08 May 2015

“လုပ်အားခရော၊ ပတ်စပို့ပါမပေးပဲ အလုပ်ရှင်ရိုက်နှက်မောင်းထုတ်ခံသူ၎ဦးကိစ္စ MATနှင့်မြန်မာသံရုံးဖြေရှင်း”




၂၀၁၅ မေလ ၈ ရက်

မောင်+ချို+ဦး
            ဘန်ကောက်မြို့မြောက်ဘက်  ပထုန်ဌာနီ သလာထိုင်း ဈေးကြီး ၀က်သားဆိုင်တွင် အလုပ်လုပ်နေကြသော မြန်မာအလုပ် သမား ၄ဦးတို့အား ပြောသည်ကိုမကြားရကောင်းလားဟုဆိုကာ လုပ်ငန်းရှက် ရိုက်နှက်မောင်းထုတ်ခံခဲ့ ရသည့် အလုပ်သမား ၄ဦးတို့၏ ပတ်စပို့နှင့် လုပ်အားခများအား MAT နှင့် မြန်မာသံရုံးအလုပ်သမားကူညီ စောင့် ရှောက်ရေးကော်မတီတို့က ယနေ့ ကူညီဆောင်ရွက် ပေးလိုက်ပြီဖြစ်သည်။  

               မေလ ၅ ရက်နေ့က ၀က်သားဆိုင်ပိုင်ရှင်၏ သားမက်ဖြစ်သူက ပြောသည်ကို မကြားရကောင်းလားဟု ဆိုကာ   မောင်းထုတ်လိုက်သဖြင့် သူဌေးအိမ်သို့ပြန်လာခဲ့ကြရာ သူဌေးမက ဓါတ်ကြိုးဖြင့် အမျိုးသမီး ၂ဦးကိုရိုက်နှက် သလို သူဌေးက အလုပ်သမား ၂ဦးတို့ကို လက်သီးဖြင့်ထိုးခဲ့သည်။ သေနတ်ဖြင့်ပစ်မည်ဟု ဆိုကာ အတွင်းသို့ ၀င် သွားစဉ် အလုပ်သမားများမှာ ခါးတစ်ထည်ကိုယ်တစ်လုံးဖြင့် လမ်းစရိတ်မပါပဲ MAT အဖွဲ့ မဟာချိုင်ရုံးသို့ ထွက်ပြေး လာခဲ့ကြပါသည်။

ကိုထွန်းလွင်မိုး က“MAT အဖွဲ့ တစ်ခုရှိနေလို့ပါ။ ဒီနေ့တော့ ကျနော်တို့မှာ ကျန်နေခဲ့တဲ့ အ၀တ်အစားတွေ၊ ဘတ်ကဒ် တွေနဲ့ လုပ်အားခတွေပါ ရလာခဲ့ပါပြီ” ဟုပြောသည်။ 

        အလုပ်သမား ၄ဦးတို့မှာ မြန်မာနိုင်ငံ ပဲခူတိုင်း ဝေါမြို့နယ် ၀င်းကဒတ်ကျေရွာမှ ကိုထွန်းလွင်မိုး၊ ကိုအောင်ဆန်း မင်း မအေးမိစံနှင့် မစန္ဒာထွေး တို့ ဖြစ်ကြပါသည်။

             ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT အတွင်းရေးမှူး ကိုခိုင်ကြီးက “ သူတို့ကျနော်တို့ဆီကိုရောက်လာတာ အငှါးကားခရော့ပေးရတာ။ ထမင်းလည်း ၃ရက်ကျွေးထားရတာ။ တစ်ပြားမှ ပါမလာဘူး။ ကျနော်တို့က အ၀တ်အစား လဲစရာပါ ၀ယ်ပေးထားရတာပါ။ ဒီနေ့ ပထုန်ဌာနီ ဆ၀ါဒီကန်ရုံးကို သွားတယ်။ မြန်မာသံရုံး အလုပ်သမားကူညီစောင့် ရှောက်ရေးကော်မတီ ကပါဆိုပြီး ကဒ်ကိုထုတ်ပြပါတယ်။ လုပ်ငန်းရှင်က ထိုင်းပုလိပ်ဖြစ်နေတယ်။ ဒါပေမယ့် သူလုပ် တာ မှားနေတာကြောင့် လုပ်အားခ ဘတ်ငွေ ၃၆,၆၀၀  ပါတစ်ခါတည်း ပေးလိုက်ပါတယ်” ဟုပြောသည်။


         ထိုင်းလုပ်ငန်းရှင်အတော်များများတို့သည်  အလုပ်သမားများ၏ နေထိုင်ခွင့် ဘတ်ကဒ်နှင့် ပတ်စပို့တို့အား သိမ်းဆည်းထားလေ့ရှိကြရုံသာမက လုပ်အားရှင်းမပေးပဲ ရိုက်နှက်ပြီးမောင်းထုတ်ခြင်း၊ ထိုင်းရဲကိုဖမ်းဆီးခိုင်းခြင်းများ မကြာမကြာပြုလုပ်လေ့ရှိသည်။ MAT အဖွဲ့ကလည်း အတတ်နိုင်ဆုံး ကူညီဖြေရှင်းပေးလေ့ရှိသည်။