21 April 2015

“ငါးဖမ်းလှေမီးလောင် မြန်မာအလုပ်သမား၂ဦးသေဆုံး ၅ဦးဆေးရုံတင်ရ”



              
၂၀၁၅ ခု ဧပြီလ ၂၁ ရက်
မြတ်ညို (အလွတ်သတင်းထောက်)

        ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင်၊ တကွန်ပါမြို့နယ်၊ နံယွန်ငါးဖမ်းလှေဆိပ်တွင် လှေရပ်နားထားစဉ် ငါးဖမ်းလှေမှ ဘယ်ထရီအိုးပေါက်ကွဲသဖြင့် မြန်မာအလုပ်သမား၂ဦးသေဆုံးပြီး ၅ဦးအတွင်းလူနာအဖြစ် ဆေးဝါးကုသခံနေ ရကြောင်း မိသားစုဝင်တစ်ဦးကပြောသည်။

        ဧပြီလ ၁၀ ရက်နေ့ညနေ ၈နာရီခန့်က အလုပ်သမားများ အိပ်နေစဉ် အလုပ်သမားများအိပ်ခန်းတွင်  ထားရှိသော ဘယ်ထရီအိုးကြီး ၆လုံးအနက် ၃လုံးပေါက်ကွဲပြီး မီးလောင်ခဲ့ခြင်းဖြစ်သည်။ မီးလောင်ပြီး ဒဏ် ရာရရှိသွားကြသည့် အလုပ်သမား ၇ဦးအားဖူးခက်ဆေးရုံသို့၂ဦး၊ရနောင်းဆေးရုံသို့၂ဦးနှင့်တကွန်ပါ ဆေးရုံ သို့ ၃ဦးပို့ဆောင်ပေးခဲ့ပါသည်။ မီးလောင်ခံရသူအားလုံးတို့သည်ရခိုင်အလုပ်သမားများဖြစ်ကြသည်။
မီးလောင်ဒဏ်ရာရရှိသူများမှာ.....


(၁) ဦးသိန်းရွှေ=၄၄နှစ်။ မြောက်ဦးမြို့နယ်၊ ပြိုင်းချရွာ။   ရနောင်းဆေးရုံတွင်ရှိသည်။
(၂) လှသိန်းထွန်း  ၄၃နှစ်… မြောက်ဦးမြို့နယ်၊ ပြိုင်းချရွာ။ …ရနောင်ဆေးရုံတွင်ရှိသည်။
(၃) အောင်စိုးမင်း ၂၄နှစ်… မြောက်ဦးမြို့နယ်၊ ပြိုင်းချရွာ။ တကွန်ပါဆေးရုံတွင် လက်ရှိ စိုးရိမ်ရ။
(၄) မောင်မောင်သိန်း ၂၆နှစ်… မြောက်ဦးမြို့နယ်၊ ပြိုင်းချရွာ။ တကွန်ပါဆေးရုံတွင် လက်ရှိ စိုးရိမ်ရ။
(၅) ဦးဝင်းလှိုင် ၃၆နှစ် မြောက်ဦးမြို့နယ်၊ ရွှေကျင်ပြင်ရွာ။   ဖူးခက်ဆေးရုံကြီးတွင်ရှိနေသည်။
(၆) သန်းဝင်း ၃၉ နှစ် မြောက်ဦးမြို့နယ်၊ ပြိုင်းချရွာ။ ၁၉ ရက်နေ့က ဖူးခက်ဆေးရုံတွင် ကွယ်လွန်သည်။
(၇) တင်ဝင်း ၃၉နှစ် မြောက်ဦးမြို့နယ်၊ ပြိုင်းချရွာ။  တကွန်ပါ ဆေးရုံတွင် ၁၅ ရက်နေ့က ကွယ်လွန်သည်။
    တကွန်ပါ ဆေးရုံသို့ ရောက်ရှိသွားသည့် အလုပ်သမား ကိုတင်ဝင်း ၃၉နှစ် မြောက်ဦးမြို့နယ်၊ ပြိုင်းချရွာ သည် ဧပြီလ ၁၅ ရက်နေ့တွင် မီးလောင်ဒဏ်ရာဖြင့် ကွယ်လွန်သွားသည်။ ဧပြီလ၁၉ရက်နေ့တွင် အသက် ၃၉နှစ်အရွယ် ကိုသန်းဝင်း ဆိုသူသည် ဖူးခက်ဆေးရုံတွင်  ကွယ်လွန်သွားခဲ့ပြန်သည်။
ရနောင်းဆေးရုံတွင် ဆေးဝါးကုသခံနေခဲ့ရသော ဦးသိန်းရွှေ=၄၄နှစ် နှင့် ကိုလှသိန်းထွန်း ၄၃ နှစ်တို့မှာ ယမန်နေ့က လှေဆိပ်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြပြီး အပြင်လူနာအဖြစ် ယနေ့ နံယွန် ဆေးရုံသို့ ထပ်မံသွား နေကြဆဲဖြစ်ပါသည်။



တကွန်ပါ ဆေးရုံတွင် ဆေးဝါးကုသနေရသော ကိုအောင်စိုးမင်း ၂၄နှစ်… မြောက်ဦးမြို့နယ်၊ ပြိုင်းချရွာ။ နှင့်  ကိုမောင်မောင်သိန်း ၂၆နှစ်… မြောက်ဦးမြို့နယ်၊ ပြိုင်းချရွာ။ တို့မှာ စိုးရိမ်နေရဆဲဖြစ် ပါသည်။ 

   ဦးဝင်းလှိုင် ၃၆နှစ် မြောက်ဦးမြို့နယ်၊ ရွှေကျင်ပြင် ဖူးခက်ဆေး ရုံကြီးတွင်ကုသနေသူမှာသက်သာကြောင်း မိသားစုဝင်များက   ပြောသည်။

သေဆုံးသူ သန်းဝင်း ၏ အစ်ကိုတော်စပ်သူ  အလုပ်သမားခေါင်း က “ သေဆုံးသွားသူတွေအတွက် လှေပိုင်ရှင်က လောလော ဆယ် ဘာမှမပြောသေးဘူး။ အခြားလူရှာပြီး လှေထွက်ဖို့ပဲပြော   နေတယ်။ ဒီနေ့ လှေထွက်ရပါမယ်။ လှေပေါ်မှာ ဖြစ်တဲ့ကိစ္စ ပိုင်ရှင်က တစ်စုံတစ်ခုတော့ တာဝန်ယူဖြေရှင်းစေချင်ပါတယ်” ဟုပြောသည်။ 

             အဆိုပါ ငါးဖမ်းလှေတွင် အလုပ်သမားပေါင်း ၃၀ဦးပါရှိပြီး အလုပ်သမားများအိပ်ခန်းအတွင်း ထား ရှိသော ဘယ်ထရီအိုးများပေါက်ကွဲ မီးလောင်ခဲ့ခြင်းဖြစ်သည်။ အခြားလှေလုပ်သားများမှာ တစ်နေရာတည်း တွင် မဟုတ်သဖြင့် သက်သာရာရရှိခဲ့သည်ဟု လှေလုပ်သားများကပြောသည်။