31 May 2015

“၁၃လကြာရှောင်တိမ်းနေသည့် လူသတ်သမားတစ်ဦးကို ယနေ့ဖမ်းဆီး”



                          






 ၂၀၁၅ မေလ  ၃၁ ရက်        မင်းဘခက်


        ဘန်ကောက်မြို့ အယ်ကချိုင် ၇၆ လမ်းတွင် ယမန်နှစ်က ရခိုင် အလုပ် သမားဇနီးမောင်နှံတို့အား သတ်ဖြတ် ခဲ့ သည့် လူသတ်သမား ၂ဦး အနက် တစ်ဦးကို ယနေ့ နံနက်က မဟာချိုင် တွင် ထိုင်းရဲတပ်ဖွဲ့နှင့် မြန်မာသံရုံး အလုပ်သမားကူညီစောင့်ရှောက်ရေး   ကော်မတီက ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

             ဘန်ကောက်မြို့အယ်ကချိုင်၇၆လမ်း မူဘမ်းSKလမ်သွယ် ၆/၁တိုက်အမှတ် ၄၀/၇၃၈ အတွင်းရှိ စွယ်ဟုတ်၆/၁ ထိပ်တွင်ရှိသောဇူလီယံ ၅ထပ်တိုက်၏ ဒုတိယထပ်အခန်း၂၀၅တွင် နေထိုင်သည့် ရခိုင် အလုပ်သမား ဇနီးမောင်နှံ၂ဦးတို့၂၀၁၄ ခု မတ်လ ၃၁ ရက်နေ့ညဥ့်၂နာရီကျော်ခန့်က အသတ်ခံခဲ့ရခြင်းဖြစ် သည်။

       သေဆုံးသူများမှာ မောင်စိုးသန်း၊ အသက်၂၈နှစ်သည် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်း အုပ်စုပြားဂျွိန်ချောင်းဖြားကျေးရွာနေ ဦးဖိုးတုတ်(ခ)ဦးမောင်ထွီးစံ+ဒေါ်လှစောတို့၏သားဖြစ်သည်။ အသက်၂၆ နှစ်အရွယ် မမိဖြူ မှာရခိုင်ပြည်နယ် ဘူးသီးတောင်မြို့၊ အမှတ်(၄)ရပ်ကွက်မြို့ဦးကျောင်းအနီးမှ ဦးကျော် ထွန်း+ဒေါ်မချေ တို့၏သမီးဖြစ်သည်။ (သားသမီး၃ဦးအနက်  အငယ်ဆုံးဖြစ်ကြောင်းသိရသည်)

            ယနေ့ဖမ်းဆီးမိသော အသက် ၂၉ နှစ်အရွယ် ၀တုတ်ခေါ်(ခ) စိန်ကျော်သန်း နှင့် ထွက်ပြေး လွတ်မြောက်နေဆဲဖြစ်သော အသက် ၃၆နှစ်အရွယ် မောင်တင်ကြည် တို့သည်တရွာတည်း သားများဖြစ်ကြ ကြောင်းပြောသည်။ 


 စိန်ကျော်သန်း က“ကျနော်တို့ တရွာတည်းသားတွေ ရခိုင်မုန့်တီချက်စားကြတယ်။ အရက်အတူတူသောက် ကြတယ်။ အခု ထွက်ပြေးနေတဲ့ မောင်တင်ကြည်နဲ့ သေဆုံးသွားတဲ့ မောင်စိုးသန်းတို့က မလေးရှားမှာ အလုပ် အတူတူလုပ်ဖူးကြတယ်။ မောင်တင်ကြည် ကမလေးရှားငွေ ၁,၆၀၀ လား ၆၀၀ လား ကျနော်သေချာ မမှတ် မိဘူး။ အဲဒါကိုတောင်းတယ်။ သူတို့က မလေး,စကားနဲ့ပြောနေကြတာ။ အချင်းများကြတယ်။ သေဆုံးသူက ဓါး မြှောင်ကို ဆွဲအံထဲကထုတ်တယ်။ မောင်တင်ကြည်က ဓါးကိုလုယူပြီးထိုးချလိုက်တယ်။ မအော်နိုင်ခဲ့ဘူး။ သူဇနီး မဖြူက ကျနော့်ကို နင်ပါ ပါတယ်ဆိုပြီး ပါးကိုလာရိုက်တယ်။ ကျနော်လည်း ကြက်သွန်လှီးတဲ့ဓါးနဲ့ ၃ချက်ထိုး လိုက်တယ်။ ကျနော် တို့ ထွက်လာတဲ့အခါ အဲဒီအမျိုးသမီး သွေးအိုင်ထဲမှာ လှိမ့်ကျန်နေခဲ့တယ်” ဟုပြောသည်။

           ယခုလူသတ်မှုအား မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ဝင် ထိုင်းနိုင်ငံရောက် မြန်မာ နိုင်ငံသားများအဖွဲ့ MAT သည်  မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ လူသတ်သမားများအား စဉ်ဆက်မပြတ် လေ လာစောင့်ကြည့်နေခဲ့ကြသည်။ လူသတ်မှု ပေါ်ပေါက်ရေးနှင့် တရားခံများဖမ်းဆီးမိရေးအတွက် ပူးပေါင်းဆောင်
ရွက်ကြသည့် ဘန်ကောက်အခြေစိုက် ရခိုင်အမျိုးသားပါတီ (အမြုတေ) ပါတီဝင်တစ်ဦးက အခြားသက်သေ တစ်ဦးနှင့်အတူ ယမန်နေ့က MAT  အဖွဲ့ရုံးသို့ရောက်ရှိလာခဲ့ပြီး စိန်ကျော်သန်း မဟာချိုင် ၀တ်ကေသုန် ဘုန်းကြီးကျောင်း အနီးတွင် နေထိုင်ကြောင်းသတင်းပို့လာခဲ့သည်။

