22 April 2015

လှေခါး


ငါဟာ လှေခါးတစ်စင်းပါ
ငါ့အပေါ် ချစ်တဲ့သူတွေရော
ငါ့ကို မုန်းတဲ့သူတွေရော
ချစ်မုန်းမဟူ၊ မည်သူမဆို
ဒီလှေခါးကို တက်နိုင်ပါတယ်။

ဒီလှေခါးက အထက်ကိုဖြောင့်တန်းတယ်၊
အရမ်းမတ်စောက်ပြီး ရှည်လျားလို့ 
လက်ရမ်းသုံးသွယ် တပ်ထားတယ်၊
လှေခါးထစ် တစ်ထစ်ချင်းကို
သာသာဘဲနင်းနင်း၊ နာနာဘဲနင်းနင်း
သေသေချာချာ နင်းပြီး တက်ကြပါ၊
လက်ရမ်းကို ဆွဲတက်သွားနော်
လှေခါးထစ်များက တောင့်ခံပေးထားမယ်။

ဒီလှေခါးကို တက်ကြတဲ့
လူကြီးလူငယ်တို့ ရဲ့ မြေမှုန်တွေ
ဒီလှေခါးပေါ် ကျချင်ကျပါစေ
သူတို့  ဖိနပ်က ရွှံ့ မြေတွေ
ဒီလှေခါးမှာ ပေချင်ပေပါစေ
ဒါပေမယ့် ခြေမချော်စေချင်ဘူး
မတော်လို့  လန်ကျသွားရင်
ဒီလှေခါးဘဲ ရင်နာခံစားရမှာပါ။

မတ်စောက် ရှည်လျားလို့ 
ဒီလှေခါးကို
အပြစ်စကား ဆိုချင်လည်းဆိုပါ
မောရင်လည်း ဒီလှေခါးပေါ်
ထိုင်နားလို့  ရပါတယ်။

သာယာသော အထက်စခန်းသို့ 
အများလူ တက်လှမ်းဖို့ ရာ
ဒီလှေခါးဟာ မျှော်လင့်လျက်
အမြဲတမ်း အဆင်သင့်ရှိနေမှာပါ။

အရှင်ခေမာစာရ(မန်းရေတံခွန်)