30 November 2017

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ ဖိတ်ကြားချက်အရ အလုပ်သဘောချစ်ကြည်ရေးခရီး သွားရောက်ရန် ပေကျင်းမြို့သို့ ထွက်ခွာ။


(နေပြည်တော်၊ ၃၀-၁၁-၂၀၁၇) MOFA

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ ၏ ဖိတ်ကြားချက်အရ အလုပ်သဘောချစ်ကြည်ရေးခရီး သွားရောက်ရန် ယနေ့ (ဝ၈၀ဝ)နာရီတွင် နေပြည်တော်မှ အထူးလေယာဉ်ဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ထွက်ခွာသွားပါသည်။




နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အလုပ်သဘောချစ်ကြည်ရေး ခရီးစဉ်အတွင်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ သမ္မတ မစ္စတာရှီကျင့်ဖျင်နှင့် နှစ်နိုင်ငံတွေ့ဆုံ ဆွေးနွေးပွဲသို့ တက်ရောက်ရန်နှင့် ပေကျင်းမြို့၌ ကျင်းပပြုလုပ်မည့် တရုတ်ကွန်မြူနစ်ပါတီနှင့် ပြည်ပနိုင်ငံရေးပါတီများ၏ အဆင့်မြင့်ခေါင်းဆောင်များ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရ၏ အထူးဧည့်သည်တော်အဖြစ် တက်ရောက် မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်း သိရှိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုယ်စားလှယ်အဖွဲ့ဝင်များအား နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် ရန်ကုန်မြို့၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးမှ တာဝန်ရှိသူများက နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ခဲ့ကြပါသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ကိုယ်စားလှယ်အဖွဲ့ဝင်များအဖြစ် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ မန္တလေးတိုင်းဒေသကြီး၊ ဝန်ကြီးချုပ် ဦးဇော်မြင့်မောင်၊ သမ္မတရုံးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမင်းသူနှင့် တာဝန်ရှိသူများ လိုက်ပါသွားကြကြောင်း သိရှိရပါသည်။