22 April 2015

“အကြံပက်စက်သည့်အေဂျင်စီများအား အရေယူခြင်းမရှိသဖြင့် MOU အလုပ်သမားများဒုက္ခရောက်နေ”




၂၀၁၅ ဧပြီ ၂၂ ရက်
ဆန်းဦး

           ရေသန့်ပုလင်းထုတ်လုပ်သည့်အလုပ်ရုံဟု ရန်ကုန်တွင်စာချုပ်ချုပ်ဆိုစဉ်က သိရှိခဲ့ရသော်လည်း ထိုင်းနိုင်ငံသို့ရောက်လာသည့်အခါ ပလပ်စတစ်အဟောင်းပစ္စည်းများအား ပြန်လည်သန့်စင်သည့် အလုပ် ရုံသို့ရောက်ရှိနေကြောင်း အလုပ်သမားများကပြောသည်။

           အလုပ်သမတစ်ဦးလျှင် ကျပ်ငွေ လေးသိန်းမှ ငါးသိန်းအထိပေးချေခဲ့ရပြီး ရန်ကုန်မြို့မြောက်ဒဂုံ ပင်လုံခန်းမတွင် အသက်အာမကြေးဟုဆိုကာ ကျပ်ငွေ ငါးသောင်းပေးခဲ့ရကြောင်း အလုပ်သမ တစ်ဦး က   ပြောသည်။ ၎င်းတို့သည် ၆၊ ၄၊ ၂၀၁၅ နေ့တွင် ထိုင်းနိုင်ငံသို့ရောက်ရှိခဲ့ကြသူများဖြစ်ကြသည်။

 သူမက “ကျမတို့မှာစာချုပ်လည်းမရလာဘူး။ အလုပ်သမားဝန်ကြီးဌာနက ဆရာမကြီး တစ်ယောက်က နင်တို့ကို သူဌေးကိုယ်တိုင်လာခေါ်တာတဲ့။ ထိုင်းကိုရောက်တော့ သူဌေးဆိုသူဟာ အလုပ်ရုံကိုတောင် မှ   မေးမြန်းပြီးတော့ လာရတယ်။ သူက သမီးတို့ကို ခေါ်ပေးခ ဘတ်ငါးထောင်စီရတယ်လို့ ဒီမှာရှိနေတဲ့မြန်မာ အလုပ်သမားကပြောလို့သိရတယ်။ လုပ်နေရတာ ချေးတွေသေးတွေ အညစ်အပတ်တွေနဲ့လုပ်ရတာ။ သမီးတို့ အလိမ်ခံရတာပဲ” ဟု ပြောသည်။
           ပလပ်စတစ်ပြန်လည်သန့်စင်သည့်အလုပ်ရုံတည်ရှိရာ လုဘူရီနယ်မြေတွင်မိုးရွာသဖြင့် အလုပ် လုပ် သည့်နေရာသို့ မိုးရေများဝင်သည်သာမက လူနေအိမ်ခန်းများကိုပါ မိုးရေ၀င်ရောက်နေကြောင်း အလုပ်သမများက MAT အဖွဲ့သို့ ဓါတ်ပုံများရိုက်ကူး၍ပေးပို့ခဲ့သည်။ .........................

            ၅၊ ၃၊ ၂၀၁၅ နေ့က ရန်ကုန်မြို့ ပင်လုံခန်းမတွင် မေ၀င့်ကုမ္ပဏီနှင့် ထိုင်းနိုင်ငံမှ KTTS CONCTRUCTION CO,LTD ကုမ္ပဏီဖြင့်စာချုပ်ချုပ်၍ အလုပ်သမား၅၀ဦးလာခဲ့ကြပါသည်။ မြန်မာပြည် တွင်အမျိုးသားတစ်ဦးလျှင် ကျပ်ငွေ သုံးသိန်း ခုနစ်သောင်းပေးရပြီး အမျိုးသမီးတစ်ဦးလျှင် ကျပ်ငွေသုံးသိန်း ခွဲစီပေးခဲ့ရပါသည်။ စာချုပ်ချုပ်ဆိုစဉ်က လင်မယားတွဲများ အတူတူနေထိုင်အလုပ်လုပ်ကိုင်ရမည်။ အတူတူ သွားသူအားလုံးအလုပ်ရုံတစ်ခုတည်းတွင်လုပ်ကိုင်ရမည်ဟု ကုမ္ပဏီ က ပြောဆိုခဲ့ပါသည်။

             ထိုအလုပ်သမားများသည် ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီ ကီလို ၁၈တွင်ရှိသော VONBUNDIT CO,LTD ရာဘာအလုပ်ရုံသို့ ပို့ဆောင်ခံခဲ့ရပြီး အမျိုးသားများ အလုပ်ရရှိပြီး အမျိုးသမီး၂၀ဦးယနေ့တိုင် အလုပ် မလုပ်ရပဲဖြစ်နေပါသည်။  အေးဂျင့်ကိုဖုန်းဆက်၍ မရတော့ကြောင်း အလုပ်သမားများ က ပြောပါသည်။

