03 April 2015

“သေတွင်းထဲကမကျွတ်လွတ်သေးတဲ့မြန်မာကျွန်များကိုကူညီပါ”



၂၀၁၅ ဧပြီလ ၂ ရက်နေ့ထုတ် မြန်မာပို့စ် ဂလိုဘယ် သတင်းဂျာနယ် မှ အထူးဆောင်းပါးအား ကူးယူဖေါ်ပြခြင်းဖြစ်ပါသည်။   
                      
           သင်စားတဲ့ငါးတွေဟာကျွန်တွေဖမ်းတဲ့ငါးတွေလော….ဆိုတဲ့ခေါင်းစဉ်နဲ့အေပီသတင်းဌာနက ၂၀၁၅ ခုနှစ်မတ်လ ၁၈ ရက်နေ့မှာ သတင်းဆောင်းပါးတစ်ပုဒ်နဲ့ ဗွီဒီယိုသတင်းတစ်ပုဒ် ထုတ်လွှင့်ပြသလိုက်
လို့ တမ္ဘာလုံးအံ့သြတုန်လှုပ်သွားခဲ့တယ်။ တပြိုင်တည်းမှာပဲ လူကုန်ကူးမှုနဲ့ပင်လယ် အစားအစာထုတ်လုပ်
မှုတွေ နဲ့အဓိက၀င်ငွေရရှိပြီး ကျိကျိတက်ချမ်းသာနေတဲ့ ထိုင်းနိုင်ငံရော ထိုင်းကအစား အစာကိုတင်သွင်းနေ
တဲ့ အမေရိကန်နဲ့ အီးယူနိုင်ငံတွေကပါ ခြောက်ခြားသွားခဲ့ကြတယ်။
             စာရေးသူဟာ ထိုင်းနိုင်ငံအတွင်းမှာနေထိုင်းပြီး အလုပ်သမားအရေးကို ဆယ်စုနှစ်ကျော်ကြာ ဆောင်ရွက်နေသူဖြစ်သလို လူကုန်ကူးမှုတိုက်ဖျက်ရေးကို အဓိကလုပ်ကိုင်နေသူတစ် ဦးဖြစ်တာကြောင့် အာရှငါးဖမ်းလုပ်ငန်းခွင်ထဲမှာ အထူးသဖြင့် ထိုင်းနိုင်ငံပင်လယ်အစားအစာထုတ်လုပ်တဲ့ လုပ်ငန်းမှာမြန်မာ တွေလူကုန်ကူးခံနေရတဲ့အနေအထားတွေကိုသာမန်လူတွေထက်သိရှိထားသူဖြစ်ပါတယ်။ လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းကို နိုင်ငံတကာအိုင်အင်ဂျီအိုတွေ၊ အင်ဂျီအိုတွေအပြင် ထိုင်းအစိုးရလူ ကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့တွေနဲ့ရော မြန်မာအစိုးရလူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့တွေနဲ့ပါပူးပေါင်း
 ဆောင်ရွက်နေတာကြောင့် သူတို့တွေရဲ့လုပ်နည်းလုပ်ဟန်နဲ့ အားနည်းချက်အားသာချက်တွေကိုလည်း သိသင့် သလောက်သိထားတဲ့ သူတစ်ဦးလည်းဖြစ်ပါတယ်။


                                   “အာရှ ငါးဖမ်းလုပ်ငန်းနဲ့ခေတ်သစ်ကျေးကျွန်”
            ထိုင်းနိုင်ငံအတွင်းမှာ ငါးဖမ်းလှေဆိပ်အမြောက်အမြားရှိပါတယ်။ ငါးဖမ်းလှေတိုင်းမှာ လှေကိုအုပ် ချုပ်သူတွေဟာ ထိုင်းလူမျိုးနဲ့မွန်လူမျိုးတို့ဖြစ်ကြပါတယ်။ အချို့ငါးဖမ်းလှေပိုင်ရှင်တွေဟာ လှေကို အုပ်ချုပ်နိုင် တဲ့ ထိုင်းလူမျိုးတွေနဲ့ မွန်လူမျိုးတွေကိုပါ လပေး နှစ်ချုပ် ငှါးရမ်းလုပ်ကိုင်ကြတွေလည်းရှိပါတယ်။ ထိုင်းနိုင်ငံ ရဲ့ပြည်ပ၀င်ငွေတတိယအများဆုံရှာပေးတဲ့ ပင်လယ်အစားအစာထုတ်လုပ်မှုထဲကလူကုန်ကူးမှုဟာ နိုင်ငံ တကာက သိထားတဲ့အပြင်ပန်းထက် အလွန်လေးနက် နက်ရှိုင်းတဲ့အနေအထားမှာရှိနေတာပါ။ ထိုင်းနိုင်ငံ ပင်လယ်အစားအစာထုတ်လုပ်တဲ့လုပ်ငန်းခွင်မှာ အလုပ်သမားပြတ်လပ်မှု အမြဲတမ်းရှိနေတာမို့ လူကုန်ကူး မှုဟာ စဉ်ဆက်မပြတ်လည်ပတ်နေတဲ့လုပ်ငန်းကြီးဖြစ်ပါတယ်။ ထိုင်းနိုင်ငံအတွက်အကျိုးများပြီး ကျွန်ပြုခံနေ ကြ ရတာက မြန်မာတွေဆိုနေမှတော့ဒီလောက်ကောင်းတဲ့အလုပ်ဘယ်မှာရှိနိုင်တော့ပါမလဲ။  
       
