21 May 2015

“သေနတ်ပစ်ခပ်ခံရသူ၎ဦးလုပ်အားခ ယနေ့ရပြီ”



                                
၂၀၁၅  မေလ ၂၁
မြတ်ညို(အလွတ်သတင်းထောက်)

                 လုပ်ငန်းရှင်က သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အလုပ်သမား၎ဦး၏ လုပ်အားခအား မြန်မာသံရုံးမှ တာဝန် ရှိသူများတောင်းခံခဲ့ရာ  ယနေ့တွင်ရရှိ လိုက်ပြီဖြစ်ကြောင်း အလုပ်သမားများ ကပြောသည်။

            မေလ ၁၄ ရက်နေ့က အလုပ်သမားသံအရာရှိ ဦးလှထွန်းနှင့် မြန်မာသံရုံးအလုပ် သမားကူညီစောင့် ရှောက်ရေးကော် မတီဝင်များ သည် မြန်မာသံအမတ်ကြီး ဦးဝင်မောင်၏ တာဝန်ပေးချက်အရ ခြုံဖွန်အနီးတော ထဲတွင် ထိုင်းအာဏာပိုင် များ ကဖမ်းဆီးရမိခဲ့သော မြန်မာ အလုပ်သမား ၇၅ဦးကိစ္စဖြင့် သွားရောက်ခဲ့ကြသည်။  ခရီးလမ်းကြုံသဖြင့် လုပ်အားခတောင်းခံသဖြင့် သေနတ်ပစ်ခတ်ခံရသည့် အလုပ်သမားများ၏ လုပ်အားခများ ရရှိရေးအတွက် စူရတ်ဌာနီခရိုင် ဆ၀ါဒီကန် (အလုပ်သမားပြဿနာဖြေရှင်းရေးရုံး)သို့ သွားရောက်အမှုဖွင့် တိုင်ကြားခဲ့ကြပါ သည်။

           ငွေလက်ခံရရှိခဲသည့်  ကိုသန်းအောင် က“ ကျနော်တို့ လုပ်အားခရဖို့နေနေသာသာ အသက်မသေ ခဲ့ တာကံကောင်းတယ်။ ဘန်ကောက်က သံရုံးကလူကြီးတွေကိုယ်တိုင်လာပြီး အမှုဖွင့်တာကိုတောင် စူရတ်ဌာနီ ဆ၀ါဒီကန် က ပြေပြေလည်လည်လက်မခံလို့ အလုပ်သမားသံအရာရှိ မနည်းပြောယူရတယ်။ ကျနော်တို့လုပ် အားခ  ရလို့ အတိုင်းမသိဝမ်းသာပါတယ်။ ကျနော်တို့ ချေးငွေတွေကိုနုတ်ပြီး ကျန်တဲ့ငွေတွေ ကိုပေးခဲ့ပါတယ်။ ကူညီသူတွေအားလုံးကို ကျေးဇူးလည်းတင်ပါတယ်”ဟုပြောသည်။

      ယနေ့နံနက်က ရာဘာခြံသစ် ထုတ်လုပ်ငန်း လုပ်ကိုင်သူ (ဘာကု) ဆိုသည့်သူဌေးက စူရတ်ဌာနီ ဆ၀ါဒီ ကန်သို့ လာရောက်၍ လုပ်အားခ ကျန်ငွေ ၂၄,၀၀၀ ဘတ်ကို လာရောက်   ပေးချေခဲ့ခြင်းဖြစ်သည်။

     ပြီးခဲ့သည့် မေလ ၂ ရက်နေ့နံနက် က ပစ်ခတ်ခံရသည့် ဖြိုးအား MAT အဖွဲ့က ဘန်ကောက်သို့ခေါ်ယူ၍ အမှုတွဲများအား မြန်မာသံရုံး အကူ ညီဖြင့် ဘာသာပြန်ဆိုမှုများပြုလုပ်ခဲ့သည်။ ထို့နောက် အတွင်းဝန်တစ်ဦးနှင့် အတူ ထိုင်းရဲဌာနချုပ် မေလ ၁၂ ရက်နေ့ကသွားရောက်အမှုဖွင့်ထားခဲ့ကြသည်။

               မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီဝင်၊ ဘန်ကောက်မြို့အခြေစိုက်  ထိုင်း နိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း က “အယင်က မလုပ်ခဲ့ကြ လို့ပါ။   နိုင်ငံတော်အစိုးရအား၊ သံရုံးအား ဆိုတာ ပေါ့သေးသေးမှမဟုတ်တာ။ တချို့ကိစ္စတွေ သံရုံးကပါ ဆိုတာနဲ့ အဆင်ပြေသွားတာ တွေရှိပါတယ်။ သံရုံးအနေနဲ့ စေတနာပါပါနဲ့ တကယ်ထိထိရောက်ရောက် လုပ်လာလို့ရှိရင် ထိုင်းမှာ မြန်မာတွေ နှိပ်ကွပ်ခံနေရတာတွေ လျှော့နည်းလာမှာ ကိန်းသေပါပဲ။ ဒါပေမယ့် သန်းချီရှိတဲ့  အလုပ်သမားတွေအတွက် ထိထိရောက်ရောက် ကူညီဖို့အတွက်တော့ အစီအမံတွေ လိုအပ် ပါသေးတယ်။ လူအင်အားနဲ့ငွေအင်အားလည်းအများကြီးလိုအပ်ပါမယ်”ဟုပြောသည်။ 
 
           သေနတ်ပစ်ခပ်ခံရမှုအတွက်ကိုမူထိုင်းရဲတပ်ဖွဲ့ကတစ်စုံတစ်ခုကိုင်တွယ်ဖြေရှင်းပုံမရရှိသေးကြောင်း   မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီဝင် ရှေ့နေကြီးဦးအောင်မျိုးသန့် က ပြောသည်။

           ထိုင်းလုပ်ငန်းငန်ရှင်အတော်များများတို့သည် အလုပ်သမားတို့၏ လုပ်အားခများအား ပြေပြေလည် လည်ရှင်းမပေးခြင်း၊ ပတ်စပို့နှင့် ဘတ်ကဒ်တို့ကိုယနေ့တိုင် သိမ်းထားလေ့ရှိဆဲဖြစ်သည်။ ထို့အပြင် လုပ် အားခများအား မရှင်းပေးချင်သဖြင့် ခိုးမှုဖြင့်စွတ်စွဲ၍ ဖမ်းဆီးထောင်ချခြင်းများနှင့် နယ်မြေခံရဲများဖြင့် ဖမ်းဆီး ၍ နယ်စပ်သို့ ပြန်ပို့ခြင်းများယနေ့တိုင်ရှိဆဲဖြစ်ပါသည်။