Credit to Eleven Media 30.11.2017
ဘင်္ဂလားဒေ့ရှ်တောင်ဘက် ကမ်းလွန်မှ ကျက်တီးမြေကျွန်းအား ဘင်္ဂါလီမွတ်စလင် ဒုက္ခသည် ၁၀၀,၀၀၀ အတွက် ယာယီစခန်း အဖြစ် ပြောင်းလဲ အကောင်အထည်ဖော်ရန် ဒေါ်လာသန်း ၂၈၀ အငြင်းပွားစီမံကိန်းအား ဘင်္ဂလားဒေ့ရှ်အစိုးရက နိုဝင်ဘာ ၂၈ ရက် တွင် သဘောတူခွင့်ပြုခဲ့သည်။ ယင်းကျွန်းနေရာသည် လူနေထိုင်၍မဖြစ်နိုင်ကြောင်း သတိပေးမှုများ ရှိနေသည်ကြားမှ အငြင်းပွားစီမံကိန်းကို ဘင်္ဂလားဒေ့ရှ်အစိုးရက ခွင့်ပြုခဲ့ခြင်းဖြစ်သည်။ မြန်မာနှင့် နယ်စပ်တစ်လျှောက်ရှိ ပြွတ်သိပ် ကျပ်တည်းနေသော ဒုက္ခသည်စခန်းများမှ ဘင်္ဂါလီမွတ်စလင်များကို မြန်မာနိုင်ငံသို့ ပြန်လွှဲပြောင်းရေးအတွက် သဘောတူညီချက်ကို ဘင်္ဂလားဒေ့ရှ်က လက်မှတ်ရေးထိုးခဲ့ပြီးနောက် ရက်အနည်းငယ်အကြာတွင် ယခုကြေညာချက်ထွက် ပေါ်ခဲ့ခြင်းဖြစ်သည်။

“လောလောဆယ်တော့ လူ ၁၀၀၀၀၀ လောက်ကို ရွှေ့ပြောင်းသွားမှာပါ။ ၂၀၁၈ မှာ စီမံကိန်းပြီးစီးမယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်” ဟု ၎င်းက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။
ဘင်္ဂလားဒေ့ရှ်ရေတပ်သည် ကျွန်းစီမံကိန်းအား အလျင်အမြန်အ ကောင်အထည်ပေါ်စေရန် တာဝန်ယူဆောင်ရွက်နေကြောင်း ဇိုင်အူအစ္စလာမ်က ပြောကြားခဲ့သည်။
ယာယီစခန်းများ တည်ဆောက်ရေးအပြင် ကျွန်း၏ မြေနိမ့်ပိုင်းအား မြေဖို့သွားမည်ဖြစ်ပြီး ဒီရေကြီးမှုကို ခံနိုင်ရည်အတွက် ကျွန်းပတ်ပတ်လည်တွင် တမံများ တည်ဆောက်သွားရမည်ဖြစ်သည်။
၂၀၀၆ ခုနှစ်တွင် ဘင်္ဂလား ပင်လယ်အော်အတွင်းမှ ပေါ်ထွက်လာ ခဲ့သော ယင်းကျွန်းသည် လူနေထိုင်သော အနီးဆုံးကျွန်းမှ လှေဖြင့်သွားလျှင် တစ်နာရီခန့် သွားရသည့် အကွာအဝေး၌ တည်ရှိသည်။မကြာသေးခင်လများအတွင်းတွင် ဘင်္ဂလားဒေ့ရှ်ရေတပ်က ရဟတ်ယာဉ်ဆင်းသက်ရန် နေရာနှစ်ခု တည်ဆောက်ထားပြီး လမ်းငယ်တစ်ခုကိုလည်း ဖောက်လုပ်ခဲ့သည်။
သို့သော်လည်း လူများအခြေချနေထိုင်ရန်အတွက် သင့်လျော်မှုမရှိဟု စိုးရိမ်မှုများရှိနေပြီး ပင်လယ်ရေမြင့်တက်မှုကြောင့် ကျွန်းကို ရေမြုပ်သွားနိုင်ကြောင်း ကျွမ်းကျင်သူများက သတိပေးထားသည်။ဘင်္ဂါလီမွတ်စလင်များအား ယင်းကျွန်းသို့ ရွှေ့ပြောင်းရန်အတွက် အပြည်ပြည်ဆိုင်ရာက အကူအညီပေးရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အေအိတ်ခ်ျမာမွတ်အလီက စက်တင်ဘာတွင် တောင်းဆိုထားသည်။ သို့သော်လည်း ဘင်္ဂါလီမွတ်စလင်တို့က ယင်း ကျွန်းတွင် နေထိုင်ရမည့်အစီအစဉ်ကို ဆန့်ကျင်နေဆဲဖြစ်သည်။