         အာဏာရှင်အုပ်ချုပ်တဲ့တိုင်းပြည်၊ စာမတတ်တဲ့တိုင်းပြည်၊ အလုပ်မရှိတဲ့တိုင်းပြည်၊ လူစဉ်မီမီ မနေရ တဲ့တိုင်းပြည်မှာ လူဖြစ်လာသမျှ အရွယ်ရောက်ပြီး မြန်မာနိုင်ငံသားတိုင်းဟာ ထိုင်းကိုလာရောက်ကြရမှာမို့ လယ်ကစင်း ကတွတ်ပေါက်ကစောင့်ပြီး ကျွန်ပြုလိုက်ရုံပဲဖြစ်တယ်။ ကျနော်တို့ တိုင်းပြည်ရဲ့ အနေအထား ကလည်း ကျွန်ပြုချင်စရာဖြစ်နေတာမို့လည်း ထိုင်းငါးဖမ်းလှေတွေပေါ်က လူကျွန်ပြုမှုယန္တရားသက်ဆိုးရှည်   စေတာလားလို့လည်း စဉ်းစားစရာဖြစ်ပါတယ်။ ထိုင်းငါးဖမ်းလှေတွေပေါ်မှာ မြန်မာနိုင်ငံသားတွေသာမက ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံသားနဲ့အချို့လည်း ရောင်းစားခံထားကြရသူတွေရှိပါတယ်။  
       ထိုင်းငါးဖမ်းသင်္ဘောကြီးတွေဟာ မြန်မာ၊ မလေးရှား၊ အင်ဒိုနီးရှားရေပိုင်နက်အပါအ၀င်၊ အရှေ့တီမော နဲ့ နိုင်ငံတကာ ရေပိုင်နက်တွေမှာ လူကုန်ကူးဂိုဏ်းတွေဆီက ခေါ်ဆောင်သွားတဲ့ မြန်မာအလုပ်သမားတွေ နဲ့ အတူ ၆နှစ်က နေ ၈နှစ်အထိ ဆိပ်ကမ်းကိုပြန်မကပ်ပဲ ပင်လယ်ပြင်ထဲမှာ နေ့ရော့ညပါ ငါးဖမ်းပါတယ်။ ရရှိလာတဲ့ငါးတွေကို သင်္ဘောငယ်တွေနဲ့ အခေါက်ခေါက်အခါအခါ သယ်ယူပို့ဆောင်ပေးပါတယ်။ အင်ဒိုလှေ ပေါ်ကိုပါသွားတဲ့ မြန်မာတွေမှာ နာမကျန်းဖြစ်ရင်လည်းဆေးမကုရ၊ ငါးစူးလို့ နေထိုင်မကောင်း လို့လည်း မနားရ လှိုင်းမူးလို့လည်းမနားရပါ။ ကမ်းမမြင်လမ်မပြင် ပင်လယ်ပြင်ထဲကို သေခါမှသေရောလို့ ခုန်ဆင်းပြီး သေကြောင်းကြံခဲ့တဲ့ မြန်မာတွေဆိုတာ မကြာခဏပါပဲလို့ ပြန်လည်လွတ်မြောက် လာသူတွေ   ပြောပြဖူးပါ တယ်။
             လှေကိုအုပ်ချုပ်တဲ့ ထိုင်းလူမျိုးတွေ အလိုမကျရင် အဆဲအဆိုခံရရုံသာမက ထိုးကြိတ်တာတွေကို မကြာခဏခံကြရသလို အသေသတ်ပြီး ပင်လယ်ထဲကိုလည်း ပစ်ချတတ်ကြပါတယ်။ ထိုင်းငါးဖမ်းလှေကို   ရောင်းစားခံခဲ့ရတဲ့ အင်ဒိုနီးရှားကျွန်း တစ်ကျွန်းမှာ ဆင်းကျန်နေခဲ့ပြီး အင်ဒိုကျွန်းသူတစ်ဦးနဲ့ အိမ်ထောင် ကျကာ ၅နှစ်တိုင်တိုင် လွတ်လမ်းကို စောင့်မျှော်ခဲ့ရတယ်။ အင်ဒိုကျွန်းသူဇနီးရဲ့ အကူအညီနဲ့ ထိုင်းကို ပြန် မယ့် ငါးဖမ်းလှေတစ်စီးနဲ့ ပြန်ရောက်လာခဲ့တဲ့ သေရွာပြန် ရခိုင်အလုပ်သမားတစ်ယောက်ရဲ့ ပြောပြချက် ဟာ ထိတ်လန့်ခြောက်ခြားဖွယ်ကောင်းပါတယ်။

                           “နိုင်ငံတကာလူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့များ၏လုပ်နည်း”
             ရပ်စဲသွားခဲ့ပြီဖြစ်တဲ့ ကုလသမဂ္ဂလူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့UNIAP အပါအ၀င် အခြားသော အိုင်အင်ဂျီအိုအဖွဲ့တွေဟာ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုတဲ့ ကြီးမားတဲ့ခေါင်းစဉ်အောက်မှာတာဝန်ထမ်း   ဆောင်ပြီး လစာကောင်းကောင်း ရရှိတတ်ကြပါတယ်။ ဒါပေမယ့် ဒီအဖွဲ့အစည်းတွေရဲ့သဘောသဘာဝက သက်ဆိုင်ရာ နိုင်ငံရဲ့အချုပ်အခြာအာဏာကို ကျော်လွန်လို့မလုပ်ကြရပါဘူး။ အထူးသဖြင့် ဒီလိုအဖွဲ့ အစည်း   တွေမှာ လုပ်ကိုင်ကြတဲလူတွေဟာ ပညာအဆင့်မြင့်တန်းအောင်မြင်ထားကြသူများပီပီ အောက်ခြေက အနေထားတွေကို သိချင်ယောင်ဆောင်ပြီး ပေါ်လစီအရ လူကြားကောင်းအောင်သာလုပ်ကိုင်တတ်ကြပါ တယ်။ ဒီအဖွဲ့အစည်းတွေ လူကုန်ကူးခံရသူတွေကို ပင်ပန်းခံပြီးကူညီကယ်ထုတ်တယ်ဆိုတဲ့ ရာဇ၀င်မရှိပါ။
