17 April 2015
"ထောင်ချခံခဲ့ရသည့် MOU အလုပ်သမား ၁၁ဦး ယနေ့လွတ်ပြီ"
 ၂၀၁၅  ဧပြီလ ၁၇
မြတ်ချို
       ပန်းရံလုပ်ငန်းခွင်တွင်၂၄၊ ၂၊ ၂၀၁၅နေ့တွင် ဘန်ကောက်မြို့အနီး ဖုထုမထုန် စိုင်းစီတွင် ပန်းရံလုပ်နေချိန်တွင် ၀တ်ပါမစ်မရှိဟု ဆိုကာ နယ်မြေခံရဲများကဖမ်းဆီးခဲ့ပြီးချက်ခြင်း ထောင်သွင်းအကျဉ်းချခဲ့ခြင်းဖြစ်သည်။
      ထောင်ချခံခဲ့ရသူများမှာ လေဘာအာရှကုမ္ပဏီမှ   ကိုစိုးမိုး ဆိုသူ နှင့် ဇွဲသုခကုမ္ပဏီ မှ ၁။ ကျော်ကျော်ခိုင် ။ ဆန်းဝင်း ။ ကိုသောင်းထွန်း ၊၊ ကျော်ဝင်း ။ လင်းလင်း ။ ကျော်ဆန်းဦး  ။ အောင်ကိုလင်း  ။ မြင့်ကျော်  ။ ခင်မောင်သန်း ၁။ ၀င်းဌေး တို့ ဖြစ်ကြသည်။
         ထောင်ချခဲ့ရသည့်အလုပ်သမား၁၀ဦးတို့သည် ၂၀၊ ၁၀၊ ၂၀၁၄ နေ့က ဇွဲသုခ ကုမ္ပဏီ ဖြင့် ၉၁ ယောက်လာခဲ့ကြသူများဖြစ် ကြပြီး အခြားသူများမှာ ထိုင်းနိုင်ငံတောင် ပိုင်း နခိုစီဌာမရနှင့် ထိုင်းနိုင်ငံမြောက်ပိုင်း  အယုဒ္ဓယမြို့တို့တွင် အလုပ်လုပ် နေကြ   ကြောင်း အလုပ်သမားများကပြောသည်။ လေဘာအာရှ မှတင်ပို့ထားသည့် ကိုအောင်စိုးမိုး မှာ ၈၊ ၈၊ ၂၀၁၃ နေ့က  အလုပ်သမား ၂၀ဦးဖြင့် ၀င်ရောက်လာခဲ့သူဖြစ်ကြောင်း သိရသည်။
            ယနေ့ထောင်မှ ပြန်လည်လွတ်မြောက်လာပြီး ဖုထုံမထုံရဲစခန်းသို့ ရောက်လာသော အလုပ်သမားများ၏ မိသားစုဝင် အချို့၏ အကူညီတောင်းခံမှုကြောင့် MAT အဖွဲ့ မဟာချိုင်ရုံးအဖွဲ့တစ်ခုလုံးက နယ်စပ်သို့ပြန်လည်ပို့ဆောင်ခြင်း မပြုလုပ်ရန် သွားရောက် ညှိနှိုင်းနေစဉ် အလုပ်သမားများ၏ MOU ကုမ္ပဏီပွဲစား ထိုင်းလူမျိုးများ ရောက်ရှိလာပြီး ခေါ်ယူသွားခဲ့ပါသည်။ 
             အလုပ်သမားများထောင်ချ ခံရခြင်းကိစ္စနှင့်ပတ်သက်၍ နက်ဖြန်တွင် အလုပ်သမားသံအရာရှိရုံးသို့သွားရောက်၍ ဖြေရှင်း ရအုံးမည်ဖြစ်ကြောင်း MAT အဖွဲ့ အတွင်းရေးမှူး ကိုခိုင်ကြီး ကပြောသည်။ 
   "MOU နဲ့ ရောက်လာတဲ့အလုပ်သမားတွေ ထောင်ကျဘာပဲဖြစ်ဖြစ် အလုပ်သမားတင်သွင်းတဲ့ အေဂျင်စီတွေကတာဝန်ယူရမယ်။
မြန်မာအစိုးရကလည်း တာဝန်မကျေတဲ့ အေဂျင်စီတွေကို ထိထိရောက်ရောက် အပြစ်ပေးအရေးယူရမယ်။ ခုဟာက အေဂျင်စီတွေ
လုပ်ချင်တာလုပ်၊ အပြစ်မပေးဘူး။ ဒုက္ခရောက်နေတဲ့အလုပ်သမားတွေ အတော်များပါတယ်။ နိုင်ငံတော်လူကြီးတွေ သတိထားသင့်
ပါတယ်" ဟုပြောသည်။
             ၅၂ ရက်ကြာ ထောင်ချခံခဲ့ရသည့် အလုပ်သမားများ၏နစ်နာမှုများအတွက် မြန်မာသံရုံး အလုပ်သမားသံအရာရှိနှင့် ဘန်ကောက်တွင် ရုံးခန်းဖွင့်လှစ်ထားသော အေဂျင်စီများအဖွဲ့ချုပ် MOEAF ၏ တာဝန်မှူးဆိုသူများ မည်သို့ဖြေရှင်းမည်ကို စောင့် ကြည့်မည်ဖြစ်ကြောင်း ကိုခိုင်ကြီးကပြောသည်။