြိုတိုင်းရင်းသား ၂ ဦး အား ဆက်လက် ရှာဖွေလျက်ရှိကြောင်း၊ အပြစ်မဲ့ မြိုတိုင်းရင်းသားများအား အကြောင်းမဲ့သတ်ဖြတ်သွားသည့် အစွန်းရောက်အကြမ်းဖက်သမားများအား ပိတ်ဆို့ရှာဖွေခြင်း၊ လိုက်လံရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိသည်ဟု နိုင်ငံတော် အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်သည်။

ဇောင်း(ပုဏ္ဏားကျွန်း) ၊ DMG