            ဒီအဖွဲ့အစည်းကြီးမှာ လစာကလည်းကောင်း၊ ကမ္ဘာ့အဖွဲ့အစည်းတွေရဲ့ သြဇာတွေနဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးကို တကယ်ထိထိရောက်ရောက်လုပ်ကြမယ်ဆိုရင် အာရှငါးဖမ်းလုပ်ငန်းခွင်ထဲက လူကုန်ကူး မှုဟာ ဒီလောက်အထိ ဆိုးဝါးလာနိုင်စရာမရှိပါဘူး။ ဒီအဖွဲ့အစည်းတွေဟာ ရုံးစိုက်ရာနိုင်ငံအစိုးရလူကုန်ကူး မှု တိုက်ဖျက်ရေးတပ်ဖွဲ့ကို ငွေထုတ်ပေးရပါတယ်။ အစည်းဝေးတွေကျင်းပပေးရ၊ ခရီးစရိတ်တွေ ထုတ်ပေး ကြရပါတယ်။ ဆင်ကမ်းတောတိုး မဖြစ်သာလို့ဖမ်းဆီးမိတဲ့ လူကုန်ကူးခံရသူတွေရဲ့သတင်းအချက်အလက် နဲ့ ဓါတ်ပုံတွေကို အစီရင်ခံစာရေးရင်း ထိုင်စားနေကြလို့ဖြစ်ပါတယ်။
            ဒီအဖွဲ့စည်းကြီးတွေဟာ ကယ်ဆယ်ရေးစခန်းထဲမှာ အမှုရင်ဆိုင်ရင်း ထိန်းသိမ်းထားတဲ့ လူကုန်ကူး ခံ နေကြရသူတွေဆီကိုသွားပြီး ကိုယ်ရေးအချက်အလက်တွေကိုယူပါတယ်။ ဓါတ်ပုံရိုက်ပါတယ်။ မှတ်စုစာ အုပ်၊ ဘောပင်နဲ့ တန်ဖိုးနည်းကစားစရာနဲ့ စားစရာအချို့ ပေးကမ်းတတ်ကြပါတယ်။ လူကုန်ကူးခံရသူတွေ ကို ပုံပြင်ပြော၊ ရည်စရာပြော၊ ဂိမ်းဆော့တာမျိုးတွေလည်း လုပ်တတ်ကြပါတယ်။ လူကုန်ကူးမှုပညာပေး ဇါတ်လမ်းရိုက်၊ စာအုပ်ထုတ်၊ ကြေညာစာရွက်ကမ်းတဲ့ အလုပ်တွေကို အကုန်အကျခံပြီးလုပ်ကြပါတယ်။ 
       ဒီလုပ်နည်း လုပ်ဟန်တွေကို လူကုန်ကူးခံရသူတွေ လုံးဝမနှစ်မြို့ကြောင်း အိုင်အင်ဂျီအိုတွေသိပါတယ်။ ထိုင်းနိုင်ငံအတွင်းမှာလူကုန်ကူးခံရသူတွေဟာငရဲခန်းတစ်မျှဆိုးဝါးလှတဲ့ငါးဖမ်းလှေပေါ်နဲ့ ရေထွက်    ကုန်ထုတ်လုပ်တဲ့အလုပ်ရုံထဲက လွတ်လာပြီးရင် နေရပ်ရင်းကို ပြန်သွားချင်နေကြပြီးဖြစ်ပါတယ်။ ပြန်ခွင့် မရပဲ ကယ်ဆယ်ရေးစခန်လို့ခေါ်တဲ့ အကျဉ်းထောင် တစ်မျိုးကို ရောက်လာတော့မှ သူတို့ရဲ့ အခြေအနေ ဟာ ဆီပူအိုးကနေ ရေနွေးပူအိုထဲကို ပြောင်းထည့်တာ ခံကြရတယ်လို့ လူကုန်ကူးခံခဲ့ရသူတွေက နာနာ ကျည်းကျည်းပြောတတ်ကြပါတယ်။

              
                           “ထိုင်းနဲ့မြန်မာအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေး တပ်ဖွဲ့များလုပ်ဟန်”
       သံထုံး၊ တမန်နှုန်းတွေအရ သတင်းအချက်အလက်ဖလှယ်တာ၊ လုပ်ဖေါ်ကိုင်ဖက်တွေ ပျော်ပျော်ပါးပါး မိတ်ဆက်တွေ့ဆုံတာနဲ့ လည်ပတ်ကြတာပါပဲ။ လက်ဆောင်တွေအပြန်အလှန်ပေးကြ၊ သတင်းတွေအပြန်အ လှန်ဖလှယ်ကြပြီး စုပေါင်းဓါတ်ပုံရိုက်ကြတာပါ။ အိမ်နီးချင်းကောင်းပီသကြဖို့ ပူးပေါင်းဆောင်ရွက်ကြဖို့ ဆို တဲ့ မပါမဖြစ်တဲ့ ပဋိသဒ္ဒါရစကားတွေကိုပြောကြရင်း လူကုန်ကူးမှုဟာ တစ်နှစ်ထက်တစ်နှစ် ဆထက်တပိုး တိုးလို့သာလာခဲ့ပါတယ်။ အဲဒါကြောင့် ထိုင်းနဲ့မြန်မာအစိုးရတို့ကို အမေရိကန်အစိုးရက Tier အဆင့်၂ ကို   လျှော့ချခဲ့တာပါ။ တနည်းအားဖြင့် လူကုန်ကူးမှုလျှော့နည်းအောင် ၎င်းတို့မလုပ်နိုင်တာကို ပြသရာလည်း   ရောက်ပါတယ်။
