30 August 2017

ARSA အစွန်းရောက် အကြမ်းဖက်သမားများက ကျေးရွာများအား မီးရှို့ဖျက်ဆီး၊ လက်လုပ်မိုင်းများ ဖောက်ခွဲ ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ပွား

30 August 2017 07:25(+0630) (လွန်ခဲ့သော ၁ နာရီ ခန့်က)

[ARSA အစွန်းရောက် အကြမ်းဖက်သမား သတင်း - ၁၅ ]
သြဂုတ် ၂၉၊၂၀၁၇

ARSA အစွန်းရောက် အကြမ်းဖက်သမားများသည် သြဂုတ် ၂၇ ရက်တွင် နံ့သာတောင်ကျေးရွာ ဈေးအတွင်းရှိ တိုင်းရင်းသား ဈေးဆိုင်ခန်း နှစ်ခန်းအား မီးရှို့ဖျက်ဆီးခြင်း၊ နံ့သာတောင်ဘုန်းတော်ကြီး ၀န်းအတွင်းရှိ စေတီမှ ဘုရားဆင်းတုတော် တစ်ဆူ၊ ဂြိုဟ်တိုင်ရုပ် လေးရုပ်နှင့် ဘုန်းတော်ကြီး ကျောင်းဝန်း အတွင်းရှိ ပစ္စည်းများအား ဖျက်ဆီးခြင်း၊ နံ့သာတောင်ကျေးရွာ ရဲကင်းစခန်း အိပ်ဆောင်အား ဖျက်ဆီး ခြင်း၊ ကွမ်းသီးပင်ချောင်းဝစခန်းအား မီးရှို့ဖျက်ဆီးခြင်းများ ဆောင်ရွက်သွားခဲ့ကြောင်း သိရှိရသည်။


လုံခြုံရေးတပ်ဖွဲ့ဝင်များသည် သြဂုတ် ၂၈ ရက် နံနက်ပိုင်းတွင် ရသေ့တောင်မြို့နယ် ကိုးတန်ကောက်(ရခိုင်ရွာ) မှ မောင်တောမြို့သို့ မော်တော်ယာဉ်များဖြင့် သွားရောက်စဉ် ကိုးတန်ကောက် (ဘင်္ဂါလီရွာ) အတွင်းမှ ARSA အစွန်းရောက် အကြမ်းဖက်သမားများက လက်လုပ်မိုင်း၊ လုပ်သေနတ်များ ဖြင့် ချောင်းမြောင်းပစ်ခတ်ခဲ့ပြီး ကျေးရွာအား မီးရှို့ဖျက်ဆီးကာ အင်အား ၃၀၀ ခန့်သည် ရွာ၏ အရှေ့ဘက် မေယုတောင်ကြောပေါ်သို့ ထွက်ပြေးသွားခဲ့သည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက အဆိုပါကျေးရွာအား ၀င်ရောက်ရှင်းလင်းရာ ကားလမ်းနှင့် လူသွားလမ်းတွင် ထောင်ထားသည့် လက်လုပ်မိုင်း ၃ လုံးကို ဖော်ထုတ် တွေ့ရှိခဲ့ပြီး လုပ်သေနတ် တစ်လက်၊ ဓါးရှည် တစ်လက်၊ ဘက္ထရီတစ်လုံး၊ ၀ါယာကြိုး ကိုက် ၁၀၀ ပါ သုံးခွေ၊ ပွိုင့် ၃၀၃ ရိုင်ဖယ်ကျည်ဆံ ၁၅ တောင့်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

