23 November 2017

“အဆင့်ဆင့် မုဒိမ်းကျင့်ခံရခြင်း “

“အဆင့်ဆင့် မုဒိမ်းကျင့်ခံရခြင်း “
November 23, 2017


ဧရာဝတီတိုင်း လပွတ္တာခရိုင် လပွတ္တာမြို့နယ် မောင်းဒီးကျေးရွာအုပ်စု ( — ) ရွာတွင် ဆွံ့အကာ စိတ်အခြေအနေအနည်းငယ်ပုံမှန် မရှိသော အသက် ( ၁၅ ) နှစ်အရွယ် မိန်းကလေးငယ်ကို လပွတ္တာမြို့နယ် မြွေဟောက်ကျေးရွာမှ အသက် ( ၅၆ ) နှစ်အရွယ်ရှိ အမျိုးသားကြီးက ၁၅ . ၁၁ . ၂၀၁၇ ရက်နေ့ မနက် ( ၁၀ : ၀၀ ) နာရီခန့်တွင် မိန်းကလေးငယ်နေထိုင်သောရွာရေကန်အနီး အတင်းအဓမ္မချုပ်နှောင်ကာ မုဒိမ်းကျင့်ခဲ့ပါသည်​။


ထိုသို့ အဓမ္မပြုကျင့်နေစဉ် ရွာသူ/သားအချို့က မျက်မြင်တွေ့ရှိခဲ့ကာ ရွာသားများက ဖမ်းဆီးမိခဲ့ပါသည်။သို့သော် မုဒိမ်းကျင့်သူသည် ငွေကြေးလွန်စွာချမ်းသာသူဖြစ်၍ ရွာမှအုပ်ချုပ်သူအာဏာပိုင်အချို့နှင့် ပူးပေါင်းကာ စာချုပ်တစ်ခုကို လိမ်ညာချုပ်ဆိုပြီး ချုပ်ဆိုစေခဲ့ပါသည်။မိန်းကလေးငယ်၏ မိဘများမှာ မရှိတော့၍ ငယ်ရွယ်စဉ်ထဲက အဖိုးအဖွားများနှင့် နေထိုင်ခဲ့သူဖြစ်ကာ ရိုးသားသောအဖိုးအဖွားများကို မုဒိမ်းကျင့်သူက ပြည်သူ့စစ်ဆိုသူမှတစ်ဆင့် ဖိအားပေးစည်းရုံးပြီး စာချုပ်တွင် လက်မှတ်ရေးထိုးစေခဲ့ခြင်း ဖြစ်ပါသည်။



ထိုဖြစ်စဉ်ကို ဖုံးဖြင့်သိရှိသည်နှင့်တစ်ပြိုင်နက် အခင်းဖြစ်စဉ် ကျူးလွန်ခံရသူမိန်းကလေး ဝတ်ဆင်ထားသော အဝတ်အစားများကို သေချာလုံခြုံစွာ သိမ်းဆည်းအပ်နှံရန် သတိပေးခဲ့ပါသော်လည်း ထိုအဝတ်အစားများမှာ သိမ်းဆည်းပြီးမှ ရွာအုပ်ချုပ်ရေးမှူးထံသို့ ပြန်လည်ရောက်ရှိသွားကာ လျှော်ဖွတ်သန့်စင်လိုက်ကြကြောင်း သိရှိခဲ့ရပါသည်။လျော်ကြေးငွေရရှိပြီးနောက် မိန်းကလေးငယ်၏ အဖိုးအဖွားများထံ လက်မှတ်ထိုးရန်စီစဉ်ပေးသည့် ပြည်သူ့စစ်ဟုဆိုသူ ဦးထွန်းမြင့်၊ရာအိမ်​​မှူး၊ ရွာအုပ်ချုပ်ရေးမှူး တာဝန်ရှိသူအချို့နှင့်လူအချို့တို့မှ ထိုလျော်ကြေးရရှိသော ငွေများထဲမှ သက်ဆိုင်သည်ဟုဆိုကာ နည်းမျိုးစုံဖြင့် ငွေလာရောက်တောင်းခံခဲ့ကြ၍ ရိုးသားသာအဖိုးအဖွားများမှာ နားမလည်ပဲ ထိုသူများကို ငွေများပေးခဲ့ရပါသည်ဟု ပြောပြခဲ့ပါသည်။