          လူကုန်ကူးမှုကိုပပျောက်အောင် ထိုင်းအစိုးရလူကုန်ကူးတပ်ဖွဲ့လုပ်မယ်ဆိုရင် လုပ်နိုင်တဲ့ အင်အား ရှိပါတယ်။ ငွေအား၊ တပ်ဖွဲ့အင်အား၊ အတွေ့အကြုံအင်အား၊ ကိရိယာအင်အား၊ နည်းပညာအင်အားတွေ အလွန်ပြည့်စုံပါတယ်။ သီးခြားလွတ်လပ်တဲ့လုပ်ကိုင်ခွင့်လည်းရှိပါတယ်။ အားမနာတမ်းပြောရရင် အမျိုး သားဝင်ငွေ ရှာပေးနေတဲ့ လုပ်ငန်းကြီး ဖြစ်တာကြောင့်နှာစေးနေတာသာဖြစ်ပါတယ်။ 
           မြန်မာအစိုးရလူကုန်တားကဖြစ်စေ၊ အင်ဂျီအိုအဖွဲ့ တစ်ခုခုကဖြစ်စေ ခိုင်မာတဲ့ အချက်အလက် အထောက်အထား အပြည့်အစုံရမှ မကောင်းတတ်လို့ အရေးယူလိုက်ကြတာသာရှိပါတယ်။ မဖြစ်သာလို့ အရေးယူလိုက်ရတာသာဖြစ်ပါတယ်။ အမှန်က ထိုင်းတပ်ဖွဲ့တွေဟာ လူကုန်ကူးခံနေရတဲ့ ငါးဖမ်းလှေ၊ သင်္ဘောနဲ့ ပင်လယ်အစားအစာထုတ်လုပ်တဲ့ အလုပ်ရုံကြီးတွေကို ၀င်ရောက်ဖမ်းဆီးတာမျိုး လုံးဝမလုပ် ချင်ကြပါဘူး။
                                                “သာဓကများစွာရှိပါတယ်”
           ၂၀၁၃ ခုနှစ်က ထိုင်းနိုင်ငံ မဟာချိုင်က နေ၀စ်အရပ်မှာရှိတဲ့ ဆန်းဒစ်ဆိုတဲ့ ပုဇွန်အခွံခွာတဲ့ အလုပ် ရုံမှာ ကလေးအလုပ်သမား ၈ ယောက် အပါအ၀င် မြန်မာအလုပ်သမား ၁၄၆ ယောက်ကို စာရေးသူတို့ ကယ်ထုတ်ဖူးပါတယ်။ ဒီအလုပ်ရုံကအလုပ်သမားတွေဟာ တစ်နေ့ကို ၁၈နာရီကနေ နာရီ၂၀အထိ အလုပ် လုပ်ကြရပေမယ့် အစာရေစာကို၀၀လင်လင်မစားကြရပါဘူး။ မြန်မာပွဲစားရဲ့ နှိပ်စက်ညှဉ်းပန်းမှုကိုလည်းခံ ကြပါတယ်။ ပွဲစားဟာ သေနတ်နဲ့လည်းခြိမ်းခြောက်ပါတယ်။ ဒီအလုပ်ရုံအတွင်းကအခြေအနေတွေနဲ့အလုပ် ရုံရဲ့အပြင်က အနေအထားတွေကို အချိန်ယူပြီးစွန့်စွန့်စားစား စုံစမ်းထောက်လှမ်းခဲ့ကြရတာပါ။  
            ဒီအလုပ်ရုံကို  ၀င်ရောက်ကယ်တင်ဖို့ ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေးတပ်ဖွဲ့နဲ့ အတူတူ သွားကြတဲ့အခါ အလုပ်ရုံခြံတံခါးကို ဖွင့်ခိုင်းပြီးဝင်ကြပါတယ်။ လုပ်ငန်းရှင်က ဘာလုပ်ဖို့ လာကြသလဲလို့   နှိမ်နင်းခြင်းကို ဦးဆောင်တဲ့ ထိုင်းလူကုန်တားရဲအရာရှိကြီးကိုမေးတဲ့အခါ စာရေးသူကို လက်ညှိးထိုးပြီး ဒီလူ အကူညီတောင်းလို့လာခဲ့တာပါလို့ အူကြောင်ကြောင်ပြောလိုက်တာကို အမှတ်မထင် ကြားခဲ့ရပါတယ်။
            ဒီအလုပ်ရုံမှာ အလုပ်မလုပ်နိုင်လို့ပဲဖြစ်ဖြစ်၊ မလုပ်ချင်လို့ပဲဖြစ်ဖြစ် ကလန်ကဆန်လုပ်တဲ့ အလုပ် သမားတွေကို ကြောက်လန့်သွားအောင် ပုံစံပြတဲ့မြေအောက်ခန်းလည်းရှိပါတယ်။ ပါးနားကိုရိုက်နှက်ပြီး အစာရေစာ မတိုက်ပဲ တိုက်ပိတ်လိုက်တာပါ။ ဒီလိုလူမဆန်တဲ့ အခင်းအကျင်းတွေအပြင် မြန်မာပွဲစားရဲ့   ခေါင်းအုံး အောက်မှာ အလုပ်သမားတွေကိုခြိမ်းခြောက်တဲ့ ခြောက်လုံးပြူးကိုပါ လက်ရဖမ်းဆီးမိခဲ့ကြပါ တယ်။ ဒါပေမယ့် အလုပ်သမားတွေကို နှိပ်ကွပ်အုပ်ချုပ်တဲ့ မြန်မာပွဲစားနဲ့ အလုပ်ရုံပိုင်ရှင်ဟာ ရဲစခန်းအချုပ် ခန်းမှာ တစ်ညတောင် မအိပ်ကြရပါဘူး။ ပြောတတ်ဆိုတတ်တဲ့ အလုပ်သမား၅ ယောက်နဲ့ ၁၆နှစ် အရွယ် ကလေးမ  ၆ ယောက်တို့ဟာ ကယ်ဆယ်ရေးစခန်းထဲမှာ ၉လတိုင်တိုင် ကြာသွားခဲ့ကြရပါတယ်။
