27 August 2017

“အကြမ်းဖက်တိုက်ခိုက်မယ်ဆိုတာ သတင်းကြိုတင်ရထားပြီးသားပါ”



ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေနှင့် တွေ့ဆုံခြင်း
ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ရဲစခန်း၊ ရဲကင်း ၃၀ တစ်ချိန်တည်း တစ်ပြိုင်တည်းတိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ အတွင်းရေးမှူး ဦးတင်မောင်ဆွေနှင့် ဆက်သွယ်၍ The Voice က မေးမြန်းထားမှုကို ဖော်ပြအပ်ပါသည်။


Voice – မောင်တောဒေသမှာ အကြမ်းဖက် တိုက်ခိုက်မှု အခြေအနေဘယ်လိုရှိလဲ။ တိုက်ခိုက်မှုတွေ ဖြစ်နေဆဲပဲလား။ 

UTMS – နယ်မြေရှင်းလင်းဆဲပါပဲ။ တိုက်ခိုက်မှု တော့ မဟုတ်ပါဘူး။ ပစ်ခတ်မှုလေးတွေ ကြိုကြား ကြိုကြားဖြစ်နေတယ်။

Voice – အခုတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ပြည်နယ် အစိုးရအဖွဲ့က အရေးပေါ်အစည်းအဝေးလုပ်တယ်လို့  သိရပါတယ်။ ဒီတိုက်ခိုက်မှုကို အစိုးရက ဘယ်လို ကိုင်တွယ်မလဲ။  

UTMS – ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေနဲ့ အရေးပေါ် အစည်းအဝေးလုပ်ပြီးတော့ ဘာတွေ ဘယ်လို လုပ်မလဲ ဆိုတာ စီမံထားပြီဖြစ်ပါတယ်။ ကျွန်တော်တို့ကတော့  မြေပြင်မှာဖြစ်နေတဲ့အခြေအနေတွေကို သိရှိအောင် ဆောင်ရွက်တယ်။ အထက်ဌာနတွေကို တင်ပြမယ်။  လိုအပ်တဲ့နေရာတွေကို အမြန်ဆုံးအကူအညီပေးနိုင်ဖို့၊  ဖြည့်တင်းပေးနိုင်ဖို့ ပြင်ဆင်ထားပါတယ်။

Voice – ၂၀၁၆ အောက်တိုဘာမှာ နယ်ခြားစောင့်  ရဲတပ်ဖွဲ့ဌာနချုပ်အပါအဝင် စခန်းသုံးခု တိုက်ခိုက်ခံရတယ်။ အခုက စခန်း ၃၀ တိုက်ခိုက်ခံရတယ်ဆိုတော့ နယ်မြေသိမ်းတဲ့ တိုက်ခိုက်မှုလို့ ပြောလို့ရလား။ 

UTMS – သူတို့ရည်ရွယ်ချက်က ကြီးမားတယ်လို့ပဲ ပြောပါရစေ။ နယ်မြေသိမ်းရုံလောက်တော့ မဟုတ်လောက်ဘူး။ လူဦးရေအချိုးကတော့ ၉၀ ရာခိုင်နှုန်း ကျော်နေပြီပဲ။ ကြီးမားတဲ့ရည်ရွယ်ချက်တစ်ခုနဲ့ ဆောင်ရွက်တာဖြစ်တယ်။ ဒီတိုက်ခိုက်မှုက ကြိုတင်စီစဉ်တဲ့ တိုက်ခိုက်မှုပဲ။ သေချာပြင်ဆင်ထားတယ်။ စခန်း ၃၀ လောက်ကို တစ်ချိန်တည်း တစ်ပြိုင်တည်း တိုက်ခိုက်တာပေါ့။ အချိန်ယူပြီးတော့ ပြင်ဆင်ထားတဲ့ သဘောပေါ့။ အဲတော့ ဒီတိုက်ခိုက်မှုက  အရင်တစ်ခေါက်နဲ့မတူဘူး။ ကြိုတင်စီမံထားတဲ့ အတိုင်းလုပ်တာဖြစ်တယ်။ ကိုဖီအာနန် နောက်ဆုံးအစီရင်ခံစာထွက်တဲ့ နောက်ပိုင်း တိုက်တယ်။ စက်တင်ဘာ  ၂၀ မှာ ကုလသမဂ္ဂမှာ ညီလာခံနဲ့ အဲဒါတွေကိုပါ  အချိန်ကိုက်လုပ်တာ။ Issue တစ်ခုလုံးကို ဖော်ထုတ်တာပေါ့။ လူမျိုးတုံး သတ်ဖြတ်တာတွေ၊ ရွာတွေကို မီးရှို့တာတွေစတဲ့ မတရားလုပ်တယ်ဆိုပြီး ထုံးစံအတိုင်း သူတို့ဘက်က မီဒီယာတွေနဲ့ ပူးပေါင်းပြီး လုပ်ဖို့ပေါ့။ အခုအချိန်မှာတော့ သူတို့ကပဲ တိုက်တယ်၊ သူတို့ဘာသာပဲ ရွာတွေကို မီးရှို့ပြီး ထွက်ပြေးတယ်။  ဒါတွေအားလုံးက ကျွန်တော်တို့ အချိန်နဲ့ တစ်ပြေးညီ ပြည်သူလူထုကို တင်ပြနေတယ်။ သူတို့ဟာ သူတို့  မီးရှို့ထွက်ပြေးပြီးတော့မှ ကျွန်တော်တို့ကပဲ မီးရှို့တဲ့ ပုံစံလုပ်ပြီး ထုံးစံအတိုင်း သူတို့ရဲ့ မီဒီယာတွေက  တက်လာဦးမှာ ဖြစ်ပါတယ်။ မီဒီယာများကလည်း  အဖြစ်မှန်တွေကို တင်ပြပေးဖို့လိုပါတယ်။