ရသေ့တောင်မြို့နယ် လမ်းဦးစီးဌာနမှ အငယ်တန်းအင်ဂျင်နီယာ ဦးဖြိုးမင်းထွန်းနှင့် နေ့စား ၀န်ထမ်း ၃ ဦးသည် သြဂုတ် ၂၈ ရက် မွန်းလွဲပိုင်းတွင် ကိုးတန်ကောက် ကျေးရွာမှ ချိန်ခါလီကျေးရွာသို့ ဖြတ်သန်းလာစဉ် ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် နေ့စားဝန်ထမ်း ဦးမောင်သိန်းအောင်တွင် လက်နက်ငယ်ဒဏ်ရာအချို့ ရရှိခဲ့၍ ၎င်းအား စစ်တွေဆေးရုံသို့ ပို့ဆောင်ဆေးကုသပေး လျက်ရှိကြောင်း သိရှိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် သြဂုတ် ၂၉ ရက် (ယနေ့) နံနက် ၁ နာရီခွဲခန့်တွင် မောင်တောမြို့နယ် မောင်နီကျေးရွာအနီး၌ စောင့်ဆိုင်းနေစဉ် မောင်တောမြို့ မြို့မတောင်ရပ်ကွက်နေ ရော်ဟီးမူလ္လာ (အသက် ၃၀)နှင့် မောင်နီ ကျေးရွာနေ ဆေရာ ဇူဟောင် (၁၉ နှစ်) တို့နှစ်ဦးကို တွေ့ရှိသဖြင့် စစ်ဆေးရာ ဌက်ကြီးတောင် ဓါးတစ်လက်၊ နှစ်ဘက်သွား ဓါးဦးချွန် ၁ လက်၊ WY စိတ်ကြွဆေးပြား ၃၁ ပြား၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံသုံး ဆင်းကတ်ပါ တယ်လီဖုန်း ၁ လုံး အပါအဝင် အခြားလက်ကိုင်ဖုန်း ၂ လုံးနှင့် အခြားဆက်စပ်ပစ္စည်းများ၊ ငွေစက္ကူရောရာ ၁၂၂၃၅၀ ကျပ် တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် တရားဥပဒေ နှင့်အညီ အရေးယူနိုင်ရေးအတွက် စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။


ရခိုင်ပြည်နယ် မောင်တောဒေသ၌ ARSA အစွန်းရောက် အကြမ်းဖက်သမားများက အကြမ်းဖက်မှု ဖြစ်စဉ်များ ဆက်လက်လုပ် ဆောင်လျက်ရှိကြောင်း သိရပြီး ဇင်ပိုင်ညာကျေးရွာထိပ် တွင် နေအိမ် ၄ လုံးအား ARSA အစွန်းရောက် အကြမ်းဖက်သမားများက မီးရှို့ ထွက်ပြေးသွားကြောင်း သိရသည်။

ထို့ပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဇင်ပိုင်ညာ ကျေးရွာနှင့် ရွာသစ်ကျေးရွာကြား၌ နယ်မြေရှင်းလင်းရေးဆောင်ရွက်စဉ် လက်လုပ် မိုင်း ၂ လုံး ပေါက်ကွဲခဲ့ပြီး ထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။

အလားတူ ကျောက်လှေကားကျေးရွာ၊ ဗလီအနီး၌ သေနတ်များ၊ တုတ်၊ ဓားလက်နက်များပါရှိသော ARSA အစွန်းရောက် အကြမ်းဖက်သမား ၂၀၀ ဦး ခန့်စုရုံးရောက်ရှိ လျက်ရှိ ကြောင်း သိရသည်။

မောင်တောမြို့ အမှတ် ၅ ရပ်ကွက် ရုပ်ရှင်ရုံလမ်းကြားတွင် ဘင်္ဂါလီနေအိမ်မှ မီးစတင်လောင်ကျွမ်းခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ မီးသတ်ယာဉ်၎ စီးဖြင့် မီးငြိမ်းသတ်ခဲ့ရသည်။

မီးလောင်ခဲ့မှုကြောင့် ဘင်္ဂါလီနေအိမ် ၄ လုံး၊ ဈေးဆိုင်ခန်း၁ ခန်းဆုံးရှုံးခဲ့ကြောင်းနှင့် အဆိုပါ ဖြစ်စဉ်ကို ARSA အစွန်းရောက် အကြမ်းဖက်သမားအဖွဲ့မှ မီးရှို့ခြင်းဖြစ်ပြီး မဟုတ်မမှန်သတင်း ဖြန့်ချိရန် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် နယ်မြေ ၂ တမန်းသားကျေးရွာ စေတီနောက် (ပါလီခါရာဆာလာ) ဘင်္ဂါလီရွာတွင် လုံခြုံရေးအဖွဲ့မှ နယ်မြေရှင်းလင်းစဉ် ARSA အစွန်းရောက် အကြမ်းဖက်သမားများမှ ဆွဲမိုင်းဖြင့် တိုက်ခိုက်ပြီး ရွာတွင်းရှိ နေအိမ်များအား မီးရှို့ထွက်ပြေးသဖြင့် လိုက်လံရှင်းလင်းလျက်ရှိကြောင်း သိရသည်။