            ကလေးအလုပ်သမားခိုင်းစေတဲ့ လုပ်ငန်းရှင်တွေနဲ့  ကြိမ်ဖန်များစွာ လူကုန်ကူးမှုကိုကျူးလွန်နေတဲ့ ဘန်ကောက် ကလောင်တဲန် လှေဆိပ်က လှေပိုင်ရှင်တစ်ဦးဆိုရင် ၆ကြိမ်တိုင်တိုင် ၀င်ရောက်စီးနင်းခဲ့ဖူးပါ တယ်။ သူဟာ တစ်နာရီတောင် ဖမ်းဆီးမခံရပါဘူး။ ထိုင်းအစိုးရ လူကုန်ကူးမှုတပ်ဖွဲ့တွေဟာ ငါးဖမ်းလှေ ဆိပ် အနီးပတ်ဝန်းကျင်တို့မှာ အစည်းဝေးတွေ လုပ်တတ်ကြပါတယ်။ ဘာဖီလင်တွေလဲတော့မသိဘူး။
           မဟာချိုင်က ရဲအရာရှိကြီးတစ်ဦးဟာ လူကုန်ကူးဂိုဏ်းခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။ ထိုင်းမြန် မာနယ်စပ်က ရောက်လာသမျှ မြန်မာတွေကို သူ့ရဲ့ ပုဇွန်အခွံခွာတဲ့ အလုပ်ရုံထဲမှာ ပိတ်လှောင်ထားပြီး ထိုင်းတစ်နိုင်ငံလုံးကို ဖြန့်ဖြူးပေးပါတယ်။ သူ့အလုပ်ရုံထဲမှာ မြန်မာ ၅၀၀ လောက် မတရားကျွန်ပြုခံနေရ တာကို စာရေးသူတို့ဟာ တစ်နှစ်လောက် အချက်အလက်စုဆောင်းခဲ့ရပါတယ်။ အရေးယူဖို့အတွက် ကုလသမဂ္ဂ လူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့ UNIAP ရော၊ ထိုင်းအစိုးရကိုပါ အစည်းဝေးလုပ်ပြီး တင်ပြ လိုက်တာနဲ့သတင်းပေါက်ကြားသွားခဲ့ပါတယ်။ ဒါကြောင့်စာရေးသူဟာ လုပ်ကြံခံရလို့ မြန်မာပြည်ကို တစ်လလောက် ရှောင်တိမ်းခဲ့ရဖူးပါတယ်။ ယနေ့တိုင် သတိထားပြီးနေထိုင်သွားလာရဆဲ ဖြစ်ပါတယ်။
            လူကုန်ကူးမှုတိုက်ဖျက်ရေးထဲမှာ အမှတ်ရစရာတစ်ခုဖြစ်တဲ့ ဘန်ကောက်မြို့တောင်ဘက် ကီလို မီတာ ၈၆၀ ကျော်အကွာ မလေးရှားနယ်စပ်က ကတန်မြို့ကို ကျနော်တို့ဟာ တစ်နှစ်အတွင်း ၁၁ကြိမ်တိုင် တိုင် သွားရောက်ခဲ့ကြရပါတယ်။ လှေထွက်ခါနီး ဖြစ်နေလို့ လေယာဉ်နဲ့တစ်ခါ သွားခဲ့ဖူးပါတယ်။  
          လူကုန်ကူးခံရသူကို ကယ်တင်ဖို့ဆိုတာ ခက်ခဲပင်ပန်းပါတယ်။ လူကုန်ကူးခံရသူတွေနဲ့ စကားပြော   ခွင့်ရဖို့၊ ခိုင်မာတဲ့အချက်အလက်ရဖို့ အလွန်ခက်ပါတယ်။ ဒါ့အပြင် သူတို့ကမ်းကိုမကပ်ခင်နဲ့ ကမ်းကမခွာခင် အလျှဉ်းမီအောင် ကြိုးစားရပါတယ်။ အချက်အလက်အပြည့်အစုံကို ထိုင်းအစိုးရလူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့ကို တင်ပြရပါတယ်။ သူတို့အရေးယူမှ လူကုန်ကူးခံနေရတဲ့ မြန်မာတွေလွတ်မြောက်မှာဖြစ်ပါတယ်။ စာရေးသူတို့မှာ စရိတ်အကူညီပေးမယ့်သူကိုလည်းအချိန်မီရှာရ၊ အခက်အခဲတွေကြား
ထဲက ကတန်ငါးဖမ်း   လှေဆိပ်က လူသတ်၊ အဓ္ဓမကျင့်တဲ့ မြန်မာလူကုန်ကူးတဲ့ ဂိုဏ်းကြီးတစ်ခုကို ဖမ်းဆီး နှိမ်နင်းနိုင်ခဲ့ပါတယ်။ ဂိုဏ်းခေါင်းဆောင်ကို လက်ဖြောင့်သေနတ်သမားနဲ့ တင်ပါးကို ပစ်ခပ်ဖမ်းဆီးခဲ့ရပါတယ်။ 
           ဒီဂိုဏ်းကြီးကို အကာအကွယ်ပေးထားသူဟာ ကတန်မြို့မှာနေတဲ့ ထိုင်းလ၀က အရာရှိ အငြိမ်းစား တစ်ဦးဖြစ်ပါတယ်။ မြန်မာဂိုဏ်းခေါင်းဆောင်ဟာ ကတန်ငါးဖမ်းလှေတွေပေါ်မှာ မြန်မာပေါင်း ၅၀၀ ထက် မနည်း ရောင်းစားထားတယ်လို့ ဖမ်းဆီးမိတဲ့ ဂိုဏ်းသားတွေကပြောပါတယ်။ ငါးဖမ်းလှေပေါ်မှာ လပေါင်း များစွာ အလုပ်လုပ်ခဲ့ပြီးခေတ္တ ပြန်လာတဲ့ မြန်မာအလုပ်သမားတွေကို အဲဒီလ၀က အရာရှိကြီးနဲ့ နီးစပ်တဲ့ ထိုင်းရဲအရာရှိတစ်ဦးပိုင်ဆိုင်တဲ့ ရာဘာစိုက်ခင်းက ခြုံနွယ်တွေကို လုပ်အားခမပေးပဲ ရှင်းခိုင်းတာကို ဖုန်း ကယ်မရာနဲ့ ဗွီဒီယိုရိုက်လာတာကို ထိုင်းအစိုးရကို တင်ပြခဲ့ကြပါတယ်။
