2017-11-17 RFA

ဝန်ကြီးဟောင်း ဦးရဲထွဋ် ကို ရန်ကုန်မြို့ Park Royal ဟိုတယ်မှာ နိုဝင်ဘာလ ၇ ရက်နေ့ကလုပ်တဲ့ ရခိုင်အရေး စာတမ်းဖတ်ပွဲ မှာ တွေ့ရစဉ်
ရခိုင်ပြည်နယ်အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့ စကားလုံးဟာ
စိတ်ကူးယဉ်ဆန်တယ်လို့ ဝန်ကြီးဟောင်း ဦးရဲထွဋ်က ဒီကနေ့ ရန်ကုန်မြို့ Park
Royal ဟိုတယ်မှာပြုလုပ်ခဲ့တဲ့ ရခိုင်အရေး စာတမ်းဖတ်ပွဲ မှာ ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ နေထိုင်တဲ့ လူ့အဖွဲ့အစည်းနှစ်ခုဟာ ၁၉၄၂ ခုနှစ်ကတည်းက မတည့်ခဲ့တာဖြစ်တဲ့အတွက် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးသာ ဆောင်ရွက်နိုင် မယ့်အပြင် ရခိုင်ပြည်နယ် မြောက်ပိုင်းအရေးဟာ လည်း နိုင်ငံသားဖြစ်ရေးဆိုတာ ထက် ပိုတယ်လို့ ဦးရဲထွဋ်က သူ့အမြင်ကို ပြောပါတယ်။
"ကျနော်ကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးမှာကျတော့ စိတ်ကူးယဉ်တယ်လို့ ပဲ မြင်တယ်ဗျ၊ အဲဒေသ မှာရှိတဲ့ လူ့အဖွဲ့အစည်းတစ်ခုလုံးက သင့်မြတ်ခဲ့တာမဟုတ် ဘူး၊ သို့သော် မတည့်အတူနေနိုင်အောင်တော့ လုပ်တဲ့ယန္တရားရှိတယ်၊ ဒါကြောင့်မို့ ကျနော်တို့သည် အများဆုံးလုပ်နိုင်တာသည် ငြိမ်းချမ်းစွာအတူယှဉ်တွဲ နေထိုင်ရေး အတွက်ပဲ လုပ်ရမယ်၊ ဒီလိုလုပ်သွားမှ ရမယ်လို့မြင်တယ်၊ ဒါပေမဲ့ ဒါသည် မှန်ချင် လည်းမှန်မယ်၊ မှားချင်လည်းမှားမယ်၊ ကျနော့်ရဲ့ ပုဂ္ဂိုလ်ရေး အယူအဆပါ၊ ဒါပေမဲ့ သေချာတာတစ်ခုကတော့ ရခိုင်ပြည် နယ်မြောက်ပိုင်းရဲ့ အရေးပြဿနာသည် နိုင်ငံသားjဖစ်ရေး မဖြစ်ရေးကိစ္စတစ်ခုတည်းအဆင့် မကတော့ဘူး၊ အများကြီး ကျနော်တို့ ပေါ်လာပြီ၊ ရှုထောင့်တွေလည်း ပြောင်းသွားပြီ၊ အရင်တုန်းက မစဉ်းစား ခဲ့တဲ့ကိစ္စ၊ အရင်တုန်းက ပါးစပ်ထဲကပြောဖို့ လက်တွန့်ခဲ့တဲ့ကိစ္စတွေကို ရဲရဲရင့်ရင့် ပြောဖို့လိုပြီလို့ ကျနော် ပြောချင်ပါတယ်"
ဒီနေ့စာတမ်းဖတ်ပွဲမှာ ရခိုင်ပြည်နယ်မှာ အရင်ကစစ်အစိုးရလက်ထက်က White card ထုတ်ပေးတဲ့ကိစ္စတွေ၊ ရခိုင်ပြည်နယ်ကို စစ်တပ်ကနေ ထိန်းချုပ်ထားပုံတွေကို လည်း ပြောပါတယ်။
ဒီနေ့ပွဲကို ယခင် လဝက ဝန်ကြီးဟောင်း ဦးခင်ရီ လည်း တက်ရောက်ခဲ့ပါတယ်။ စာတမ်းဖတ်ပွဲအပြီးမှာ ဦးရဲထွဋ်ဟာ မီဒီယာတွေနဲ့ အမေးအဖြေတွေလည်း ပြုလုပ်ခဲ့ ပါတယ်။
ဦးရဲထွဋ်ဟာ အရင်ဦးသိန်းစိန် အစိုးရလက်ထက်က ဝန်ကြီးဟောင်းဖြစ်ပြီး လက်ရှိအချိန်မှာတော့ စင်္ကာပူအခြေစိုက် အရှေ့တောင်အာရှရေးရာ လေ့လာရေး အင်စတီကျုမှာ Visiting Senior Fellow အဖြစ် ဆောင်ရွက်နေပါတယ်။