25 November 2017

ပြည်ပကို တင်ပို့မယ့် လုပ်ငန်းတွေ ကုန်ကြမ်းသွင်းရင် အကောက်ခွန် ကင်းလွတ်မည်

Friday, 24 November 2017


ပြည်တွင်းမှာထုတ်လုပ်ပြီး ပြည်ပကို ရာနှုန်းပြည့် တင်ပို့သွားမယ့် လုပ်ငန်းတွေအနေနဲ့ လိုအပ်တဲ့ကုန်ကြမ်းတွေကို တင်သွင်းမယ်ဆိုရင် အကောက်ခွန် ကင်းလွတ်သွားမယ်လို့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ဆိုပါတယ်။

ထုတ်ကုန်အတွက် လိုအပ်တဲ့ ကုန်ကြမ်း သွင်းနေသူတွေအနေနဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို အကောက်ခွန် ကင်းလွတ်ခွင့်နဲ့ သက်သာခွင့်အတွက် လျှောက်ထားနိုင်ပြီလို့ ကြေညာချက်ထုတ်ခဲ့တာပါ။ ပြည်ပကို ရာနှုန်းပြည့် တင်ပို့တဲ့ လုပ်ငန်းဆိုပေမယ့်လည်း သွင်းလာတဲ့ကုန်ကြမ်းတန်ဖိုးရဲ့ ၈၀ ရာခိုင်နှုန်း ပြန်လည်ပို့ရင် ရာနှုန်းပြည့် တင်ပို့တဲ့ လုပ်ငန်းလို့ သတ်မှတ်သွားမယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနရဲ့ ညွန်ကြားရေးမှူး ဦးမင်းဇော်ဦးက ပြောပါတယ်။

“Export Oriented စက်ရုံတွေအတွက် လိုအပ်တဲ့ ကုန်ကြမ်းတွေ တင်သွင်းမယ်ဆိုရင်တော့ ပေးမယ်လို့ ကြေညာထားတာ။ တင်သွင်းမယ့်ပစ္စည်းက ဥပမာ ၁၀၀ ဖိုး သွင်းလာတယ် ၈၀ ရာခိုင်နှုန်းဖိုး ၈၀ ဖိုး ပြန်ပို့တယ်ဆိုရင် Export Oriented ကုမ္ပဏီလို့ သတ်မှတ်ပါတယ်။ သွင်းလာတဲ့ပစ္စည်းတန်ဖိုးရဲ့ ၈၀ ရာခိုင်နှုန်း ပြည်ပကို ပို့မယ်ဆိုရင် အဲဒိသွင်းလာတဲ့ ကုန်ကြမ်းပစ္စည်းအတွက် အကောက်ခွန်ရော Commercial Tax ရော အဲဒါတွေ Free ပေးပါတယ်။ အဓိက ရည်ရွယ်ချက်တော့ ပြည်တွင်းမှာ အလုပ်အကိုင်ရရှိဖို့နဲ့ Export တွေ တိုးတက်ဖို့ ဒီဘက်က ကျွန်တော်တို့ဘက်က လျှော့ပေးတာပါ” လို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနရဲ့ ညွန်ကြားရေးမှူး ဦးမင်းဇော်ဦးက ပြောပါတယ်။


ပြည်တွင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့ နိုင်ငံသားရင်းနှီးမြှုပ်နှံမှု ဥပဒေ ၂ ခုရှိခဲ့ရာကနေ အခုတော့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေအဖြစ် တစ်ခုတည်း ပေါင်းစည်းလိုက်တာပါ။ အရင်ဥပဒေမှာဆိုရင် ဝင်ရောက်တဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေအတွက် ကုန်ကြမ်းတင်သွင်းရာမှာ အကောက်ခွန်ကင်းလွတ်ခွင့် ၃ နှစ်ပေးခဲ့ပေမယ့် အခု ဥပဒေမှာတော့ မပေးတော့ဘူးလို့လည်း သိရပါတယ်။ လက်ရှိမှာတော့ ပြည်ပကို ရာနှုန်းပြည့် တင်ပို့မယ့်လုပ်ငန်းတွေအနေနဲ့ ကုန်ကြမ်းတင်သွင်းမှုအတွက် သက်သာခွင့် လာရောက်လျှောက်ထားခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။

“လောလောဆယ်တော့ သီးသန့်လာလျှောက်ထားတာတော့ မရှိသေးဘူး။ သူက Commercial Operation run တော့မှ လာတာကိုး။ ဟိုးအရင်တုန်းကတော့ ကျွန်တော်တို့က Permit ပေးတာနဲ့ ရော့ အင့် ဆိုပြီး ၃ နှစ် ပေးလိုက်တာပဲ။ ကျွန်တော်တို့ရဲ့ Permit Decision ထဲမှာကိုက Raw Material ကုန်ကြမ်း တင်သွင်းခွင့် ၃ နှစ် ဆိုတာ ပါပြီးသား။ အခု ကျွန်တော်တို့ရဲ့ Permit တွေထဲမှာ ကုန်ကြမ်းတင်သွင်းခွင့် မပေးတော့ဘူးပေါ့နော်။ တစ်ခါတည်း Permit ထုတ်တာနဲ့ အဲဒါတွေ မပေးတော့ဘူး” လို့ ညွန်ကြားရေးမှူး ဦးမင်းဇော်ဦးက ထပ်ပြောပါတယ်။

အခုလို ကုန်ကြမ်းတင်သွင်းခွင့်အတွက် အကောက်ခွန် ကင်းလွတ်ခွင့် လျှောက်ထားနိုင်တာဟာ ပြည်ပကနေ ကုန်ကြမ်းသွင်းပြီးတော့ လုပ်အားနဲ့ ပြန်လည်ထုတ်လုပ် တင်ပို့တဲ့ အထည်ချုပ်လုပ်ငန်းလိုမျိုး လက်ခစားစနစ် လုပ်ငန်းတွေအတွက် ပိုအဆင်ပြေစေတယ်လို့လည်း သိရပါတယ်။