         ဒီဂိုဏ်းက ရောင်းစားထားတဲ့ ထိုင်းငါးဖမ်းသင်္ဘောတွေပေါ်က မြန်မာတွေမလွတ်မြောက်ရုံသာမက  ဒီအလုပ်သမားတွေရဲ့လုပ်အားခကိုလစဉ်လတိုင်း မြန်မာဂိုဏ်းခေါင်းဆောင်ရဲ့ဇနီးကထုတ်ယူ ချမ်းသာနေ   ဆဲဖြစ်ပါတယ်။ ရာဘာခြံခြုံနွယ်ပိတ်ပေါင်းကို မတရားခိုင်းစေပြီးဒီဂိုဏ်းကိုအကာအကွယ်ပေးကာ ဝေစုရယူ ချမ်းသာနေတဲ့ ထိုင်းလ၀က အရာရှိဟောင်းကိုလည်း တစ်စုံတစ်ရာ အရေးယူတာမတွေ့ရပါဘူး။ 
            ထိုင်းနိုင်ငံမှာ ကျင့်သုံးနေတဲ့ လူကုန်ကူးမှုဆိုင်ရာလုပ်ထုံလုပ်နည်းကတော့ လူကုန်ကူးခံခဲ့ရတဲ့သူ   တွေအတွက်တစ်စုံတစ်ရာအခွင့်အလမ်းမရပါဘူး။ လူကုန်ကူးခံရသူတွေနဲ့ လုပ်ငန်းလည်ပတ် ပြီးကြွယ်ဝ   နေတဲ့ ထိုင်းလုပ်ငန်းရှင်တွေဘာမှအရေးယူခံရတာမရှိပါဘူး။ လူကုန်ကူးခံခဲ့ကြရတဲ့ မြန်မာအလုပ်သမား မှာ ပင်လယ်ထဲမှာလည်းကြာခဲ့ရ၊ ကယ်ဆယ်ရေးစခန်းထဲမှာလည်း နှိပ်ကွပ်ခံရနဲ့ ငရဲနှစ်ထပ်ကွမ်း ခံကြဆဲ သာဖြစ်ပါတယ်။ ၁၃၀၀ ဆိုတဲ့ထိုင်းအင်ဂျီအိုအဖွဲ့အစည်းတစ်ခု ဆိုလို့ရှိရင် လူကုန်ကူးခံရတဲ့ မြန်မာတွေကို  ဘယ်လိုဆက်ဆံသလဲဆိုတာ ပြည်တော်ပြန် လူကုန်ကူးခံခဲ့ရသူတွေကို မေးကြည့်ကသိကြပါလိမ့်မယ်။
          လူကုန်ကူးခံခဲ့ရသူတွေဆီက အချက်အလက်တွေကိုရယူသလို လုပ်ငန်းရှင်တွေကိုလည်း ကယ် ဆယ်ရေးစခန်းထဲသို့ခေါ်ယူပြီးတော့ညှိနှိုင်းကြပါတယ်။ လပေါင်းများစွာ စခန်းထဲမှာထားပြီး လ၀က အချုပ် ခန်းကိုပို့လိုက်ပါတယ်။ လူကုန်ကူးခံရသူတွေ နယ်စပ်ကိုရောက်ရှိသွားတဲ့အခါ မြန်မာနယ်စပ် လက်နက် ကိုင်တပ်ဖွဲ့တွေဆီမှာ ငွေပေးပြီးရွေးရတာကိုရော၊ မရွေးနိုင်လို့  ထိုင်းငါးဖမ်းလှေပေါ်သို့ ပြန်ရောက်ကြသူ များ ရှိတာကို ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေးတပ်ဖွဲ့တွေက သူတို့နဲ့ မဆိုင်ဘူးလို့ ဖင်ပိတ်ငြင်းတာ အလွန်ဝမ်းနည်းစရာကောင်းပါတယ်။  
        ၂၀၁၄ ခုနှစ်က ယူကေနိုင်ငံက EJF လို့ခေါ် တဲ့လူ့အခွင့်အရေးတစ်ခုက ထိုင်းနိုင်ငံအတွင်းကို လာရောက်ပြီး လူကုန်ကူးမှု အစီရင်ခံစာတစ်ခုထုတ်ဝေခဲ့ပါတယ်။ ဒီအစီရင်ခံစာထုတ်ဝေဖို့လာရောက် ခဲ့သူတွေကိုရော စာရေးသူကိုပါ ထိုင်းအာဏာပိုင်တွေက  နောင်ဒီလိုမလုပ်ပါနဲ့လို့ တားမြစ်တာကိုခံခဲ့ ရပါတယ်။ စာရေးသူဟာ ဒီထက်မက ဆိုးဝါးတဲ့ဖြစ်စဉ်တွေကို သိရှိထားပေမယ့် ထိုင်းမှာနေ၊ ထိုင်းရေ ကိုသောက် ထိုင်းထမင်းကိုစားနေသေးတာကြောင့် ထုတ်ဖေါ်မပြောသင့်ဘူးလို့ သိုဝှက်ထားတဲ့ ကိစ္စတွေ လည်းရှိပါတယ်။ နိုင်ငံတကာအသိုင်းအ၀ိုင်းတွေကရော ငွေကြေးထောက်ပံ့တဲ့အဖွဲ့အစည်းတွေကပါ ထိုင်းအစိုးရ လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်နည်းလုပ်ဟန်တွေကို သိရှိကြမှာပါ။ 

                                “မြန်မာအစိုးရလူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့”