မွန်းလွဲပိုင်းတွင် မောင်တောမြို့ မြို့မ ကညင်တန်းအုပ်စု ဒီပါယာ ကျေးရွာရှိ ဘင်္ဂါလီနေအိမ်မှ မီးစတင်လောင်ကျွမ်းမှုကြောင့် ဘင်္ဂလီနေအိမ် ၄ လုံး၊ ဟိန္ဒူနေအိမ် ၅ လုံး စုစုပေါင်း ၉လုံး မီးလောင်ကျွမ်းခဲ့ကြောင်း သိရှိရသည်။

အင်းဒင်နယ်မြေရုံးအား ARSA အစွန်းရောက် အကြမ်းဖက်သမား ၃၀ ဦး ခန့်က လာရောက်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ ARSA အစွန်းရောက် အကြမ်းဖက်သမားသည် အရှေ့ဘက် မေယုတောင်ပေါ်သို့ ထွက်ပြေးသွားခဲ့သည်။

ညနေပိုင်းတွင် ပြင်ဖြူကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာတွင် ဘင်္ဂါလီနေအိမ်တစ်လုံးအား ARSA အစွန်းရောက် အကြမ်းဖက်သမားများက မီးရှို့ထွက်ပြေးခဲ့ရာ အဆိုပါရွာတွင် လက်လုပ်မိုင်း ၄ လုံး ဆက်တိုက်ပေါက်ကွဲခဲ့ကြောင်း သိရှိရသည်။

မကျီးချောင်းနယ်မြေရုံး ၊ ပဒင်းကျေးရွာအုပ်စုနှင့် ရေဖုန်းပြင်ကျေးရွာမှ ARSA အစွန်းရောက် အကြမ်းဖက်သမားများ ၁၅၀ ခန့် နှင့် ဘဂုံးနားရွာနှင့် ပန်းတောပြင်ရွာမှ ARSA အစွန်းရောက် အကြမ်းဖက်သမား ၁၀၀ ဦးခန့်တို့သည် ပိုက်ဆိပ်ရွာတွင်ရှိသော ARSA အစွန်းရောက် အကြမ်းဖက်သမား ၁၀၀ ဦးခန့်နှင့် လာရောက်ပူးပေါင်းလျက်ရှိပြီး ပိုက်ဆိပ်ရွာအတွင်းရှိ နေအိမ်များအား စတင်မီးရှို့လျက်ရှိ ကြောင်းနှင့် မကျီးချောင်း နယ်မြေရဲစခန်းအား ARSA အစွန်းရောက် အကြမ်းဖက်သမား ၅၀၀ ဦးခန့်မှ လာရောက်ဝိုင်းထားကြောင်း သိရှိရသည်။

မောင်တောမြို့၊ နတလ ကျောင်းမြောက်ဘက်ရှိ ဘင်္ဂါလီနေအိမ်တွင် မီးလောင်နေကြောင်းနှင့် နွားရုံတောင်ကျေးရွာဘက်မှ ARSA အစွန်းရောက် အကြမ်းဖက်သမား ၅၀၀ ဦးခန့်သည် ပြဿဒ်ရဲစခန်းဘက်သို့ တုတ်၊ ဓား ၊ လက်နက်များကိုင်ဆောင်၍ အော်ဟစ်စုဝေးသွားလာ လျက်ရှိကြောင်း သိရသည်။

အမှတ်(၁) နယ်ခြားစောင့် ရဲကွပ်ကဲမှု အဖွဲ့မှူးရုံး ၊ ကျီးကန်းပြင်ဌာနချုပ်သို့ မောင်တောမြို့နယ် အတွင်းရှိ တိုင်းရင်းသားကျေးရွာများဖြစ်သည့် အောင်မင်္ဂလာကျေးရွာမှ အိမ်ထောင်စု ၃၀ စု၊ လူဦးရေ ၈၁ ဦး၊ အောင်ဇေယျကျေးရွာမှ အိမ်ထောင်စု ၂၃ စု၊ လူဦးရေ ၇၁ ဦး၊ အောင်သာယာကျေးရွာမှ အိမ်ထောင်စု ၇၆ စု၊ လူဦးရေ ၁၆၉ ဦး နှင့် ပြဿဒ်ကျေးရွာမှ အိမ်ထောင်စု ၃၆ စု၊ လူဦးရေ ၁၁၉ ဦး တို့သည် ယာယီပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရသည်။

