05 August 2017

ရသေ့တောင်မြို့နယ် အောက်နန်းရာဘင်္ဂလီကျေးရွာတွင် ဘင်္ဂလီအကြမ်းဖက်သမား (၄)ဦး ဖမ်းဆီးရမိထားပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဝိုင်းဝန်းတိုက်ခိုက်သဖြင့် တစ်ဦးလွတ်မြောက်သွား


4 August 2017 




ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အောက်နန်းရာဘင်္ဂလီကျေးရွာတွင် ယနေ့သြဂုတ်လ ၄ ရက်နေ့က ဘင်္ဂလီအကြမ်းဖက်သမား (၃) ဦး ဖမ်းဆီးရမိထားကြောင်း မောင်တောမြို့၊ အမှတ် ၁ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွက်ကဲရေးမှူး သူရစန်းလွင်က DMG ကို ယနေ့ညနေ ၃ နာရီခွဲအချိန်က အတည်ပြုပြောကြားသည်။

အထက်နန်းရာကျေးရွာသို့ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များက အကြမ်းဖက်သမားများအား ရှာဖွေမှုပြုလုပ်ရာတွင် ပထမဆုံးအနေဖြင့် အကြမ်းဖက်သမား(၂)ဦးအား ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ကျေးရွာသားများက ဂျင်ကလိ၊ ဓား၊ လှံများဖြင့် ဝိုင်းဝန်းတိုက်ခိုက်မှုကြောင့် အကြမ်းဖက်သမားတစ်ဦးမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း သိရသည်။

“ ကျနော်တို့က နှစ်ယောက်ဖမ်းမိတာ။ ရွာသားတွေက ဝိုင်းဝန်းတိုက်ခိုက်လို့ တစ်ယောက်လွတ်သွားတယ်။ အဲဒါမှာ ဖမ်းမိတဲ့တစ်ယောက်အပါအဝင် ပေါင်းလေးယောက်ပေါ့။ ကျန်တဲ့သုံးဦးတော့ စစ်ဆေးနေဆဲပါပဲ။ ” ဟု မောင်တောမြို့၊ အမှတ် ၁ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွက်ကဲရေးမှူး သူရစန်းလွင်က DMG ကို ပြောသည်။

လက်ရှိတွင် မောင်တောမြို့နယ်သို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပု ဦးဆောင်သော အစိုးရအဖွဲ့ဝင်များ ရောက်ရှိနေပြီး ကိုင်းကြီးကျေးရွာက အသတ်ခံခဲ့ရသည့် ဒေသခံများကို စိတ်ပိုင်းဆိုင်ရာအားပေးစကားများပြောနေပြီး လိုအပ်သည့် ပစ္စည်းများအား ထောက်ပံ့မှုများပြုလုပ်လျက်ရှိကာ ပဋိပက္ခထပ်မံမဖြစ်ပွားရအောင်အတွက် သံဃာတော်များ၊ မြို့မိမြို့ဖများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးလျက်ရှိသည်ဟု သိရသည်။

“ ဝန်ကြီးချုပ်လည်း ရောက်နေတယ်။ လိုအပ်တဲ့လုံခြုံရေးကိစ္စ ပေါင်းစပ်ညှိနှိုင်းရတာပေါ့။ မောင်တောမြို့ လက်ရှိအခြေအနေကတော့ တပ်ပိုင်းဆိုင်ရာက မနေ့က ဖြစ်ပွားခဲ့တဲ့နေရာတွေကို သွားရောက်ပြီး ပိတ်ဆို့ရှင်းလင်းရေးတွေ လုပ်နေပါတယ် ” ဟု ကွက်ကဲရေးမှူး သူရစန်းလွင်က ပြောသည်။

လက်ရှိဖြစ်ပွားလျက်ရှိသည့် မောင်တောဒေသအကြမ်းဖက်မှုဖြစ်စဉ်များကြောင့် ဒေသခံရခိုင်တိုင်းရင်းသားများမှာ နီးစပ်ရာ ကျေးရွာများသို့ ပြောင်းရွှေ့လျက်ရှိနေကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

သြဂုတ်လ ၃ ရက်နေ့ကလည်း မောင်တောမြို့နယ်၊ ကိုင်းကြီးကျေးရွာအနောက်ဘက် မေယုတောင်ပေါ်တွင် အစွန်းရောက်အကြမ်းဖက်သမားများ၏ သေနတ်ဖြင့်ပစ်သတ်ခဲ့မှုကြောင့် ရခိုင်မျိုးနွယ်စုဝင်မြိုတိုင်းရင်းသား (၆)ဦး သေဆုံးသွားခဲ့မှုဖြစ်ပွားခဲ့ကာ ၂ ဦးမှာ ပျောက်ဆုံးလျက်ရှိနေသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သတ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ပျောက်ဆုံးလျက်ရှိသည့် မြိုတိုင်းရင်းသား ၂ ဦးအား ဆက်လက်ရှာဖွေလျက်ရှိကြောင်း၊ အပြစ်မဲ့ မြိုတိုင်းရင်းသားများအား အကြောင်းမဲ့သတ်ဖြတ်သွားသည့် အစွန်းရောက်အကြမ်းဖက်သမားများအား ပိတ်ဆို့ရှာဖွေခြင်း၊ လိုက်လံရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိသည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်သည်။

ဖဒူ ထွန်းအောင် / DMG