           ၉နှစ်သားလောက်သာရှိသေးတဲ့ မြန်မာလူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဟာ ပြည်ထဲရေးဝန် ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ အကိုင်းအခက်တစ်ခုအဖြစ် ဖွဲ့စည်းထားတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။   မြန်မာလူကုန်တားတပ်ဖွဲ့ဟာ တစ်ခါတစ်ရံ ဆန္ဒပြပွဲ နှိမ်နင်းခြင်းလုပ်ငန်းတွေမှာပါ တာဝန်ထမ်းဆောင်ကြ ရတာကိုကြည့်ရင် လူကုန်ကူးမှုတစ်ခုတည်းကို အထူးပြုလုပ်ကြတဲ့ပုံစံ ဟုတ်ဟန်မတူပါဘူး။ တရားဝင် လူကုန်ကူးနေကြတဲ့ အေဂျင်စီတွေကိုတိုင်ကြားလို့ စာရေးသူကို  အမှုခေါ်စစ်တဲ့ ရန်ကင်း ပြည်ထဲရေးရုံး ချုပ်ဟောင်း (ရန်ကုန်တိုင်း လူကုန်တားတပ်ဖွဲ့မှူးရုံး) ရဲ့ အလုံပိတ် ရုံးခန်းထဲမှာ လေအေးပေးစက်မရှိတာ ကိုကြည့်ခြင်းအားဖြင့် သူတို့ရဲ့ အနေအထားကို အကဲခပ်မိပါတယ်။
       
        ပြင်ပကမ္ဘာနဲ့ ဆက်သွယ်ခွင့်မရပဲ ၉နှစ်နီးပါး အိမ်ဖေါ်အဖြစ် အလုပ်လုပ်ခဲ့ရတဲ့ ကရင်အမျိုးသမီး ငယ်တစ်ဦးကို စာရေးသူတို့ ကူညီကယ်ထုတ်ဖူး ခဲ့ပေမယ့် သူ့မရဲ့ရသင့်ရထိုက်တဲ့ လုပ်အားခတွေ ရရှိအောင် မြန်မာလူကုန်တားအဖွဲ့ဟာ လုပ်ပေး ရကောင်းမှန်းမသိခဲ့ပါဘူး။ ဖြစ်သင့်ဖြစ်ထိုက်တာနဲ့ လုပ်သင့်လုပ် ထိုက်တာကို ထိုင်းအစိုးရကို တိုက် တွန်းဖို့ တောင်းဆိုဖို့ မြန်မာလူကုန်တားတပ်ဖွဲ့ လက်တွန့် နေတာဘာကြောင့်လဲဆိုတာ ကျနော် တို့လည်းနားမလည်ပါဘူး။

                                           “မတူကွဲပြားတဲ့ စေတနာများ”
             ယခုလက်ရှိဖြစ်နေတဲ့ အင်ဒိုနီးရှားကျွန်းက ကျွန်ပြုခံနေရသူတွေထဲမှာ မြန်မာနဲ့ ထိုင်းနိုင်ငံသား   တွေဖြစ်ကြောင်း တကမ္ဘာလုံးကသိထားကြပြီးဖြစ်ပါတယ်။ ထိုင်းအစိုးရဟာ မတ်လ ၂၇ ရက်နေ့မှာ ထိုင်း လူမျိုးပေါင်းငါးဆယ်နီးပါးကို ခေါ်ဆောင်လာခဲ့ပြီး နောက်နေ့မှာ ချက်ခြင်းပြန်သွားခဲ့ကြပါတယ်။  သူ့နိုင်ငံသား   တွေ ကျွန်ပြုခံနေရာတာကို အေပီသတင်းဌာနက စုံစမ်းထောက်လှမ်းဖေါ်ထုတ်လိုက်တာ ထိုင်းနိုင်ငံဟာ အသဲကိုဆားပစ်သလို၊ တီကိုဆားပက်သလိုဖြစ်သွားတယ်။ ပြန်ရောက်လာသူတွေကို အစိုးရနဲ့ကုမ္ပဏီတွေ  က အသေးစားလုပ်ငန်းတွေ ထူထောင်နိုင်အောင် ငွေကြေးတွေထောက်ပံ့ကြပါတယ်။ ထိုင်းလူမျိုးတွေကို အင်ဒိုနီးရှားကျွန်းပေါ်သို့ ရောင်းစားလိုက်တဲ့ ထိုင်းလူမှောင်ခိုကုန်ကူးတဲ့ဂိုဏ်းနဲ့ ငါးဖမ်းလှေတွေကိုလည်း သက်သာပေးမှာတော့မဟုတ်ဘူး။ သူတို့ထိပြီကို။
          အင်ဒိုနီးရှားမှာ အတူတူကျွန်ပြုခံနေရပါတယ်ဆိုတဲ့ မြန်မာလူမျိုးတွေအတွက်  မြန်မာအစိုးရနဲ့ မြန်မာ လူကုန်တားတပ်ဖွဲ့ဟာ ခုထိအရေးတယူလုပ်တာမတွေ့ရသေးပါဘူး။ ပြည်တွင်း သတင်းစာတစ်စောင်အဆို အရဆိုရင် အင်ဒိုနီးရှားသံရုံးက နိုင်ငံသားစီစိနေတယ်၊ ဆောင်ရွက်နေပါတယ်တဲ့။ ရက်ပိုင်းအတွင်းမှာတက် လာတဲ့ ကာတွန်းတစ်ပုဒ်မှာဆိုရင် တိုင်းပြည်နဲ့လူမျိုးကိုချစ်တာ မီဒီယာမှာ အင်တာဗျူးတာနဲ့ မိန့်ခွန်းပြောတာ မှာပါပဲတဲ့။ လူချင်းတူပေမယ့်ရှုခြင်းကွာတယ်ဆိုတာ ဒါကိုပြောကြတာဖြစ်မယ်။

