ARSA အစွန်းရောက် အကြမ်းဖက်သမားများ မီးရှို့ဖျက်ဆီးနေဆဲ၊ ဒေသခံ ဒိုင်းနက်၊ သက်၊ မြို့ တိုင်းရင်းသားများ နီးစပ်ရာလုံခြုံရေး ကင်းစခန်းများသို့ ပြောင်းရွှေ့လျက်ရှိ
သြဂုတ် ၃၀၊၂၀၁၇
မောင်တောမြို့နယ် ၊ ပဒကားရွာသစ် ခုံတိုင်(မြို) တိုင်းရင်းသားကျေးရွာအား သြဂုတ် ၂၈ ရက် မွန်းလွဲပိုင်းက ARSA အစွန်းရောက် အကြမ်းဖက်သမား ၄၀၀ ကျော်ခန့်မှ မီးရှို့ဖျက်ဆီးပြီး ဝိုင်းဝန်း တိုက်ခိုက်ခဲ့သည်။ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် မြိုတိုင်းရင်းသား အမျိုးသား ၃ ဦး နှင် အမျိုးသမီး ၄ ဦး စုစုပေါင်း ၇ ဦး သေဆုံးခဲ့ပြီး အမျိုးသား ၂ ဦး နှင့် အမျိုးသမီး ၃ ဦး စုစုပေါင်း ၅ ဦးတို့ ဒဏ်ရာရရှိခဲ့ကာ အမျိုးသား ၁ ဦး နှင့် အမျိုးသမီး ၂ တို့ ပျောက်ဆုံးလျက်ရှိပြီး ကျန်ကျေးရွာသားများမှာ မေယုတောင်ပေါ်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ARSA အစွန်းရောက် အကြမ်းဖက်သမားများသည် သြဂုတ် ၃၀ ရက်၊ နံနက်ပိုင်းတွင် မောင်တောမြို့ ရပ်ကွက်(၃)ရှိ နေအိမ်များအား မီးရှိုခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ် ၃ စီးဖြင့် ၀ိုင်းဝန်းငြှိမ်းသတ်ခဲ့ရသည်။ မီးလောင်မှုကြောင့် နေအိမ် ၂၂ လုံး မီးလောင် ကျွမ်းခဲ့သည်။
မောင်တောမြို့ မြို့မကညင်တန်းရပ်ကွက်ရှိ ခရိုင်အုပ်ချုပ်ရေးမှူးရုံး၏ အနောက်ဘက် ခြံစည်းရိုးအပြင်ဘက်တွင် ယနေ့ ညနေ ၃ နာရီက မသင်္ကာဖွယ် သွားလာလှုပ်ရှားမှု တွေ့ရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေစိုးမိုးရေးဆောင်ရွက်ခဲ့သည်။
ယင်း နေရာ အနီးတဝိုက်ရှိ အိမ် ၁ လုံး၏ အောက်ထပ်တွင် အကျယ် ၈ ပေ၊ အနံ ၄ ပေ၊ အနက် ၃ ပေ ခန့်ရှိ ကတုတ် ကျင်း ၂ ကျင်း၊ ရှော့တိုက်မိုင်းဆွဲရန်အတွက် မြေကြီးအောက်တွင် မြှုပ်နှံထားသော အရှည် ပေ ၂၀၀ ခန့်ရှိ ဝါယာကြိုး ၁ ချောင်း ၊ ပစ်ခတ်ရန် ကြိုတင် စီမံထားသည့် လက်လုပ် ပုလင်းမိုင်း ၃ လုံးအား တွေ့ရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှင်းလင်း ဆောင်ရွက်ခဲ့ရသည်။
ရခိုင်ပြည်နယ်အတွင်း ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက် မှုဖြစ်စဉ်များ ကြောင့် ဒေသခံ ဒိုင်းနက်၊ သက်၊ မြို့ တိုင်းရင်းသားများသည် နီးစပ်ရာလုံခြုံရေး ကင်းစခန်းများသို့ ပြောင်းရွှေ့လျက်ရှိကြောင်းသိရသည်။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နှင့်အဖွဲ့သည် ယနေ့ နံနက် ၁၀ နာရီခွဲတွင် မောင်တောမြို့နယ် အတွင်းရှိ မင်းကြီးရွာ နှင့် တမန်းသားကျေးရွာများသို့ သွားရောက် ၍ ပြည်သူများအား နှစ်သိမ့်အားပေးစကား ပြောကြားပြီး လိုအပ်သော စားနပ်ရိက္ခာ များ ကို ကူညီထောက်ပံ့ပေးအပ်ခဲ့သည်။
အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် ကျောက်တော်မြို့နယ်၊ ဒုက္ကံချောင်းကျေးရွာ ဘုန်းတော်ကြီး ဓမ္မာရုံသို့ ရောက်ရှိနေသည့် ဘူးသီးတောင်မြို့နယ်မှ ထွက်ပြေး တိမ်းရှောင်လာသော ဒိုင်းနက်လူမျိုး ၆၉ ဦးအား အုပ်ချုပ်ရေးမှူး တာဝန်ရှိသူများက သြဂုတ်လ ၂၈ ရက်၊ နံနက်ပိုင်းတွင် တွေ့ဆုံအားပေးစကားပြောကြားပြီး ဆန် ၂၀ အိတ်၊ အဝတ်အထည် ၄ ထုပ်၊ ခြင်ထောင် ၂၂ လုံး ၊ ပုဆိုး၊ ထမီ၊ ပန်းကန်နှင့် မီးဖိုချောင်သုံးပစ္စည်းများအား အိမ်ထောင်စုအလိုက် ထောက်ပံ့ပေးအပ် ခဲ့သည်။
သြဂုတ် ၂၅ ရက်မှ ၂၉ ရက်နေ့အထိ ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် တပ်မတော်သား ၁ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၁ ဦး၊ လူဝင်မှုကြီးကြပ်ရေး ဝန်ထမ်း ၁ ဦး၊ စုစုပေါင်း ၁၃ ဦး သေဆုံးခဲ့ရပြီး ဟိန္ဒူလူမျိုး ၇ ဦး၊ ဒိုင်းနက်လူမျိုး ၅ ဦး သေဆုံးခဲ့သည်။
တပ်မတော်သား ၁ ဦီး နှင့် လက်နက်ငယ် ၁ လက်ပျောက်ဆုံးလျက်ရှိပြီး ရဲတပ်ဖွဲ့ဝင် ၁၂ ဦး၊ ကျန်းမာရေးဝန်ထမ်း ၁ ဦး၊ နေ့စားဝန်ထမ်း ၂ ဦး၊ မြို လူမျိုး ၁ ဦးနှင့် ဒိုင်းနက်လူမျိုး ၂ ဦး စုစု ပေါင်း ၁၆ ဦး ဒဏ်ရာရရှိခဲ့သည်။
ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များတွင် ဘီအေ-၉၄ သေနတ် ၅ လက် ၊ ၁၂ ဗို့ သေနတ် ၂ လက်၊ ပွိုင့် ၃၈ ခြောက်လုံးပြူး ၁ လက်၊ ဘီအေ-၆၃ သေနတ် ၁ လက်၊ အမ်အေ-၁၁ ၁ လက်၊ စုစုပေါင်း လက်နက်ငယ် ၁၀ လက် ၊ ၇.၆၂ ကျည် ၁၄၀၀ တောင့်၊ ၅.၅၆ ကျည် ၂၅ တောင့်၊ ကျည်အိမ် ၁ ခု၊ အီနာဂါဗုံးသီး ၆ လုံး၊ ပလပ်စတစ်ဗုံးသီး ၅ လုံး၊ ဆက်သွယ်ရေးစက် ၁ လုံး နှင့် ကျည်အိမ် ၁ ခုတို့ ဆုံးရှုံးခဲ့ကြောင်းသိရသည်။
အကြမ်းဖက်မှုဖြစ်စဉ်များတွင် မော်တော်ယာဉ် ၂ စီး မီးရှို့ခံခဲ့ရပြီး အကြမ်းဖက်သမားများ၏ လက်လုပ်ဗုံးများ နှင့် မိုင်းများဖြင့် တိုက်ခိုက်မှုကြောင့် မော်တော်ယာဉ် ၅ စီး ပျက်စီးခဲ့ရသည်။
အကြမ်းဖက် တိုက်ခိုက်မှုတွင် ARSA အစွန်းရောက် အကြမ်းဖက်သမားများ အသုံးပြုခဲ့သည့် လုပ်သေနတ် ၄ လက်၊ တူမီး သေနတ် ၂ လက်၊ ပွိုင့် ၂၂ သေနတ် ၁ လက်၊ ကျည်မျိုးစုံ ၇၇ တောင့်၊ လှံ ၆၄ချောင်း၊ ဓား ၂၇ ချောင်း၊ လက်လုပ်မိုင်း ၇ လုံး၊ ဝါယာကြိုး ၆ ထုပ်၊ ဝါယာကြိုး ၃ ခွေ၊ စိတ်ကြွဆေးပြား ၃၁ ပြား၊ ဆေးဝါးမျိုးစုံ ၇ အိတ်၊ ဆန် ၂ အိတ်နှင့် လက်ကိုင်စကားပြောစက် ၁ လုံးတို့ သိမ်းဆည်းရရှိခဲ့သည်။
ယနေ့တွင် MI 17 ရဟတ်ယာဉ်များဖြင့် ကြိမ်ချောင်း၊ တောင်ပြို၊ ခမောင်းဆိပ်ကျေး ရွာများသို့ ရိက္ခာများပေးခဲ့ပြီး သြဂုတ် ၃၁ ရက်နေ့တွင် အခြားနေရာများသို့ ဆက်လက် ပို့ဆောင်ပေးမည် ဖြစ်ကြောင်း သိရသည်။
ARSA အစွန်းရောက် အကြမ်းဖက်သမားများသည် လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ပြီး ယင်းအနီးရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ရည်ရွယ်ချက်မှာ နေအိမ်များ မီးလောင်မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အနီးအနားရှိ ပြည်သူများ ငြှိမ်းသတ်ရန် ရောက်ရှိလာချိန်တွင် ကြိုတင်ထောင်ထားသော မိုင်းများကွဲ၍ သေကြေပျက်စီးစေရန် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
(သတင်းထုတ်ပြန်ရေးကော်မတီ)







