23 November 2017

မိုးညှင်းတွင် ရခိုင်စာပေနှင့်ယဉ်ကျေးမှုဆိုင်းဘုတ် အဆောက်အဦ မီးရှို့ဖျက်ဆီးခံရ


By ဒီဗွီဘီ 23 November 2017

ကချင်ပြည်နယ်၊ မိုးညှင်းမြို့မှာ ရခိုင်စာပေနဲ့ယဉ်ကျေးမှု အဖွဲ့ရဲ့ဆိုင်းဘုတ်နဲ့ အဆောက်အဦတခုကို မီးရှို့ဖျက်ဆီးခံရတဲ့အတွက် နိုဝင်ဘာ ၂၂ ရက်ည ၁၀ နာရီက မိုးညှင်းရဲစခန်းမှာ အမှုဖွင့်တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။

ဖြစ်ပွားပုံမှာ မိုးညှင်းမြို့ရှောင်လမ်း အဝေးပြေးကားဂိတ်အနီး မြေကွက်မှာ ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ အတွက် ၁၂×၁၈ ပေအမြင့် ၁၂ ပေ ၂ခန်းတွဲ သွပ်မိုး၊ ပျဉ်ခင်း၊ ထရံကာ အဆောက်အဦကို ဆောက်ထားပြီး အဆောက်အဦရှေ့မှာ ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ မိုးညှင်းမြို့နယ်မြေနေရာလို့ ရေးသားထားတဲ့ ဗီနိုင်းဆိုင်းဘုတ်တခု စိုက်ထူထားပြီး အမှုဆောင် ဦးသန်းမြင့်ကို ညအိပ်အဖြစ်ထားခဲ့တယ်လို့ သိရပါတယ်။

ဦးသန်းမြင့်က နိုဝင်ဘာ ၁၅ ရက်နေ့ကစပြီး စပါးရိတ်ပြန်သွားခဲ့ပြီး နိုဝင်ဘာ ၂၁ ရက်နေ့မှာ ဦးမောင်ထွေးနဲ့အတူ အဆောက်အဦဆီပြန်လာရာ မီးလောင်ထားတာကို တွေ့ရလို့ ရခိုင်ယဉ်ကျေးမှုဥက္ကဋ္ဌ ရွာသစ်ကုန်းကျေးရွာ ရာအိမ်မှုးတို့နဲ့ အောက်ခင်းပျဉ်၊ တိုင်၊ ထရံ နဲ့ ဆိုင်းဘုတ်တို့ မီးလောင်ကျွမ်းနေလို့ ရဲစန်းမှာ အမှုဖွင့်ခဲ့တယ်လို့ သိရပါတယ်။
“ဒါဟာရှို့မီးဖြစ်ပါတယ်။ လာရောက်နားခိုသူတွေရဲ့ ဆေးလိပ်မီးမတော်တဆဆိုရင် အရှေ့က ဆိုင်းဘုတ်ကျန်နေရမှာ။ ခုတော့ ဆိုင်းဘုတ်ကို သေချာခွာချပြီး ရှို့သွားတာပါ။ ဒါဟာ ဒုတိယအကြိမ်ဖျက်ဆီးခံရတာပါ။ ၂၀၁၆ ခုဒီဇင်ဘာလတုန်းကလည်း ကျနော်တို့ ထောင်ထားတဲ့ ဒီရခိုင်စာပေနှင့်ယဉ်ကျေးမှု ဆိုင်းဘုတ်ကို ကျကျနန ဖျက်ဆီးတာခံရပြီးပါပြီ။ ကျနော်တို့ ၁၈ သိန်း အကုန်ခံပြီး ဆောက်ခဲ့တာပါ” လို့ ရခိုင်စာပေနဲ့ယဉ်ကျေးမှုအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးထွန်းမြင့်က ပြောပါတယ်။
မိုးညှင်းရဲစခန်းက ရာဇသတ်ကြီးပုဒ်မ-၄၃၆ နဲ့ အမှုဖွင့်ထားပြီး တရားခံ ဖမ်းဆီးရမိရေးအတွက် စုံစမ်း စစ်ဆေးနေတယ်လို့ သိရပါတယ်။
Image may contain: sky, outdoor and nature