                                      “လူကုန်ကူးမှုလျှော့နည်းပပျောက်ဖို့ဆိုရင်”
         မြန်မာလူကုန်တားတပ်ဖွဲ့ဟာ နည်းပညာ၊ ကိရိယာနဲ့ အတတ်ပညာတွေ ချိနဲ့တဲ့အပြင် လုံလောက်တဲ့ စရိတ်စကလည်းရှိဟန်မတူပါဘူး။ ထိုင်းနိုင်ငံ မြန်မာသံရုံးမှာ မြန်မာလူကုန်တား ရဲအရာရှိတစ်ဦးလောက် ထားရှိဖို့နဲ့ လိုအပ်တဲ့ နည်းပညာနဲ့အထောက်အကူတွေရရှိနိုင်မယ့် နည်းလမ်းကောင်းတွေကို ကျနော်တို့ အကြံပြုခဲ့ဖူးပါတယ်။ ဒါပေမယ့်ပြင်ဆင်မှုအရိပ်အယောင်မတွေ့ရပါဘူး။
          အာရှငါးလုပ်ငန်းနဲ့ ထိုင်းပင်လယ်အစားအစာထုတ်လုပ်တဲ့ လုပ်ငန်းခွင်တွေအပြင် ထိုင်းနိုင်ငံသား   တွေရဲ့လုပ်ငန်းတွေမှာ လူကုန်ကူးခံနေရတဲ့ မြန်မာနိုင်ငံသားတွေ သိန်းချီရှိနိုင်ပါတယ်။ အရွယ်ရောက် ပြီးတဲ့ မြန်မာလူငယ်တွေ ထိုင်းနိုင်ငံအတွင်းသို့ လူကုန်ကူးသူတွေအဆက်အသွယ်နဲ့ နေ့ရောညပါထွက်ခွာ  ဖို့ အဆင်သင့်ဖြစ်နေတာကို အထူးဂရုပြုကြရပါမယ်။ ဇနီးမယားသန်းချီပြီးအလိုရှိနေတဲ့ တရုတ်နိုင်ငံနဲ့ လာ သမျှ အလုပ်သမားတွေကို အလုပ်ပေးနိုင်တဲ့ ထိုင်းနိုင်ငံအကြားမှာနေရတဲ့မြန်မာနိုင်ငံသားတွေ လူကုန်ကူး ခံရဖို့အတွက် အဆင်သင့်ဖြစ်နေတယ်ဆိုတာ သတိမူဖို့လိုပါမယ်။ 
            ထိုင်းမှာ လူကုန်ကူးခံကြရတဲ့သူတွေကို ကယ်ထုတ်တဲ့ တပ်ဖွဲ့တို့ရဲ့အခန်းကဏ္ဍဟာ နှိမ်နင်းပြီး ကတည်းက သူတို့ကိစ္စပြီးစီးပြီဖြစ်ပါတယ်။ ထိုင်းနဲ့မြန်မာလူကုန်ကူးမှုတရားစီရင်ရေး လုပ်ထုံးလုပ်နည်း   တွေ ကွဲပြားခြားနားပါတယ်။ မြန်မာဘက်မှာ တရားရုံးလုပ်ငန်းစဉ် မြန်သင့်သလောက်မြန်ပြီး   ပြစ်မှုပြစ်ဒဏ်တွေကို ထိထိ ရောက်ရောက်ချမှတ်ပါတယ်။ ထိုင်းဘက်မှာတော့…ပြစ်မှုကျူးလွန်ေ ကြာင်း ၀န်ခံရင် ပြစ်ဒဏ်ထက်ဝက် လျှော့လိုက်တာမျိုးတို့ အသနား ခံစာတင်လို့ ကွင်းလုံးကျွတ် လွတ်သွားတာမျိုးတို့လည်းရှိတတ်ပါတယ်။ ဒါ့ အပြင် ဘုရင်မွေးနေ့ ဘုရင်မ မွေးနေ့တို့မှာလည်း   ထောင်သားတွေ လွတ်မြောက်တတ်ကြပါတယ်။
 
           မြန်မာတစ်နိုင်ငံလုံး ထိုင်းနဲ့ တရုတ်နိုင်ငံကို လူကုန်ကူးခံနေရမှုတွေ လျှော့နည်းပပျောက်သွားဖို့ အတွက် (၁) မြန်မာနိုင်ငံမှာ အလုပ်လုပ်ပြီးထမင်းဝတဲ့အလုပ်အကိုင်တွေ ပေါများဖို့၊ (၂) လူကုန်တားတပ်ဖွဲ့ ဟာ သီးခြားလွတ်လပ်တဲ့ စွမ်းရည်ပြည့်ဝပြီး နည်းပညာ၊ ကိရိယာနဲ့ ရံပုံငွေလုံလောက်ဖို့၊ (၃) ဘယ်နိုင်ငံမှာ   ဖြစ်စေ လူကုန်ကူးခံနေရတဲ့မြန်မာတွေကို အလျှင်အမြန်ကယ်တင်နိုင်ဖို့ အဆင်သင့်ဖြစ်နေဖို့၊ (၄) တရုတ်၊ ထိုင်း၊ အင်ဒိုနီးရှား မလေးရှားနဲ့ စင်္ကာပူနိုင်ငံတွေမှာ မြန်မာလူကုန်ကူးမှုတားဆီးနှိမ်နင်းရေး အထူးတပ်ဖွဲ့များ ထားရှိဖို့၊ (၅) လွတ်လပ်သော အသင်းအဖွဲ့များနှင့် ချိပ်ဆက်ဆောင်ရွက်တတ်ဖို့၊ လိုအပ်ပါကြောင်း အကြံပြု တင်ပြလိုက်ရပါတယ်။
                                                                                           
                                                        ထွန်းနေရောင်