13 November 2017

ငါးလုပ်ငန်းဖံွ့ဖြိုးရေးအတွက် အမေရိကန်ဒေါ်လာ ၁၀ သန်းခန့် အသုံးပြုမည်


2017-11-13
ရခိုင်ပြည်နယ်က ငါးလုပ်ငန်းတစ်ခုကို တွေ့ရစဉ်
ရခိုင်ပြည်နယ်က ငါးလုပ်ငန်းတစ်ခုကို တွေ့ရစဉ်

ရခိုင်ကမ်းရိုးတန်းနဲ့ တနင်္သာရီကမ်းရိုးတန်းဒေသတွေမှာ ငါးလုပ်ငန်းဖွံ့ဖြိုးရေးအတွက် ဒိန်းမတ်နိုင်ငံက ကူညီထားတဲ့ အမေရိကန်ဒေါ်လာ ၁၀ သန်းခန့် အသုံးပြုသွားမယ် လို့  ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးက ဒီနေ့ ပြောပါတယ်။


ဖံွ့ဖြိုးရေးအစီအစဉ်အတွက် ဘယ်နေရာတွေမှာ အကောင်အထည်ဖော်မယ်ဆိုတာကို ၂၀၁၄-၂၀၁၅ ခုနှစ်ကတည်းက စိစစ်ထားတာဖြစ်တယ်လို့ ရခိုင်ပြည်နယ် ငါးလုပ် ငန်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာညွန့်ဝေ က ပြောပါတယ်။

"ဒိန်းမတ်နိုင်ငံက ကျနော်တို့ နှစ်တိုင်းနှစ်တိုင်းရဲ့ ရေလုပ်ငန်းရေရှည်ဖွံ့ဖြိုးရေး ထိန်းသိမ်းရေး ဒါတွေကို ဆောင်ရွက်ပေးမှာဖြစ်ပါတယ်၊ ဒီကိစ္စကိုတော့ ကျနော်တို့ ၂ဝ၁၄-၁၅ ကတည်းကနေပြီးတော့ စိစစ်ခဲ့တာဖြစ်ပါတယ်၊ ဘယ်နေရာ၊ ဘယ်ရွာေ တွမှာတော့ လုပ်ရင်ကောင်းမယ်ဆို့တဲ့ အနေအထားမျိုးနဲ့ စိစစ်တာဖြစ်ပါတယ်၊ အဲဒီတော့ သူတို့က ဒိန်းမတ်ငွေ သန်း ၇ဝ ပေါ့နော် အမေရိကန်ဒေါ်လာနဲ့ဆိုရင် ၁ဝ သန်းခန့်ရှိတဲ့ တန်ဖိုးတွေကို ကျနော်တို့ တနင်္သာရီနဲ့ ရခိုင်က ရေလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမှာဖြစ်ပါတယ်"

       စီမံချက်ကို ရခိုင်ပြည်နယ် စစ်တွေမြို့နယ် ကျေးတောပိုက်ဆိပ်၊ သဲချောင်း၊ ကျောက်ဖြူမြို့နယ် ပြင်ဖြူမော် စတဲ့ကျေးရွာ(၃) ခုအပြင် တနင်္သာရီကမ်းရိုးတန်းဒေ သက ကျေးရွာ ၅ ရွာမှာ လာမယ့် ၂၀၂၀ ခုနှစ်အထိ ဆောင်ရွက်မှာဖြစ်ပါတယ်။

သက်ဆိုင်ရာဒေသနဲ့ ကိုက်ညီတဲ့ဥပဒေတွေ၊ နည်းဥပဒေတွေပြဌာန်းပြီး ရေလုပ်ငန်း အစုအဖွဲ့တွေပါ ပါဝင်ဆောင်ရွက်ရေး၊ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းတွေမှာ အထောက်အကူပြုနိုင်အောင် ဝန်ထမ်းတွေကိုပါ စွမ်းရည်မြင့် သင်တန်းတွေပေးရေး၊ တရားမဝင်ငါးဖမ်းဆီးမှုကို လျှော့ချရေး၊ တန်ဖိုးမြင့်ငါးထုတ်ကုန်တွေ ထုတ်လုပ်နိုင်ဖို့နဲ့ ငါးမဖမ်းရရာသီတွေမှာ ဝင်ငွေရတခြားလုပ်ငန်းတွေ ဖန်တီးပေးရေး စတဲ့ရည်ရွယ် ချက်တွေနဲ့ ဆောင်ရွက်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအစီအစဉ်အတွက် ဒိန်းမတ်နိုင်ငံနဲ့ မြန်မာအစိုးရတို့ ပူးပေါင်းဆောင်ရွက်တာဖြစ်ပါတယ်။