10 April 2015

“ထိုင်းငါးဖမ်းလှေမှပင်လယ်ထဲသို့ခုန်ဆင်းခဲ့သည့်မြန်မာ၂ဦးအားကူညီ”



                  
၂၀၁၅  ဧပြီလ ၁၀ 
ကိုတီး
      ထိုင်းငါးဖမ်းလှေပေါ်မှပင်လယ်ထဲသို့ ခုန်ဆင်း လာခဲ့သည့် မြန်မာအလုပ်သမား ၂ဦးတို့အား MAT အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်သူများက ကူညီလိုက် ကြကြောင်းသိရသည်။
 
        မလေးရှားနယ်စပ်  ထိုင်းနိုင်ငံတောင်ပိုင်း ပါသနီလှေဆိပ်တွင် ရောင်းစားခံနေရသည့်   ကော့သောင်းမှ အသက်  ၁၉ နှစ်အရွယ်   ကျော်ကျော် နှင့် အသက်  ၂၀အရွယ် လမင်း ဆိုသူတို့သည်  ဧပြီလ ၇ ရက်နေ့ညဥ့် ၂နာရီအချိန်က
ပင်လယ်ထဲသို့ခုန်ဆင်းခဲ့ကြသည်။

          ပါသနီငါးဖမ်းလှေဆိပ်မှအပြာရောင် လှေအမှတ်၂၃တွင် အလုပ်လုပ်ကြရပြီး၊၁၅ရက်တစ်ကြိမ်   လှေပြန်ကပ်လာပါက အခြားလှေသားဆယ်ဦးခန့်နှင့်အတူ ထိုအမျိုးသမီးကြီး၏အခန်းထဲတွင် သော့ခပ် ပိတ်လှောင်ခံကြရကြောင်း ပြန်လည်လွတ်မြောက်လာသူ၂ဦးကလူကုန်တားရဲများကိုပြောသည်။  
၃လခန့်   အလုပ်လုပ်ကိုင် ခဲ့ကြ ရပြီး ထိုငါးဖမ်းလှေတွင် ထိုင်းလူမျိုး ပဲ့နင်းတစ်ဦးသာပါရှိပြီး မွန်အမျိုးသား တစ်ဦးက ဦးစီးသည်ဟုဆိုသည်။ ကျန်လှေလုပ်သား၈ဦးတို့အား လှေဦးစီး မွန်အမျိုးသားက မကြာခဏ ရိုက်နှက်သည်ဟုပြန်လည်လွတ် မြောက်လာသူများကပြောသည်။ 
 
       
၎င်းတို့သည် ကော့သောင်းမြို့မှ ပွဲစားတစ်ဦးက ဘတ်ငွေ ၄၅၀၀ သာပေးရမည်ဟုပြောဆိုခဲ့ကြသော်လည်း အသက် ၅၀ အရွယ်ခန့် မွန်ပွဲစားအမျိုးသမီးကြီးတစ်ဦးက ဘတ်ငွေ သုံးသောင်းပေးရမည်ဟုဆိုသည်။  ၎င်းတို့နှင့်အတူ ထိုင်းနိုင်ငံဘက်သို့ အလုပ်လုပ်ရန်လာခဲ့ကြသည့် ကော့သောင်းမြို့မှ အသက် ၁၇နှစ်အရွယ် သူငယ်ချင်း ငြိမ်းချမ်း ဆိုသူတစ်ဦး အခြားလှေတစ်စီးတွင်ကျန်နေခဲ့သဖြင့် ခေါ်ပေးပါရန် ရဲစခန်းတွင် ပြော ဆိုပါသည်။

ကျော်ကျော် က “ ထမင်းတော့ ၀၀လင်လင်စားရပါတယ်။ အလုပ်က ခဏနားလိုက်၊ ပိုက်ဆွဲလိုက်၊ ငါးရွေး လိုက်ပဲ။ အလုပ်လုပ်တာ အဆင်မပြေတာတစ်ခုခုတွေ့တာနဲ့ မွန်ပိုက်ဆရာက ရိုက်တော့တာပဲ။ ကျနော်တို့ မလုပ်နိုင်ဘူး။ ပြန်ပို့ပါဆိုတော့ သတ်ပြီးတော့ ပင်လယ်ထဲ ကန်ချပစ်မယ်တဲ့။ နေ့တိုင်းအရိုက်ခံ အဆဲခံ ရ တော့ သေချင်းလည်းသေပစေတော့ဆိုပြီး သူတို့ အိပ်နေကြတဲ့အချိန်မှာ ကျနော်တို့ သူငယ်ချင်း ၂ယောက် ပလက်စတစ်ပုံခွံတစ်ယောက် တစ်လုံးနဲ့ ခုန်ဆင်းလာခဲ့ကြတယ်” ဟုပြောသည်။

ကယ်ဆယ်ထားသည့် ခြုံဘူရီမြို့ မရိမ်းတပ်ဖွဲ့မှ ရဲစခန်းမှူး ဒုရဲမှူးနရ၀ုန် က .......
“ သူတို့၂ယောက်က မလေး ရှားရေပိုင်နက်ကိုရောက်သွားပြီး ငါးမန်းတွေပေါတဲ့နေရာနဲ့ နီးသွားပြီး သူတို့ ကံကောင်းတယ်။ ဓါတုပစ္စည်းတွေတင်လာတဲ့ ထိုင်းပင်လယ်ကူး သင်္ဘောတစ်စီးက ကယ်လာခဲ့ပြီး ကျနော် တို့ကို လာပို့တာ။ ကျနော် တို့က မြန်မာသံရုံးကို ဖုန်းဆက်ပြီးခေါ်တာ၊ အခြားလုပ်စရာတွေကိုတော့ ဆိုင်ရာ ဆိုင်ရာ ဆက်လုပ်ကြပါ လိမ့်မယ်” ဟုပြောသည်။

