01 August 2017

“အလုပ်ထုတ်ခံခဲ့ရသည့်အလုပ်သမားများနစ်နာကြေး ဘတ်ငွေတစ်သန်းကျော် လာထုတ်ရန် MAT အဖွဲ့နှိုးဆော်”



၂၀၁၇ ခု သြဂုတ်လ ၁ ရက်
ရွှေလုပ်သား

     
ဘန်ကောက်မြို့ စမူပါကန်၊ ကင်ကရောက် ၅၆လမ်းတွင်ရှိသော ကားအပိုပစ္စည်းထုတ်လုပ်သည့် အလုပ်ရုံ မှ၂၀၁၃ ခုနှစ်က အလုပ်ထုတ်ခံခဲ့ရသည့် အလုပ်သမားများနစ်နာကြေးများရရှိတော့မည်ဖြစ်ပါသဖြင့် MAT အဖွဲ့ သို့ အလျှင်အမြန်ဆက်သွယ်ကြပါရန် မေတ္တာရပ်ခံပါသည်။


          ကားအပိုပစ္စည်းထုတ်လုပ်သည့် (YNP) Yar Na Pund public co.ltd တွင် အလုပ်လုပ်ကိုင်ကြသည့်မြန်မာ အလုပ်သမားပေါင်း ၁၀၆ ဦးတို့ အလုပ်ထုတ်ပယ်ခံခဲ့ရသည်။ ထိုအလုပ်သမားများထဲမှ အလုပ်သမား၆၅ဦးတို့ က အမှုဖွင့်တိုင်ကြားခဲ့ပါသည်။ ဤအမှုကိစ္စအား၂၀၁၃ ခု မေလက ဘန်ကောက်မြန်မာသံရုံးမှ ပထမဦးဆုံး အလုပ်သမားသံအရာရှိ ဦးကျော်ကျော်လွင် ၏ ပံ့ပိုးကူညီမှုများဖြင့် ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငအခြေစိုက် ပညာရေးဖေါင်ဒေးရှင်း FED ရှေ့နေအဖွဲ့နှင့်အတူ ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသား များအဖွဲ့ MAT တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည့် အမှုကိစ္စဖြစ်ပါသည်။
      
   
         ကားအပိုပစ္စည်းထုတ်လုပ်သည့် (YNP) Yar Na Pund public co.ltd သို့ အလုပ်သမားသွင်းသည့်
 (DDS) Doung Dao Supply service group co.ltd သည် အလုပ်သမားများထံမှ အလုပ်လုပ်ခွင့်ပါမစ် W.P လုပ်ပေးမည်ဟုဆိုကာ အလုပ်သမားတစ်ဦးစီဘတ်ငွေ ၅၁၀၀ အထိဖြတ်တောက်ထားခဲ့ပါသည်။ သို့ရာတွင်
၅လကျော်ကြာသည့်တိုင်အောင် Work Permit လုပ်မပေးသဖြင့် အလုပ်သမားများကို အလုပ်ရုံမှ အလုပ်ထုတ်
ပယ်ခြင်းကို ခံခဲ့ရခြင်းဖြစ်ပါသည်။


     MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း က“ အလုပ်သမားတစ်ယောက်ကို ဘတ်ငွေ ၁၆၅၀၀ စီ၊ စုစုပေါင်း ဘတ်ငွေ တစ်သန်းကျော် ရရှိနေပြီဖြစ်တာကြောင့် အလုပ်သမားတွေကို ဆက်သွယ်ပေးဖို့ ရှေ့နေအဖွဲ့က အကြောင်းကြားလာပါတယ်။ သုံးလေးနှစ်တောင်ကြာသွားပြီဆိုတော့ အလုပ်သမားတွေကို စုမိဖို့ခက်ခဲနိုင်ပါ တယ်။ ရခိုင်အလုပ်သမားအများစုဖြစ်ပါတယ်။ အလုပ်သမားတွေကိုယ်တိုင်ထုတ်ယူမှ ဒီငွေတွေကိုရရှိမှာဖြစ် ပါတယ်။ ကျနော်တို့ ထုတ်ယူလို့မရပါဘူး။ ဘာပဲဖြစ်ဖြစ် မြန်မာအလုပ်သမားတွေကို ဥပဒေမဲ့ လုပ်ချင်တိုင်း လုပ်လို့မရဘူးဆိုတာကို အလုပ်ရုံကော အလုပ်သမားသွင်းစားတဲ့ ပွဲစားကုမ္ပဏီကရော သိသွားတာကျနော် တို့လုပ်ရပ်ရဲ့ အောင်မြင်မှုဖြစ်ပါတယ်၊ ကူညီပေးကြသူအားလုံးကိုကျေးဇူးတင်ပါတယ်” ဟုပြောသည်။


          ယခုအမှုကို စမူပါကန် တရားရုံးက ၂၀၁၅ ခုနှစ်က အလုပ်ရုံမှ နစ်နာကြေးပေးဆောင်စေရန် စီရင်ချက် ချမှတ်ပြီးဖြစ်ပါသည်။ သို့ရာတွင် လုပ်ငန်းရှင်သူဌေးများက မပေးလျှော်လိုကြောင်း ရှေ့နေငှါးရမ်း၍ ပြန်လည်ခုခံ ခဲ့သဖြင့် ယခုလောက်အထိ အမှုကြာမြင့်သွားခဲ့ရခြင်းဖြစ်ပါသည်။ သို့ရာတွင် အလုပ်သမားဆိုင်ရာ အတွေ့အကြုံ များစွာရှိကြသည့် ရှေ့နေကြီးနာဆာနှင့် ဖိမေ့ တို့၏ ကြိုးပမ်းဆောင်ရွက်မှုတို့ဖြင့် ယခုအခါ အလုပ်သမားများ နစ်နာကြေးများကိုရရှိခဲ့ပြီဖြစ်ပါသည်။


    ယခု တင်ပြထားသည့် အမည်စါရင်းပါအလုပ်သမားများအနေဖြင့် MAT အဖွဲ့မှ အမှုလိုက်တာဝန်ခံ ဦးဘခက် 087 312 1179 နှင့် ဦးကျော်သောင်း ဖုန်း 084 670 5727 သို့ဆက်သွယ်ကြပါရန် မေတ္တာရပ်ခံထားပါသည်။ မြန်မာပြည်သို့ပြန်လည်ရောက်ရှိသွားကြသူများကလည်း လာရောက်ထုတ်ယူနိုင်ပါသည်။ မဆိုသကောင်း ကွယ်

လွန်သွားသည့် အလုပ်သမားများရှိပါကလည်း မိသားစုဝင်များက ဆက်သွယ်ဆောင်ရွက်ကြပါရန် မေတ္တာရပ် ခံပါသည်။