       MAT အဖွဲ့က မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီ သို့ သတင်းပေးပို့ပြီး အယ်ကချိုင် ရဲစခန်းသို့ ချက်ခြင်းသွားရောက်ခဲ့ကြသည်။  အစီအစဉ်များ စနစ်တကျ ချမှတ်၍ ယနေ့နံနက် ၉နာရီခန့်တွင် မဟာချိုင် ၀တ်ကေသုန်ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်းတွင် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။
MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က“ မိမိတို့ ရပ်ရွာမှာ အလုပ်အကိုင်မရှိလို့ ထိုင်းကိုလာပြီး အလုပ် လာလုပ်ကြသူအချင်းချင်းသတ်ကြတယ်။ ငါးဖမ်းလှေဆိပ်တွေမှာဆိုလည်း ရခိုင်အချင်းချင်း မကြာမကြာ ဓါးနဲ့ ထိုးပြီး လူသတ်မှုကျူးလွန်တတ်ကြတယ်။ ရွာကမိသားစုနဲ့ ဇနီးမယားတို့ကတော့ အလုပ်သွားလုပ်ကြ သူတွေဆီက ပြန်ပို့မယ့်ငွေတွေကိုအားကိုးပြီး ဘ၀ရပ်တည်နေကြရတယ်။ လူသတ်မှုဖြစ်တော့ အသတ် ခံရသူတွေရော လူသတ်မှုကိုကျူးလွန်ကြသူတွေပါ ဘ၀တွေပျက်စီးကြရတယ်။ တိုးတက်မှုကိုလိုချင်ကြတဲ့  ရခိုင်လူငယ်တိုင်း အရက်သေစာသောက်စားမှုကို လုံးဝရပ်နားကြစေချင်ပါတယ်” ဟု ပြောသည်။

           လူသတ်မှုကိုကျူးလွန်ခဲ့ကြသူ၂ဦးအနက် ထွက်ပြေးလွတ်မြောက်နေသည့် မောင်တင်ကြည်သည်  အခန်းတွင်းရှိ ပစ္စည်းများအား ရှာဖွေမွှေနှောက်ရာ အခြားပစ္စည်းများရရှိသည်ကို မသိရှိသော်လည်း လက်ကိုင် ဖုန်း တစ်လုံးရရှိသွားသည်ဟု စိန်ကျော်သန်းက ဆိုသည်။ ၎င်းတို့သည် ဧပြီလ၄ ရက်နေ့တွင် ကော့သောင်း ဘက်သို့ ကူးလာခဲ့ကြပြီး မောင်တင်ကြည် ကျန်နေခဲ့သည်ဟုဆိုသည်။

     ၈၊၄၊၂၀၁၄ နေ့ညနေ၅နာရီခန့်တွင် စိန်ကျော်သန်း ၏ အစ်ကို(အုန်းနွဲ့တွင်နေထိုင်သော မောင်မောင်) ဆိုသူ က ဘတ်ငွေ ၁,၅၀၀ အား စိန်ကျော်သန်း ထံသို့လွှဲပေးခဲ့သည်။ စိန်ကျော်သန်း သည် (ကော့သောင်းမြို့အဏ္ဏ၀ါရပ်ကွက်၊ အဿဝ   တီတည်းခိုခန်း၊ အခန်း အမှတ်(၂၀၂)၏တွင် ထားဝယ်အမျိုး သမီးတစ်ဦး နှင့် အတူ ၇၊၄၊၂၀၁၄ နေ့ ကတည်းခိုးသွားရာတွင် မြန်မာမှတ်ပုံတင်ကျန်နေခဲ့သည်)  ကော့သောင်းရဲတပ်ဖွဲ့မှ MAT အဖွဲ့သို့ သတင်းပေးပို့ခဲသည်။

          စိန်ကျော်သန်း သည် လူသတ်မှုအား လိုက်လံစုံစမ်းနေသူများဖြစ်သော ရခိုင်အမျိုးသားပါတီ (အမြုတေ) မှ တာဝန်ရှိ သူတစ်ဦးအား မျက်လုံးကိုဖေါက်ပစ်ပြီး ခြေလက်များကို ဖြတ်ပစ်မည်ဟု ခြိမ်းခြောက် ခဲ့ကြောင်း ကာယကံရှင် ကပြောပြသည်။ ယခုလူသတ်မှုအား အသတ်ခံရသည့် မောင်စိုးသန်း ၏မိဘများက ၂၀၁၄ ဇွန်လက ကျောက်ဖြူမြို့နယ်၊ မင်းပြင်ရဲစခန်းမတွင် အမှုဖွင့်တိုင်ကြားထားကြောင်း ပူးပေါင်းဆောင်ရွက် သူရခိုင်ပါတီ ၀င်ကပြောသည်။