          အလုပ်သမား ၂ဦးတို့သည် ဓါတုသင်္ဘောပေါ်တွင် ၂ရက်၂ည နေခဲ့ပြီးမှ  ခြုံဘူရီ မရိမ်းတပ်ဖွဲ့သို့   ရောက်ရှိလာခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
ပြန်လည်လွတ်မြောက်လာသူ နောက်တစ်ဦးဖြစ်သော လမင်း က “ကျနော်တို့၂ယောက် ပင်လယ်ထဲကို ဆင်းသွားတဲ့အခါ ရေကျချိန်ဖြစ်နေတယ်။ ကမ်းဘက်ကို ဘယ်လိုမှ ကူးလို့မရဘူး။ ရေထဲမှာ ၄နာရီလောက် ကူးလိုက်ရပါတယ်။ ပထမသင်္ဘောတစ်စီးကို ကျနော်တို့လက်ပြတယ်။ မလာခဲ့ဘူး။ မိုးလင်း ၆နာရီလောက် မှာ ကျနော်တို့ကို ကယ်မယ့်သင်္ဘောကို ကျနော်မြင်တယ်။ ကျနော် လက်ခေါက်မှုတ်လိုက်တယ်။ ကျနော် လက်ခေါက်မှုတ်တဲ့အသံကို တစ်ယောက်ကြားသွားတယ်။ ကျနော့်တို့ကိုလှည့်ကြည့်တယ်။ ကျနော်တို့ လက်ကိုထောင်ပြကြတယ်။ ဘုရားမ,တာပေါ့ဗျာ၊ အားလုံးကိုကျေးဇူးတင်ပါတယ်” ဟုပြောသည်။

          ယမန်နေ့ ညနေပိုင်းက ခြုံဘူရီမြို့ မရိမ်းတပ်ဖွဲ့(ရေပုလိပ်) စခန်းမှူးက မြန်မာသံရုံးသို့ ဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားခဲ့သည်။ သံရုံးမှတစ်ဆင့်မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေး   ကော်မတီအဖွဲ့ဝင် MAT အဖွဲ့သို့ ဆက်လက်ဆောင်ရွက်ရန်အတွက် တာဝန်ပေးခဲ့သည်။

       ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း က“ ထိုင်းငါးဖမ်းလှေတိုင်းမှာ ရှိနေသမျှ မြန်မာလှေလုပ်သားတွေဟာ လူကုန်ကူးဂိုဏ်းတွေက ရောင်းစား ထားကြတာတွေချည်းပဲဖြစ်ပါတယ်။ ထိုင်းလှေတွေပေါ်မှာ မြန်မာအလုပ်သမားပေါင်းသောင်းချီပြီး ရှိနိုင်ပါ တယ်။ ဒီလူတွေကို ကျနော်တို့ ဒီနည်းနဲ့ အကြွေကောက်နေလို့တော့ ဘယ်တော့မှ ပြီးတော့မှာမဟုတ်ဘူး။ ကျနော်တို့MAT အဖွဲ့ ဆိုတာ ငွေကြေးရှိတဲ့ အဖွဲ့အစည်းလည်းမဟုတ်ဘူး။ စိတ်ဓါတ်ရှိတဲ့ သာမန်အလုပ် သမားတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့သေးသေးလေးပဲဖြစ်ပါတယ်။ ကျနော်တို့မှာ စရိတ်စက အများကြီးအခက် အခဲရှိပါတယ်။ ဒါပေမယ့် တိကျတဲ့ ကိစ္စရပ်ဟူသူမျှကို ကျနော်တို့ သွားရောက်ကယ်ထုတ်ပါတယ်။ ကူညီပါ တယ်။” ဟုပြောသည်။

      MAT အဖွဲ့သား တို့သည် ယနေ့နံနက် ၆နာရီ
ကတည်းက ခြုံဘူရီ မရိမ်းပုလိပ်စခန်းသို့ ကားတစ် စီး ငှါးရမ်း၍ ထွက်ခွာလာခဲ့ကြပါ သည်။ ရှေ့ဆင့်ေ နာက် ဆင့် ထပ်မံရောက်ရှိလာခဲ့သော ထိုင်းအစိုးရ လူကုန်ကူး မှုတိုက်ဖျက်ရေးအထူးရဲတပ်ဖွဲ့AHTD နှင့် ပါသနီလှေဆိပ်မှ နောက်ဆက်တွဲ လုပ်စရာကိစ္စရပ် များအား အစီ အစဉ်ချမှတ်ခဲ့ကြသည်။ 

     လူကုန်ကူးခံရာမှ လွတ်မြောက်လာသူ ၂ဦးကိုမူ AHTD က ကယ်ဆယ်ရေးစခန်း သို့ ခေါ်ဆောင်သွားခဲ့ကြပါသည်။ MAT အဖွဲ့သားများသည် ညနေ၈နာရီ တွင် ဘန်ကောက်သို့ ပြန်လည်   ရောက်ရှိခဲ့ကြပါသည်။ ကုန်ကျငွေ အချို့တို့အတွက် ဘန်ကောက် အခြေ စိုက် The Legal Assistance Foundation မှ ဘတ်ငွေ ၅,၀၀၀ ပေးပို့ ကူညီခဲ့ကြောင်း MAT ရုံးအဖွဲ့မှူး ကပြောသည်။