22 November 2017

ငြိမ်းချမ်းရေးဂီတပွဲတော် သီချင်းပြိုင်ပွဲတွင် တစ်ခြားတိုင်းရင်းသားများအား ရိုးရာဝတ်စုံ စီစဉ်ပေးသော်လည်း ရခိုင်ပြည်နယ် ကိုယ်စားပြုယှဉ်ပြိုင်သူအား ရိုးရာဝတ်စုံ စီစဉ်မပေးဟုဆို




စံမောင်သန်း၊ ရန်ကုန်
နိရဉ္စရာ၊ နိုဝင်ဘာ ၂၀

နိုဝင်ဘာလ ၁၉ ရက်နေ့ညက ရန်ကုန်တိုင်းဒေသကြီးတွင် ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးဂီတပွဲတော် သီချင်းပြိုင်ပွဲ ပွဲစဉ်အဆင့် (၃) တွင် ပွဲစီစဉ်သူများက တစ်ခြားတိုင်းရင်းသားများအတွက် ရိုးရာဝတ်စုံ စီစဉ်ပေးသော်လည်း ရခိုင်ပြည်နယ် ကိုယ်စားပြု ယှဉ်ပြိုင်သူအား ရိုးရာဝတ်စုံ စီစဉ်မပေးဘဲ မြန်မာဝတ်စုံ စီစဉ်ပေးရာမှ အငြင်းပွားမှု ပေါ်ပေါက်ခဲ့သည်ဟု သတင်းရရှိသည်။


ရခိုင်ပြည်နယ်ကို ကိုယ်စားပြု ယှဉ်ပြိုင်နေသူ ကိုဖြူလှ (ခ) လင်းလက်ခိုင်က “အရင်လုပ်ခဲ့တဲ့ ပွဲစဉ်တိုင်းမှာ ပွဲစီစဉ်သူတွေက ကျနော့်အတွက် ရိုးရာ ၀တ်စုံတွေ စီစဉ် ပေးခဲ့ကြပါတယ်။ ဒါပေမယ့် မနေ့က ပြိုင်ပွဲဝင် ၉ ယောက်ရှိတဲ့အထဲ ကျန် ၈ ယောက်အတွက် ရိုးရာဝတ်စုံတွေ စီစဉ်ပေးပြီး ကျနော့်အတွက် ချန်ထားခဲ့ပါတယ်”ဟု ကိုဖြူလှက နိရဉ္စရာ သတင်းဌာနသို့ ပြောသည်။

ရခိုင်ရိုးရာဝတ်စုံအစား သူ့ထက်အရွယ်အစားကြီးသည့် မြန်မာရိုးရာဝတ်စုံကိုသာ စီစဉ်ပေးသဖြင့် ပွဲစီစဉ်သူများနှင့် အချေအတင် စကားပြောခဲ့ရသည်ဟု ဆိုသည်။

“သူတို့ အဲ့ဒီလိုလုပ်တာ ရခိုင်လူမျိုးဖြစ်လို့ နှိမ်ချင်တာလားတော့ မပြောတတ်ဘူး။ ဗမာရိုးရာ ၀တ်စုံကို လာပေးတော့ ကျနော်ပြန်ပြောတာက ကျနော် ရခိုင်လူမျိုးဖြစ်တယ်။ ဘာကြောင့် မြန်မာရိုးရာဝတ်စုံနဲ့ စင်ပေါ်တက်ရမှာလဲ။ ကျနော် စင်ပေါ်မတက်ဘူးလို့ ငြင်းဆန်ခဲ့ပါတယ်”ဟု ကိုဖြူလှကပြောသည်။

ကိုဖြူလှအနေဖြင့် မြန်မာသံစဉ် သီချင်းများကို သီဆို၍ ပြိုင်ပွဲဝင်နေခြင်းဖြစ်ပြီး သီချင်းနှင့် လိုက်ဖက်မည့် မိမိရိုးရာဝတ်စုံဖြင့်သာ ယှဉ်ပြိုင်လာကြောင်းသိရသည်။

“မြန်မာဝတ်စုံ ၀တ်ပြီးတော့ ပြိုင်ပွဲဝင်ခဲ့ရင် ကျနော့်အတွက် မဲလျော့သွားနိုင်သလို ကျနော့် အနေနဲ့လည်း ရခိုင်လူထုကြားမှာ သိက္ခာကျသွားနိုင်ပါတယ်။ ကရင်လူမျိုးတွေ အတွက်ဆိုရင် ကရင်ရိုးရာဝတ်စုံ၊ ရှမ်းအတွက်ဆိုရင် ရှမ်းရိုးရာဝတ်စုံ စီစဉ်ပေးပါတယ်။ ဘာကြောင့် ကျနော့်ကို ကျမှ ဒီမြန်မာရိုးရာ ၀တ်စုံကို စီစဉ်ပေးရတာလဲ ဆိုတာကို ကျနော် မစဉ်းစား တတ်တော့ဘူး။ ကျနော့်ကို သက်သက် အရှက်ခွဲတယ်လို့ မြင်တယ်ဗျာ”ဟု ကိုဖြူလှက ထပ်လောင်း ပြောကြားသည်။