Voice – အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်မယ် ဆိုတာ သတင်းကြိုမရဘူးလား။

UTMS – ဒီလို ဖြစ်လာမယ်ဆိုတာကို မျှော်လင့် ထားပြီးသားပါ။ နိုင်ငံတော် အကြီးအကဲတွေကလည်း ဒီလိုဖြစ်လာမယ်ဆိုတာ မျှော်လင့်ထားပြီးသားပါ။  စက်တင်ဘာလမတိုင်ခင်မှာ ဒီလိုပြဿနာမျိုးတွေရှာမယ်၊ Issue တစ်ခုဖြစ်အောင် ဖန်တီးမယ်ဆိုတာ နိုင်ငံတော်အကြီးအကဲတွေက အစောကြီးကတည်းက မျှော်မှန်းထားပြီးသားပါ။ မြေပြင်မှာရတဲ့ သတင်းတွေကရယ်၊ ဖမ်းဆီးရမိတဲ့သူတွေဆီကရတဲ့ သတင်းတွေကလည်း အကြမ်းဖက်သင်တန်းတွေ ပေးနေတယ်။  လက်နက်တွေ စုနေတယ်။ စက်တင်ဘာ ပထမပတ်မှာ  အကြမ်းဖက်တိုက်ခိုက်မှုလုပ်မယ်ဆိုပြီးတာ သတင်းကြိုတင်ရထားပြီးသားပါ။

Voice – သတင်းကြိုရထားပေမယ့် အခုလို အတိုက်အခိုက်ခံရပြီး အကျအဆုံးများတာက ကြို မပြင်ထားလို့လား။

UTMS – သတင်းကြိုရထားလို့ ကြိုတင်ပြင်ဆင် ထားလို့ စခန်းတစ်ခုမှ မကျတာပေါ့။ ကြိုတင်ပြင်ဆင် ထားလို့၊ ပြည်ထဲရေးဒုဝန်ကြီးတို့ ကြိုပြီးတော့ စခန်းတွေကို စစ်ဆေး။ လူ လက်နက်အကုန် ဖြည့်ဆည်းပေးထားလို့ စခန်းတွေ ပိုးစိုးပက်စက် မဖြစ်တာပေါ့၊ မဟုတ်ရင် စခန်းတွေ အကုန်ကျသွားမှာပေါ့။ ရန်သူက သူတိုက်ချင်တဲ့အချိန် သူတိုက်ချင်တဲ့နေရာမှာ  တိုက်မှာပေါ့။ သူတို့ စိတ်ထဲမှာရှိတာတော့ ဘယ်လိုလုပ်သိမှာလဲ။  ကျွန်တော်တို့ဘက်က အသင့်ဖြစ်နေတဲ့အတွက် ကျဆုံးမှုအနည်းဆုံး ဖြစ်တာပေါ့။ မဟုတ်ရင်  နယ်မြေစခန်းအကုန်ပါသွားပြီးပေါ့။ စခန်းတစ်ခုမှ  မကျဘူး။ ခုနက ပြောသလို သေနတ်နဲ့ ပစ်တာပဲ၊ ထိခိုက်ကျဆုံးမှုက အထိုက်အလျောက် ရှိမှာပေါ့။