အဆိုပါတိုင်းရင်းသားကျေးရွာများမှ အိမ်ထောင်စုဝင်များအား အမှတ်(၁) နယ်ခြားစောင့် ရဲကွပ်ကဲမှု အဖွဲ့မှူး ရဲမှူးချုပ် သူရစန်းလွင်က နှစ်သိမ့်အားပေးစကားပြောကြားပြီး လိုအပ်သည့်ထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မောင်တောမြို့နယ်၊ နယ်မြေ ၅ ၊ နတလကျောင်း မြောက်ဘက်ရှိ ဘင်္ဂါလီနေအိမ်မှ စတင်မီးလောင်ကျွမ်းမှုကြောင့် ဘင်္ဂါလီ နေအိမ် ၅ လုံး မီးလောင်ကျွမ်းခဲ့သည်။

အလားတူ မောင်တောမြို့ ၊ ကျီးကန်းပြင်တောင်ရွာအနီး ရွာသစ်ကေကျေးရွာရှိ ဘင်္ဂါလီနေအိမ်များအား ARSA အစွန်းရောက် အကြမ်းဖက်သမားများက မီးရှို့ခဲ့မှုကြောင့် နေအိမ်များ မီးလောင်ခဲ့စဉ် အဆိုပါ နေအိမ်များအတွင်းမှ ဗုံး ၄ လုံး ဆက်တိုက်ပေါက်ကွဲခဲ့ကြောင်းနှင့် ARSA အစွန်းရောက် အကြမ်းဖက်အဖွဲ့သည် လက်လုပ်ဗုံးများထောင်ပြီး အိမ်ကို မီးရှို့ကာ မီးငြှိမ်းသတ်မည့် လုံခြုံရေးအဖွဲ့ဝင်များအား သေကြေဒဏ်ရာရရှိအောင် ကြိုတင်ကြံစည်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မောင်တောမြို့ပေါ်နှင့် ကျေးရွာများတွင် သြဂုတ် ၂၈ ရက် နံနက်ပိုင်းမှစ၍ ARSA အစွန်းရောက် အကြမ်းဖက်သမားများ၏ မီးရှို့မှုကြောင့် ကျီးကန်းပြင် (အလယ်ရွာ) ၌ နေအိမ် ၂၉၉ လုံး၊ သ၀င်ချောင်းကျေးရွာ၌ ၅၇၉ လုံး၊ သ၀င်ချောင်း (ဆူရာလီ ကျေးရွာ)၌ ၄၀၊ သ၀င်ချောင်း (ခွဆုံ) ၁၄၆ လုံး၊ သီဟိုဠ်ကျွန်း (တောင်ရွာ) ၌ ၁၅ လုံး၊ သီဟိုဠ်ကျွန်း (ရွာမရွာ) ၌ ၁၆၅ လုံး၊ သီဟိုဠ်ကျွန်း (ခွေလာဘင်္ဂါရွာ) ၌ ၁၇၅ လုံး၊ မြို့သူကြီး (သောင်ပိုင်ညာကျေးရွာ) ၌ ၁၈၀၊ မြို့သူကြီး (ကန်ကျတောင် ကျေးရွာ)၌ ၃၄၀၊ မြို့သူကြီး(ရွာဟောင်း) ၂၄၁ လုံး၊ မြို့သူကြီး (ရာကဘီကျေးရွာ) ၌ ၅၃ လုံး၊ မြို့သူကြီး (ကန်ကျမြောက်ကျေးရွာ) ၌ ၇၂ လုံး စုစုပေါင်း ၂၃၀၅ လုံး မီးလောင် ဆုံးရှုံးခဲ့သည်။

မြို့မအရှေ့ရပ်ကွက်၊ မြို့မ ကညင်တန်းရပ်ကွက်၊ ရွာသစ်ကေရပ်ကွက်၊ ပဒကားရွာသစ် (ခူတိုင်ကျေးရွာ) ကျီးကန်းပြင် (အနောက်ရွာ) နှင့် ကျီးကန်းပြင် (တောင်ရွာ) တို့ရှိ မီးလောင်ဆုံးရှုံးမှုများ ကို စိစစ်ဆဲဖြစ်ကြောင်း သိရှိရသည်။

(သတင်းထုတ်ပြန်ရေးကော်မတီ)