ဆွံ့အသည့် အသက်မပြည့်သေးသော မိန်းကလေးငယ်တစ်ဦး မုဒိမ်းကျင့်ခံရခြင်းကို ဥပဒေနှင့်အညီဝိုင်းဝန်းအကြံပြုကူညီခြင်း မရှိကြပဲ မိမိကိုယ်ကျိုးစီးပွါးအတွက် အမဲဖျက်သလို ငွေများတောင်းယူနေခြင်းကို သိရှိခဲ့ရ၍ အင်မတန်မှ စိတ်ပျက်ရွံရှာမိပါသည်။ထိုသတင်းကို တာဝန်သိပြီး မခံမရပ်နိုင်သည့် ရွာသူ/သားအချို့မှ ဆက်သွယ်ပြောကြားလာသည့် အချိန်နှင့်တပြေးညီ အမျိုးသားလွှတ်တော်ရှိ အမျိုးသမီးနှင့်ကလေးသူငယ် အခွင့်အရေးကော်မတီမှ အတွင်းရေးမှူးဒေါ်ဆူစန်နာလှလှစိုးအား ဆက်သွယ်ရှင်းပြကာ ထိုရွာလေးသို့ သွားရောက်၍ ရွာသူ/သားများနှင့် တွေ့ဆုံခဲ့ပါသည်။


ဒေါ်ဆူစန်နာလှလှစိုးမှအချိန်နှင့်တစ်ပြေးညီ တရားဝင်စာဖြင့် အပြည့်အဝကူညီပေးခဲ့ပါသည်။ လပွတ္တာခရိုင်နှင့်မြို့နယ်မှ တာဝန်ရှိသူအချို့ကလည်း ချိတ်ဆက်လာကာကူညီပေးခဲ့ပါသည်။ယခုအခါ အမှူဖွင့်ရန်စီစဉ်ခဲ့ပြီး၍ ထိုမိန်းကလေးငယ်၏ လုံခြုံရေးအတွက် အမျိုးသားလွှတ်တော်မှ အမျိုးသမီးနှင့်ကလေးသူငယ် အခွင့်အရေးကော်မတီ၏ လမ်းညွှန်ကူညီမှူအရ လပွတ္တာမြို့နယ်မှ လူမှုဝန်ထမ်းနှင့် ကယ်ဆယ်နေရာချထားရေးဋ္ဌာန တာဝန်ရှိသူများနှင့် ချိတ်ဆက်ကာ ဆောင်ရွက်ပြီးဖြစ်သည့်အပြင် အမှူအစမှအဆုံးအထိ အခမဲ့ အကျိုးဆောင်ပေးမည့်ရှေ့နေလည်း အဆင်သင့် ရှိနေပြီဖြစ်ပါသည်​။



ဆွံအနေသည့် အသက်မပြည့်သေးသော မိန်းကလေးငယ်လေး မုဒိမ်းကျင့်ခံရသည့် ဖြစ်စဉ်တွင် ကျူးလွန်ခံခဲ့ရသူမိန်းကလေးငယ်နှင့်အုပ်ထိန်းသူတို့ကို ဥပဒေနှင့်အညီ လူမှုကျင့်ဝတ်များဖြင့် ရှင်းပြကူညီဖေးမမှု မပေးဘဲ မတရားသဖြင့်ငွေကြေးနှင့် ဆုံးဖြတ်ကြကာ ထိုငွေများကိုသူ့ထက်ငါ အလုအယက် နည်းမျိုးစုံသုံးပြီး ရယူသွားကြသော စိတ်ဓါတ်ညံ့ဖျင်းလွန်းသူတို့ကို ပူးပေါင်းကြံစည်​ အား​ပေးမှုဖြင့်​ ဥပဒေနှင့်အညီ တရားစွဲဆိုသွားမည်ဖြစ်ပါသည်။

မွန်​/ကရင်​(နယ်​စားမင်း)