05 August 2017

ရသေ့တောင်မြို့နယ်တွင် RSO အကြမ်းဖက် အဖွဲ့နှင့် ဆက်စပ်သူများကို သွားရောက်ဖမ်းဆီးသည့် နယ်ခြားစောင့်ရဲများအား ရွာသားများက ၀ိုင်း၍ တရားခံ လုယက်သည့်အတွက် သေနတ်ပစ်ဖောက် လူစုခွဲခဲ့ရ

သားရွှေဦး (ကစ္ဆပ)

RSO အကြမ်းဖက်အဖွဲ့နှင့် ဆက်စပ်သူများအား သွားရောက်ဖမ်းဆီးသည့် နယ်ခြားစောင့်ရဲများကို ရွာသားများက ၀ိုင်းကာ တရားခံလုယက်မှု ဖြစ်ပွားခဲ့ပြီး သေနတ်ပစ်ဖောက် လူစုခွဲခဲ့ရသည့် ဖြစ်စဉ် ရသေ့တောင်မြို့နယ်တွင် သြဂုတ် ၄ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။


ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် စေတီပြင်တိုက်နယ် အောက်နန်းရာကျေးရွာတွင် RSO အကြမ်းဖက်သမားများ ရောက်ရှိနေသည်ဟု သတင်းရရှိသဖြင့် သြဂုတ် ၄ ရက် နံနက် ၇ နာရီခန့်တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များမှ သွားရောက်ဖမ်းဆီးခဲ့ရာ တရားခံ ခြောက်ဦးဖမ်းဆီးရမိခဲ့ကြောင်း၊ ယင်းအချိန်တွင် ဘင်္ဂါလီများက တုတ်ဓားများကိုင်ဆောင်ကာ လုံခြုံရေး တပ်ဖွဲ့ဝင်များကို ၀ိုင်းကာ တရားခံအား ပြန်လည်လုယူရန် ကြိုးစားခဲ့ရာ တရားခံနှစ်ဦး ထွက်ပြေးလွတ်မြောက်သွားကြောင်းနှင့် ဘင်္ဂါလီများက ဆက်လက်လိုက်လံရန်ပြု တိုက်ခိုက်လာခဲ့သဖြင့် လူအုပ်စုအား ဖြိုခွဲရန် သေနတ်မိုးပေါ်ထောင်ပစ် ဖြိုခွင်းခဲ့ရကြောင်းနှင့် ပစ်ခတ်မှုကြောင့် ဘင်္ဂါလီလေးဦး ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက်သမားဟု ယူဆရသော ဘင်္ဂါလီလေးဦးကို ဖမ်းဆီးရမိခဲ့ကာ စေတီပြင်နယ်မြေ ရဲစခန်း၌ ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်အား သွားရောက်စုံစမ်းနေသည့် ရသေ့တောင်မြို့နယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဦးသန်းနိုင်က “ဇူလိုင်လကုန်ပိုင်းက ဖမ်းမိထားတဲ့ ဘင်္ဂါလီတစ်ဦးကို မေးမြန်းပေါ်ပေါက်ချက်အရ အောက်နန်းရာကျေးရွာမှာ RSO ခုနစ်ဦး ရောက်နေတယ်လို့ အခိုင်အမာ သတင်းရလို့ နယ်ခြားစောင့်ရဲတွေက ဒီကနေ့ နံနက်ပိုင်းက သွားဖမ်းတဲ့အခါ ဘင်္ဂါလီ အကြမ်းဖက်သမား ခြောက်ဦး မိတယ်။ သူတို့ကို ခေါ်ဆောင်လာတဲ့အခါ ရွာသားတွေ မိန်းမ၊ ယောက်ျား တစ်ရွာလုံး ထွက်လိုက်ပြီးတော့ လုံခြုံရေးတပ်ဖွဲ့ကို ၀ိုင်းဝန်းရန်ပြုဖို့၊ ဖမ်းဆီး တရားခံကို လုယူဖို့ ကြိုးစားကြတယ်။ အဲဒီအချိန်မှာ ဖမ်းထားတဲ့ တရားခံ နှစ်ဦးက လက်ထိတ်နဲ့အတူ ထွက်ပြေးသွားတယ်။ လူစုကိုခွဲဖို့ သေနတ်ကို မိုးပေါ်ထောင်ပြီး ခြောက်ပစ်တယ်။ ဒါပေမဲ့ လူအုပ်ကများလာတော့ ပစ်ခတ်ဖြိုခွဲတဲ့အခါ လေးဦးဒဏ်ရာရတယ်လို့ သိရတယ်။ နောက်တပ်က ထပ်ရောက်လာပြီး တရားခံတွေကို ၀င်ဖမ်းတဲ့အခါ အခုမွန်းလွဲပိုင်းမှာ အကြမ်းဖက်သမားတစ်ဦး ထပ်မိတယ်လို့ ကြားတယ်။ လောလောဆယ်မှာ ဒီက ရခိုင်ရွာ သုံးရွာလောက် ရွာလုံးကျွတ် ထွက်ပြေးပြီး စေတီပြင်ကို ရောက်နေကြပြီ” ဟု ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီမှလည်း ရသေ့တောင်မြို့နယ် အောက်နန်းရာကျေးရွာအတွင်း အကြမ်းဖက် အဖွဲ့အား ငွေကြေးထောက်ပံ့နေသူများကို သွားရောက်ဖမ်းဆီးသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ရွာအတွင်းရှိ လူ ၆၀၀ ခန့်က ၀ိုင်းဝန်းတိုက်ခိုက်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
ထွက်ပြေးလွတ်မြောက်သွားသည့် တရားခံနှစ်ဦး ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့ဝင်များသည် အောက်နန်းရာကျေးရွာအတွင်း ၀င်ရောက်ရှာဖွေ ရှင်းလင်းလျက်ရှိပြီး တပ်မတော် စစ်ကြောင်းများမှ ကျေးရွာအပြင်ဘက်မှနေ၍ ပိတ်ဆို့ရှာဖွေခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သတင်းထုတ်ပြန်မှု၌ ဖော်ပြထားသည်။
Writer: