14 November 2017

မော်တော်ဆိုင်ကယ်လိုင်စင် ဈေးနုန်းသက်သာစွာဖြင့် ပြုလုပ်ပေးရန် ကျောက်ဖြူတွင် ဆန္ဒဖော်ထုတ်တောင်းဆို



နိရဉ္စရာ၊ နိုဝင်ဘာ ၁၁
23376433_1730302293648507_2618611830157653040_n
        ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် မော်တော်ဆိုင်ကယ်များအား ဈေးနုန်းသက် သာစွာဖြင့် လိုင်စင် ပြုလုပ်ပေးရန် ဆိုင်ကယ်စီးသူများနှင့် ဘေးတွဲဆိုင်ကယ်သမား ၁၀၀ ခန့်က ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ကြသည်။


၎င်းဆန္ဒဖော်ထုတ် တောင်းဆိုပွဲကို နိုဝင်ဘာ ၁၁ ရက် နေ့လယ် တစ်နာရီ မိနစ် ၃၀ တွင် စတင်ပြုလုပ်ခဲ့ကြသည်။

      ဆန္ဒဖော်ထုတ်သူများသည် ဆိုင်ကယ်လိုင်စင်ဈေးနုန်းလျှော့ချပေးရေး- ဒို့အရေး၊ ဆိုင်ကယ်လိုင်စင် ဈေးနုန်း လျှော့ချ ပေးရေးအတွက် ပြည်နယ်အစိုးရမှ စီမံဆောင် ရွက်ပေးရေး- ဒို့အရေး၊ သက်သာသော ဈေးနုန်းဖြင့် လိုင်စင်ရရှိရေး- ဒို့အရေး စာသားပါ ပိုစာများကို ကိုင်ဆောင်ပြီး ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

            ကျောက်ဖြူမြို့ နာရီစင်ကွင်းမှ စတင်ကာ ဈေးလမ်း၊ ကမ်းနားလမ်းနှင့် ဗိုလ်ငမောက်လမ်းအတိုင်း ဆန္ဒဖော်ထုတ်ခဲ့ကြပြီး နာရီစင်ကွင်းတွင် ဆန္ဒဖော်ထုတ် ပွဲကို အဆုံးသတ်ခဲ့သည်။

မော်တော်ဆိုင်ကယ်များ လိုင်စင်ပြုလုပ်ရန် တရုတ်နိုင်ငံထုတ် ဆိုင်ကယ်တစ်စီးကို ထုတ်လုပ်သည့် ခုနှစ်အလိုက် အနိမ့်ဆုံးဈေး ကျပ်ငွေ (၆၀၂၅၀) မှ ကျပ်(၁၆၀၆၅၀) အထိ နှင့် ထိုင်းနိုင်ငံထုတ် ဆိုင်ကယ်တစ်စီးကို အနိမ့်ဆုံး ကျပ်(၉၃၂၅၀)မှ ကျပ် (၃၃၅၆၅၀) အထိ ပေးသွင်း ရမည်ဟု ကြော်ငြာထားသည်။

“ အခု လိုင်းစင်ကြေးက အရမ်းများတဲ့အတွက် သတ်မှတ်ထားတဲ့ လိုင်စင်ကြေးကို လျော့ပေးဖို့တောင်းဆို ဆန္ဒဖော်ထုတ်ရတာ ဖြစ်ပါတယ်။ အခုလိုမျိုး လိုင်စင်ကြေးကို အဆမတန်သတ်မှတ်တဲ့အတွက် သာမန်ပြည်သူလူထုအနေနဲ့လိုင်စင်လုပ်ဖို့ အခက် အခဲရှိနေတဲ့ အတွက် သက်ဆိုင်ရာကနေ ပြန်စဉ်းစားပေးဖို့ တောင်းဆိုပါတယ်” ဟု ဦးဆောင်သူ ဦးဇာနည်ဘော် ကပြောသည်။

        ရခိုင်ပြည်နယ်တွင်းရှိ တရားမ၀င် ၀င်ရောက်လာသော လိုင်စင်မဲ့ မော်တော် ဆိုင်ကယ်များအား ယာဉ်လိုင်စင်ပြုလုပ်နိုင်ရေးအတွက် ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားရေးမှူးဦးစီးဌာနသို့ ညွန်ကြားထားကြောင်းသိရသည်။

ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ရုံး(စစ်တွေ)မှ နယ်လှည့် စစ်ဆေးရေး အဖွဲ့သည် ကျောက်ဖြူတွင် နိုဝင်ဘာ(၁၃)ရက်နေ့မှ (၁၇)ရက်ထိ၊ အမ်း တွင် နိုဝင်ဘာ(၁၉)ရက်နေ့မှ (၂၁)ရက်ထိ၊ သံတွဲတွင် ဒီဇင်ဘာ(၅)ရက်နေ့မှ (၉)ရက် ထိ၊ မာန်အောင်တွင် ဒီဇင်ဘာ(၁၂)ရက်နေ့မှ (၁၄)ရက်ထိ၊ မြောက်ဦးတွင် ဒီဇင်ဘာ (၂၀)ရက်နေ့မှ (၂၄)ရက်ထိ ယာဉ်လိုင်စင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။