19 November 2017

ရခိုင်ပြည်နယ်အခြေအနေနှင့်ပတ်သက်ပြီး (၇၂)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ လူမှုရေး၊ လူသားချင်းစာနာ ထောက်ထားမှုနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ (တတိယကော်မတီ)မှ ချမှတ်သည့် ဆုံးဖြတ်ချက် အား မြန်မာကိုယ်စားလှယ်အဖွဲ့မှ မဲခွဲဆုံးဖြတ်ရန် တောင်းဆိုပြီး ကန့်ကွက်ခဲ့


(၁၆-၁၁-၂၀၁၇ ရက်၊ နယူးယောက်မြို့)
           နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပလျက်ရှိသည့် (၇၂)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ လူမှုရေး၊ လူသားချင်း စာနာထောက်ထားမှုနှင့် ယဉ်ကျေးမှု ဆိုင်ရာကော်မတီ (တတိယကော်မတီ)တွင် ရခိုင်ပြည်နယ်အခြေ အနေနှင့် ပတ်သက်သည့် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အဆိုမူကြမ်းတစ်ရပ်ကို Organization of the Islamic Cooperation (OIC) မှ ဦးဆောင်လျက် ၁၆-၁၁-၂၀၁၇ ရက်နေ့က တင်သွင်းခဲ့ပါသည်။ 


   အဆိုမူကြမ်းနှင့်ပတ်သက်ပြီး ၁၆-၁၁-၂၁၀၇ ရက်နေ့တွင် ကျင်းပသည့် တတိယကော်မတီအစည်းအဝေးတွင် အရေးယူဆောင်ရွက်မှု ပြုလုပ်ခဲ့ပါသည်။

ယင်းသို့အရေးယူဆောင်ရွက်ရာတွင် မြန်မာကိုယ်စားလှယ်အဖွဲက-
- မြန်မာနိုင်ငံသည် ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာနှင့် ပူးပေါင်းလျက် ရခိုင်ပြည်နယ် အရေးကိစ္စကို အထူးအလေးထား ကိုင်တွယ်ဆောင်ရွက်နေသည့်တိုင်အောင် အကြမ်းဖက် လုပ်ရပ်၏ နောက်ဆက်တွဲဖြစ်ပေါ်လာသည့် လူသားချင်း စာနာထောက်ထားမှု အခြေအနေများ ကို ရည်ရွယ်ချက်ရှိရှိ အသုံးချလျက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီတို့တွင် ဆွေးနွေးမှုများ ပြုလုပ်နေပြီး၊ ယခုတဖန် တတိယကော်မတီတွင် လည်း ဆုံးဖြတ်ချက် တစ်ရပ်ချမှတ်ကာ နိုင်ငံရေးအရ ဖိအားပေးရန် ရည်ရွယ်လုပ်ဆောင်မှုကို ဆန့်ကျင်သည့်အနေဖြင့်လည်းကောင်း၊
- လူ့အခွင့်အရေးကာကွယ်မြှင့်တင်မှုကို အကြောင်းပြ၍ နိုင်ငံတစ်နိုင်ငံအား ပစ်မှတ်ထားကာ အပြုသဘော မဆောင်သည့် ချဉ်းကပ်ဆောင်ရွက်မှုမျိုးကို ဆန့်ကျင်သည့်အနေဖြင့် လည်းကောင်း၊

- နိုင်ငံတော်အစိုးရက ရခိုင်ပြည်နယ်သာမက နိုင်ငံတစ်နိုင်ငံလုံး ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို အစဉ်တစိုက်ဆောင်ရွက်နေသည့် လုပ်ဆောင်ချက်များကို ပြောင်ပြောင်တင်းတင်း လစ်လျူရှုမှုကို ဆန့်ကျင်သည့် အနေဖြင့် လည်းကောင်း၊ မိမိတို့ဘက်မှ မဲအနိုင်အရှုံး၊ မဲအရေအတွက် အနဲအများကို ပဓာန မထားဘဲ မဲခွဲဆုံးဖြတ်ရန် တောင်းဆိုပြီး ပြတ်သားစွာ ရပ်တည်ဆောင်ရွက်ခဲ့ပါသည်။

တတိယကော်မတီတွင် OIC မှ ဦးဆောင်တင်သွင်းသည့် အဆိုမူကြမ်းအား
ကန့်ကွက်မဲ (၁၀)မဲ၊ ကြားနေမဲ (၂၆)မဲ၊ ထောက်ခံမဲ (၁၃၅)မဲဖြင့် အတည်ပြုခဲ့ပါသည်။
မဲပေးခြင်းမရှိသူ (၂၂)နိုင်ငံ ရှိပါသည်။

အဆိုပါဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး မြန်မာကိုယ်စားလှယ်အဖွဲ့ ကိုယ်ခွဲခေါင်းဆောင် မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီးက-

- မြန်မာနိုင်ငံအနေဖြင့် ငြိမ်းချမ်း၍ သဟာဇာတဖြစ်သော ဒီမိုကရက်တစ် ဖယ်ဒရယ်နိုင်ငံ တစ်နိုင်ငံ တည်ထောင်ရေးအတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်သူများ၏ အခွင့်အရေးကာကွယ်မြှင့်တင်ခြင်းအပါအဝင် မြန်မာနိုင်ငံမှ ကတိကဝတ်ပြု ထားသည်များကို စိတ်ရင်းမှန်စွာဖြင့် မပျက်မကွက် အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊

- ကုလသမဂ္ဂ၏ လုပ်ထုံးလုပ်နည်းနှင့် စံများကို အသုံးချပြီး နိုင်ငံ တစ်နိုင်ငံ၏ အချုပ်အခြာအာဏာ အပေါ် ထိပါးမှုကို ကန့်ကွက်ကြောင်း၊ နိုင်ငံရေးအရ ဖိအားပေးရန် တင်သွင်းသည့် ဆုံးဖြတ်ချက် အဆိုသည် ပြဿနာကို ဖြေရှင်းခြင်းထက် ပိုမိုဆိုးရွားစေမည်သာဖြစ်ကြောင်း၊
- မိမိတို့ နိုင်ငံအပေါ် လူသားချင်းစာနာထောက်ထားမှုအရေးကိစ္စကို ခုတုံးလုပ်ပြီး နိုင်ငံရေးအရ ဖိအားပေးရန် ကြိုးပမ်းမှုမျိုးကို လုံးဝလက်မခံကြောင်း၊ ထို့ကြောင့် အဆိုပါရည်ရွယ်ချက်ဖြင့် အဆိုတင်သွင်းခဲ့သည့် 
“Situation of Human Rights in Myanmar” ဆုံးဖြတ်ချက်ကို မိမိတို့ အနေဖြင့် မည်သို့မျှ လက်ခံမည် မဟုတ်ကြောင်း၊

- ဘက်ပေါင်းစုံမှ နိုင်ငံရေးဖိအားပေးနေသည့်ကြားမှ ကန့်ကွက်မဲ၊ ကြားနေမဲနှင့် ဆုံးဖြတ်ချက် ချမှုကို ပါဝင်ပတ်ခြင်း မရှိကြောင်း ပြသပြီး မိမိတို့အပေါ် နားလည်ရပ်တည် ပေးခဲ့ကြသည့် နိုင်ငံများအား ကျေးဇူးတင်ရှိကြောင်းဖြင့် မှတ်ချက်ပြုပြန်လည်ပြောကြားခဲ့ပါသည်။

မြန်မာအမြဲတမ်းကိုယ်စားလှယ် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံ (မြန်မာ+အင်္ဂလိပ်)အား ဖော်ပြအပ်ပါသည်။