24 November 2017

“ပတ်စပို့လုပ်၍ပြန်လာသည့်မြန်မာအလုပ်သမား ၁၃ ဦး ကားတိုက်မိ၍မီးလောင်သေဆုံး”



၂၀၁၇ နိုဝင်ဘာ ၂၄ မင်းဘခက်

မြ၀တီတွင် ပတ်စပို့လုပ်ပြီး ပြန်လာသည့် မြန်မာအလုပ်သမား၁၃ ဦးစီးနင်းလာကြသည့်ပေါင်မုန့်(လွတ်တို့) ကား အား ကုန်တင်ကားကတိုက်မိသဖြင့် ကားတစ်စီးလုံးမီးလောင်၍သေဆုံးခဲ့ကြကြောင်း ထိုင်းသတင်းများတွင်ဖေါ်ပြထားသည်။


နွန်ထဘူရီ ဘန့်ယိုင် နယ်မြေတွင်အလုပ်လုပ်ကိုင်ကြသည့် မြန်မာအလုပ်သမား ၁၃ ဦးတို့သည် ပွဲစားများဖြင့်ချိပ်ဆက်၍ သက်တမ်းကုန်ဆုံးသည့် ပတ်စပို့စာအုပ်များအား အသစ်ပြုလုပ်ပြီးပြန်တက်လာကြစဉ် စိန်ဘူရီ ပြည်နယ် အာရှလမ်းမကြီး မိုင်တိုင် အမှတ် ၉၀-၆၀၀ အနီးတွင်ကုန်တင်ကားကြီးက တိုက်မိ၍ မီးလောင်ခဲ့ခြင်းဖြစ်သည်။

တိုက်မိသည့် ကုန်တင်ကား လိုင်စင်နံပါတ် 81-7407 Nakhon Sawan (နကော်စ၀မ်) ဖြစ်ပြီး အလုပ်သမားများစီးနင်းလာကြသည့် လွတ်တို့ ကား မှာ 33-3241 (ဘန်ကောက်) ဖြစ်ပါ သည်။ ယာဉ်တိုက်၊ မီးလောင်မှုကြောင့်ထိုင်းကားမောင်သူ၁ဦးနှင့် မြန်မာအလုပ်သမား ၁၃ ဦးသေဆုံးသွားကြောင်း သတင်းများတွင် ဖေါ်ပြထားပါသည်။

ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း က “သေဆုံးသွားကြသူတွေအတွက် စိတ်မကောင်းပါဘူး။ နှစ်စဉ်လိုလိုပဲ မြန်မာအလုပ်သမားတွေ ယာဉ်မတော်တဆမှုကြောင့် သေဆုံးနေကြရတယ်။ သေဆုံးသွားသူတွေအတွက်သင့်တော် တဲ့နစ်နာမှုတွေရရှိအောင် မြန်မာသံရုံးက ဦးဆောင်ပြီး လုပ်ပေးလာကြလိမ့်မယ်လို့မျှော်လင့်ပါတယ်” ဟုပြောသည်။

အသေစိတ်အချက်အလက်များထပ်မံရရှိပါက ဆက်လက်ဖေါ်ပြပါမည်။