အလုပ်သမတစ်ဦးကသမီးတို့ကို ပွဲစားဒါရိုက်တာ၂ဦးကလိုက်ပို့ပါတယ်။ သမီးတို့ တစ်မနက်လုပ်ရပါတယ်။ မွန်းလွဲပိုင်းဆင်းတာ နာရီဝက်လောက်လုပ်တာနဲ့ အလုပ်ထုတ်တယ်ဆိုပြီး အကုန်လုံးကို ထုတ်ပစ်ပါတယ်။ သမီးတို့ကို မြန်မာသံရုံးကိုပဲ ခေါ်ပြီး ရှင်းပေးစေချင်ပါတယ်။ ပွဲစားတွေကိုမယုံတော့ဘူး”ဟုပြောသည်။

     နောက်ထပ်ပြဿ     နာတစ်ခုမှာ ဌေးကုမ္ပဏီနှင့် ထိုင်းနိုင်ငံဘက်မှ ST FRAME & TRUSS CO,LTD ကုမ္ပဏီတို့သည် ၇.၁.၂၀၁၄ ရက်နေ့တွင် ဆောက်လုပ်ရေးပစ္စည်းရောင်းဝယ်ရေးဟုဆိုကာ (အမျိုးသမီး ၇၀ ဦးနှင့်အမျိုးသားတစ်ဦး) စုစု ပေါင်း ၇၁ ဦးတို့အား  ရန်ကုန်မြို့ မြောက်ဒဂုံ ပင်လုံခန်းမတွင်စာချုပ်ချုပ်ဆိုခဲ့ပါ သည်။ မြ၀တီသို့ ရောက်သည့်အခါ  အစည်းဝေးလုပ်ပြီး မေ၀င့်ကုမ္ပဏီ ဟုပြောကာ လေဘာကဒ်တွင် လည်း မေ၀င့်ကုမ္ပဏီ ဟုပါရှိပါသည်။

           အလုပ်သမတစ်ဦးက “ထိုင်းနိုင်ငံသို့ရောက်တဲ့အခါ လုဘူရီကြက်သားရုံ၊ ကန်ချနဘူရီမှ VITA မှ   ပြောင်းဖူးအလုပ်ရုံ အမျိုးမျိုးကိုခွဲပို့တယ်။ မိသားစုနဲ့ မိတ်ဆွေရှိတဲ့သူတွေဟာ ပွဲစားတွေဆီက  ပတ်စပို့ စာအုပ်တစ်အုပ်ကို ဘတ်ငွေ တစ်သောင်းစီနဲ့ ရွေးပြီးထွက်သွားကြတယ်။ သမီးတို့ကိုလည်း ရွေးရင်ရတယ် လို့ပြောတယ်။ သမီးတို့က အလုပ်လုပ်ချင်လို့ တရားဝင်လာတာ။ အေဂျင်စီအလိမ်ကိုခံရတာပါ။ ကူညီပေးပါ” ဟု အကူညီတောင်းခံသည်။


မေ၀င့်ကုမ္ပဏီမှ ၂၀၁၅ ခု မတ်လ၁၀ ရက်နေ့က ထိုင်းနိုင်ငံသို့ အမျိုးသမီး၂၇ဦးနှင့် အမျိုးသား ၉၇ ဦး တို့ အား ဆောက်လုပ်ရေးဖြင့်တင်သွင်းလာခဲ့ပါ သည်။  ထိုအလုပ်သမားများအားနေရာပေါင်းစုံသို့ခွဲပို့ခဲ့ပါ သည်။ ရေမွှေး စက်ရုံသို့ပို့ခဲ့စဉ်က အလုပ်သမား ၁၃ ယောက်ပုလိပ်အဖမ်းခံခဲ့ရပါသည်။ 

        အလုပ်သမား၎ဦးအား ခြုံဘူရီငါးဖမ်းလှေဆိပ် အနီးတောရွာတစ်ခုတွင်ရှိသော လမ်းခင်းသည့် အလုပ်တွင် အလုပ်သမား၎ဦးပို့ ထားသဖြင့် MAT အဖွဲ့ကသွားရောက်အချက်အလက်ရယူထားခဲ့သည်။

    မေ၀င့်ကုမ္ပဏီဖြင့် ၁၀၊ ၁၊ ၂၀၁၅ နေ့က အလုပ် သမား ၄၃ဦး တို့ ရန်ကုန် မြောက်ဒဂုံ ပင်လုံခန်းမတွင် စာချုပ်ချုပ်ပါသည်။ အလုပ်သမားတစ်ဦးလျှင် ကျပ်ငွေ လေးသိန်းခွဲပေးခဲ့ရပါသည်။   မြန်မာအလုပ်သမား အာဏာပိုင်များရှေ့တွင် ပရိဘောဂအလုပ်ရုံ တစ်ခုဖြင့်စာချုပ်ချုပ်ဆိုခဲ့သော်လည်း  မဲဆောက်သို့ ရောက် သည့်အခါ MC ဆိုသည့်ပွဲစား ကုမ္ပဏီတွင်ထပ်မံ ၍ အယုဒ္ဓယမှ ICV စာချုပ်ချုပ်ဆိုကြရပါသည်။