ယင်းသို့ ရိုးရာဝတ်စုံမစီစဉ် ပေးသည့်အတွက် လူရွေးထုတ် ပယ်သည့် အစီအစဉ်တွင် ဘောင်းဘီဖြင့်သာ တက်ခဲ့ရသည်ဟု ဆိုသည်။

“ကျနော့်ကို ပွဲစီစဉ်သူတွေက ပြိုင်ပွဲ ဆက်ဝင်မှာလား၊ ဆက်မ၀င်ဘူးလား နှစ်ခွန်းက တစ်ခွန်း ပြောပါ ဆိုပြီးတော့ ဖိအား လာပေးတဲ့အထိ လုပ်လာခဲ့ပါတယ်။ လိုအပ်ချက်ကို ဖြည်းဆည်းပေးဖို့ မကြိုးစားဘဲ ဖိအားပေး လာပေးပါတယ်။ ကျနော့်ကို တစ်ယောက်ထဲ ထင်ပြီးတော့ အခု ဖုန်းဆက် လိုက်ရမှာလားဆိုပြီးတော့ လုပ်လာပါသေးတယ်။ ကျနော့်နောက်မှာ ရခိုင်လူမျိုးတွေ အများကြီး ရပ်တည်နေတယ်ဆိုတာကို သူတို့ သတိထားမိပုံ မပေါ်ဘူး”ဟု ၄င်းက ပြောသည်။

ပွဲစီစဉ်သူများက ရခိုင်ရိုးရာ ၀တ်စုံကို မစီစဉ်ပေးသည့်အတွက် ကိုယ်တိုင် သွားဝယ်ပြီး ပြိုင်ပွဲ ၀င်ခဲ့ရသည်ဟု ဆိုသည်။

“ပွဲစီစဉ်သူတွေက ရခိုင်ရိုးရာ ၀တ်စုံကို မစီစဉ်ပေးတဲ့အတွက် ရန်ကုန်က ရခိုင်လူမှုရေးအသင်းကို အကူအညီတောင်းပြီးတော့ ရိုးရာဝတ်စုံကို ၀ယ်ယူ ယှဉ်ပြိုင်ခဲ့ရပါတယ်။ ကိုယ့်အိတ်စိုက် အကုန်အကျခံပြီးတော့ ကိုယ်တိုင်စီစဉ်ခဲ့ရပါတယ်။ မနေ့ကတော့ ကျနော့်ကိစ္စကြောင့် ပွဲစဉ်ကို နောက်ကျပြီးမှ ကျင်းပ ဖြစ်ခဲ့ပါတယ်”ဟု ကိုဖြူလှကပြောသည်။

ငြိမ်းချမ်းရေးဂီတပွဲတော် သီချင်းဆိုပြိုင်ပွဲအတွက် နောက်ထပ်ယှဉ်ပြိုင်ရန် ပွဲစဉ် အဆင့် ၄ နှင့် ၅ ကျန်ရှိနေသေးပြီး နောက်ထပ်ပွဲစဉ်များကို ယှဉ်ပြိုင်ခွင့်ရရန် ပရိသတ်ထံမှ မဲသည် အရေးကြီးကြောင်း၊ ပရိသတ်မှ မဲအများဆုံးရသူများသာ နောက်ဆုံးစကာတင် အဆင့်တွင် ယှဉ်ပြိုင်ခွင့်ရမည်ဟု သိရသည်။

နောက်ထပ်ပွဲစဉ်များတွင် ယှဉ်ပြိုင်ရန် ရခိုင်ရိုးရာ ၀တ်စုံကို ရန်ကုန်မှ ရခိုင်လူမှုရေးအသင်း အကူအညီကို ရယူပြီး စီစဉ်သွားမည်ဟု သိရသည်။

နောက်ထပ်ယှဉ်ပြိုင်ခွင့်ရသူ ၇ ဦးကျန်ရှိနေသေးပြီး ပထမဆုအတွက် ကျပ်သိန်း ၃၀၀၊ ဒုယဆုအတွက် ကျပ်သိန်း ၂၀၀၊ တတိယဆုအတွက် ကျပ်သိန်း ၁၀၀ နှင့် နောက်ဆုံး စကာတင် ၁၀ ဦးထဲ ပါဝင်သူများကို ကျပ်သိန်း ၃၀ စီ ချီးမြှင့်သွားမည်ဟု သိရှိရသည်။