25 November 2017

ဆဋ္ဌမတန်းကျောင်းသူကို အဓမ္မပြုကျင့်ခဲ့သည့် ကျောင်းထိုင်ဘုန်းကြီး ဦးပုညထေဋ္ဌ (ခ) မိုးကျော်သူအား မြ၀တီခရိုင်တရားရုံးက ထောင်ဒဏ် နှစ် ၂၀ ချမှတ်


အလဲဗင်း နေ့စဉ်

ကရင်ပြည်နယ် မြ၀တီမြို့ မဲကနယ်ကျေးရွာ အုပ်စုပွင့်လင်းအေးမြိုင် ပုညရှင် ဘုန်းတော်ကြီးကျောင်းတွင်နေထိုင်ပြီး ပညာသင်ယူနေသော မိဘမဲ့ဆဋ္ဌမတန်းကျောင်းသူကို အဓမ္မပြုကျင့်ခဲ့သည့် အဆိုပါဘုန်တော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဦးပုညထေဋ္ဌ (ခ) မိုးကျော်သူအား မြ၀တီခရိုင်တရားရုံးမှ နိုဝင်ဘာ ၂၃ ရက်က ထောင်ဒဏ် အနှစ် ၂၀ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။


မြ၀တီမြို့ မဲကနယ်ကျေးရွာအုပ်စု ပွင့်လင်းအေးမြိုင် ပုညရှင်ဘုန်းတော်ကြီးကျောင်းတွင် အခြားကျောင်းသူ၊ ကျောင်းသားလေးများနှင့်အတူ နေထိုင်ပြီး ဆဋ္ဌမတန်း၌ ပညာသင်ကြားနေသူ (၁၃ နှစ်အရွယ်) ကျောင်းသူ မ—- သည် ကျောင်းထိုင်ဆရာတော်၏ အဓမ္မပြုကျင့်ခဲ့ခြင်းခံရကြောင်း အတန်းပိုင်ဆရာမထံသို့ တိုင်တန်းသဖြင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်သင်းသင်းစံက တရားလိုပြုလုပ်ပြီး သင်္ဃန်းညီနောင်ရဲစခန်းတွင် ၂၀၁၆ ခုနှစ် စက်တင်ဘာ ၄ ရက်က အမှုဖွင့်တိုင်တန်းခဲ့သည်။

ကျောင်းသူ မ—– သည် မိဘမဲ့တစ်ဦးဖြစ်ပြီး ရှမ်းပြည်နယ်ဘက်မှ လာရောက်ကာ အဆိုပါဘုန်းတော်ကြီးကျောင်းတွင် နေထိုင်၍ ပညာသင်ကြားနေသူတစ်ဦးလည်းဖြစ်သည်ဟု ဆိုသည်။ ၂၀၁၆ ခုနှစ် သြဂုတ် ၂၇ ရက်က ဆရာတော်က နင်း၊ နှိပ်ပေးရန် ခိုင်းစေပြီးနောက် အဓမ္မပြုကျင့်ခဲ့သည့်ဖြစ်စဉ်နှင့် ပတ်သက်၍ မြ၀တီမြို့နယ်တရားရုံးတွင် ပထမစစ်ဆေးပြီး ၎င်းမှတစ်ဆင့် ခရိုင်တရားရုံးသို့ လွှဲပြောင်းစစ်ဆေးခဲ့သည်။ 

အဆိုပါအမှုအား တစ်နှစ်ကျော်ကြာ စစ်ဆေးခဲ့သည်။ယင်းပုညရှင်ကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဦးပုညထေဋ္ဌ (ခ) မိုးကျော်သူ (၃၆ နှစ်) အား သင်္ဃန်းညီနောင်ရဲစခန်းမှ (ပ) ၂၅၁/၂၀၁၆ ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်အရေးယူစစ်ဆေးပြီး မြ၀တီမြို့နယ်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ မြ၀တီမြို့နယ်တရားရုံးမှ ရာကြီးအမှတ် ၉၂/၂၀၁၆ ဖြင့် လက်ခံစစ်ဆေးခဲ့ကြောင်း သိရသည်။

မြ၀တီခရိုင်တရာရုံး၊ ခရိုင်တရားသူကြီး ဦးသောင်းထွေးသည် ပုညရှင်ကျောင်းတိုက် ကျောင်းထိုင်ဆရာတော် ဦးပုညထေဋ္ဌ (ခ) မိုးကျော်သူ (၃၆ နှစ်) အား ပြစ်မှုထင်ရှားသဖြင့် တစ်သက်တစ်ကျွန်းနှင့်ညီမျှသော ထောင်ဒဏ်အနှစ် ၂၀ ကျခံစေရန် နိုဝင်ဘာ ၂၃ ရက်မွန်းလွဲပိုင်းက အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။