          မေ၀င့်ကုမ္ပဏီဖြင့် ၂၉၊ ၁၂၊ ၂၀၁၄ နေ့က အလုပ်သမား ၁၀ဦးလာခဲ့ကြပါသည်။ စာချုပ်ချုပ်စဉ်က 
အယုဒ္ဓယ မြို့နယ်မှ ICV ဓါတ်မြေ သြဇာစက်ရုံတွင် အလုပ်လုပ်ရမည်ဟုချုပ်ဆိုခဲ့ကြပါသည်။ သို့ရာတွင် ထိုင်းကို ရောက်သည့်အခါ ကန်ချနဘူရီမှVITA နာနတ်သီးစက်ရုံနှင့်စူဖန်ဘူရီမှ F&F စက်ရုံတို့သို့ပို့ပါသည်။ ယခုအခါ စူဖန်ဘူရီ အရပ်တွင်ရှိသောF&F ကြက်သားစက်ရုံတွင် ဤအသုတ်မှ အလုပ်သမားပေါင်း ၃၀   ကျော်ခန့်ရှိပါသည်။ အလုပ်သေချာမှုမရှိပဲ နေရာပေါင်းစုံသို့ ပြောင်းရွှေ့နေကြောင်း အလုပ်သမားများ က ပြောပါသည်။

ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က MOU  အလုပ်သမားခေါ်စာ အရောင်းအ၀ယ် ဘန်ကောက်က အလုပ်သမားသံအရာရှိရုံးနဲ့ အေဂျင်စီများအဖွဲ့ချုပ်ရုံး မှာရှိတယ်။ ကျနော့်မှာ အထောက်အထားရှိပါတယ်။ အလုပ်သမားအာဏာပိုင်တွေဟာ  ပိုက်ဆံပေးလက် မှတ်ထိုး လူပို့ခွင့်ပြုလိုက်တာပဲ။ ထိုင်းနိုင်ငံမှာ အလုပ်သမားသွင်းစရာမရှိတော့ဘူး။ အလုပ်သမားသွင်းစား   နေကြတာ။ တရားဝင်လူကုန်ကူးနေကြတာပါ။ အေဂျင်စီတွေ ခုဘာကြိုးစားနေသေးလဲဆိုရင် ငါးဖမ်းလှေ ကို MOU ပို့လို့ရမလားလို့ပြင်ဆင်နေကြတယ်။ မြန်မာအလုပ်သမားဝန်ကြီးဌာနဟာ အလုပ်သမားတွေဆီက အကျိုးအမြတ်ရဖို့လောက်သာစဉ်းစားပြီး ထိုင်းကအလုပ်သမားတွေကို ကူညီစောင့်ရှောက်မယ့် အစီအမံ တစ်စုံတစ်ခု ဒီနေ့အထိ လုပ်ထားတာမရှိသေးဘူး” ဟုပြောသည်။
         

                တရားဝင်အလုပ်သမားတင်သွင်းခြင်း သဘောတူညီချက် MOU ဖြင့်  တင်ပို့သည့်အလုပ်သမား အချို့ ထောင်ကျခံရာမှ လွတ်မြောက်လာခဲ့ပြီး MAT ရုံးတွင် ယနေတိုင်ရှိနေဆဲဖြစ်ပါသည်။ အေဂျင်စီများနှင့် အလုပ်သမားဝန်ကြီးဌာနတို့သည် မိမိတို့ လုပ်ရပ်မှန်ကန်ကြောင်း အာမခံရဲပါက အလုပ်သမားခေါ်စာတစ်   စောင်လောက်လူအများရှေ့တွင်စစ်ဆေးခံပါဟု မြန်မာအလုပ်သမားဝန်ကြီးဌာနသို့ ဦးကျော်သောင်း က
 တောင်းဆိုထားကြောင်းသိရသည်။ 

     အေဂျင်စီအတော်များများတို့သည် ထိုင်းနိုင်ငံအတွင်းသို့ အလုပ်သမားများသွင်းလာပြီးနောက် အခန်းငှါး ထားကာ ကားပေါ်တင်၍ အလုပ်ရုံများသို့ အလုပ်သမားလိုအပ်သလား၊ အလုပ်သမားလိုချင်သလားဟု လိုက်လံပို့ဆောင်ခြင်းကိုပင်ခံခဲ့ကြရကြောင်း အလုပ်သမားများကပြောသည်။ MAT အဖွဲ့နှင့်အဆက်အသွယ် မရပဲ ထိုင်းနိုင်ငံအတွင်း အခက်အခဲကြုံနေကြရသော MOU အလုပ်သမားအမြောက်အမြားရှိနိုင်ကြောင်း MATတာဝန်ရှိသူများကသုံးသပ်သည်။