30 November 2017

ဂွမြို့ ဗေဒါစစ်ဆင်ရေးဂိတ်တွင် ဖမ်းဆီးမိသည့်ကျောက်နီမော်မှ ဘင်္ဂလီသုံးဦးကို လ၀ကမှုဖြင့် တရားစွဲ



စစ်တွေ၊ နိုဝင်ဘာ ၃၀

ရခိုင်ပြည်နယ် ဂွမြို့ရှိ ဗေဒါစိစစ်ရေးဂိတ်တွင် ဖမ်းဆီးမိသည့် ရမ်းဗြဲကျောက်နီမော်မှ ဘင်္ဂလီလူမျိုး ၃ ဦးကို လ၀ကမှုဖြင့် တရားစွဲထားကြောင်း သတင်းရရှိသည်။

“ ဒီဘင်္ဂလီသုံးဦးကို လ၀က မှတ်ပုံတင် အက် ၆(၂)/၆(၃) ဖြင့် တရားရုံးမှာတိုက်ရိုက် တရားစွဲထားပါတယ်။ တရားမဝင် အထောက်အထားမဲ့ သွားလာနေကြရာကနေ ဖမ်းမိခဲ့တာပါ” ဟု ဂွရဲမြို့နယ်မှူးက ပြောသည်။


၎င်းတို့ သုံးဦးအား ဆိုင်ကယ် ကယ်ရီပြေးဆွဲသည့် ကမန် လူမျိုး ၂ဦး နောက်တွင် လိုက်ပါ လာရာမှ နိုဝင်ဘာလ ၂၃ ရက် ည ၈ နာရီခန့် တွင် ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။


“ ညဘက်တရား မဝင်သွားတာနေတာတွေ့တဲ့ အခါ စိစစ်တယ်။ ဘာအထောက်အထားမှ မပါဘူး။ ကျောက်နီမော်ကလို့ ပြောတယ်။ အထောက်အထားမပါတဲ့ အတွက် တရားစွဲဆိုရတာပါ” ဟု ဂွ မြို့နယ်မှူးက ပြောသည်။


ဖမ်းဆီးရမိသူများမှာ ကျောက်နီမော်တွင် နေထိုင်သည့် ဘင်္ဂလီလူမျိုးများ ဖြစ်ကြသည့် နှင်းဝေလှိုင် (ခ) ရောရှီတာ (၂၁)နှစ်၊ ဦးအောင်ဆန်းလင်း (၄၁နှစ်)နှင့် ဦးထွန်းလင်း (၃၀နှစ်) တို့  ဖြစ်ကြသည်ဟု သိရသည်။


၎င်းတို့သုံးဦးအား အထောက်အထားမပြနိုင်သဖြင့် ဂွမြို့မရဲစခန်းမှလည်း ရာဇသတ်ကြီးပုဒ်မ ၃၆၇/၃၇၀ အရ အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။