15 October 2017

ကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးမှာ ကိုဖီအာနန်က ရခိုင်အရေးတင်ပြ


15 October 2017 03:29(+0630) (လွန်ခဲ့သော 4 နာရီ ခန့်က)
 မြန်မာအစိုးရရဲ့ အုပ်ချုပ်ရေးပုံစံက စစ်တပ်နဲ့ အစိုးရ နှစ်မျိုး တွဲ တည်ရှိနေတဲ့အတွက် အကြံပေးချက်တွေကို အကောင်အထည်ဖော်ရာမှာ နှစ်ဖက် ဟန်ချက်ညီညီ ဆောင်ရွက်ဖို့ အခက်အခဲတွေ ရှိနေ
အောက်တိုဘာလ ၁၃ ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေနဲ့ အလွတ်သဘော တံခါးပိတ် ဆွေးနွေးမှုမှာ ရခိုင်ပြည်နယ်ရေးရာ အကြံပေး ကော်မ ရှင်ရဲ့ အစီအရင်ခံစာကို အလေးထား ရှင်းပြခဲ့တယ်လို့ ဒီကော်မရှင်ကို ဦးဆောင်ခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်က ဆွေးနွေးပွဲအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အကြမ်းဖက်မှုတွေ ရပ်ဖို့၊ လိုအပ်နေသူတွေအတွက် လူသားချင်းစာနာတဲ့ အကူအညီတွေ ရဖို့နဲ့ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ကြသူတွေ ဒုက္ခသည်တွေ သိက္ခာရှိရှိ မိမိဆန္ဒ အလျောက် ပြန်လာနိုင်ရေးကို ကူညီဖို့ စတာတွေ ကို ရေတိုအနေနဲ့ လုပ်ဆောင် သွားဖို့လိုကြောင်း လုံခြုံရေးကောင်စီဝင်တွေကြား သဘောတူခဲ့ကြတယ်လို့လည်း သူကပြောပါတယ်။

ဒီဒုက္ခသည်တွေ အနေနဲ့ လုံခြုံမှုရှိရှိနဲ့ အဆင်ပြေပြေနေနိုင်မယ် ဆိုတဲ့ ယုံကြည်မှုတွေ ရှိမှသာ ပြန်ကြမှာ ဖြစ်ပြီး ဒုက္ခသည် စခန်းထဲ ထားဖို့ မသင့်ပဲ သူတို့ရဲ့ ရွာတွေကို ပြန်သွားခွင့်ရသင့်ကြောင်းနဲ့ သူတို့အတွက် ပြန်လည် ထူထောင်ရေး အကူအညီ ပေးသင့်တယ်ဆိုတာကိုလည်း အစီအရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

ရခိုင်အကြံပေး ကော်မရှင် အစီအရင်ခံစာကို အစိုးရ အပါအဝင် နိုင်ငံတကာ NGO အဖွဲ့အစည်းတွေကလည်း လက်ခံခဲ့ကြတဲ့အတွက် မြန်မာနဲ့ နိုင်ငံတကာ အသိုင်း အဝိုင်းတို့က ရခိုင်အရေးမှာ အတူ ပူးတွဲ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မယ် လို့ မျှော်လင့်ကြောင်းကိုလည်း သူက ပြောပါတယ်။

    ကုလသ နိုင်ငံရေးရာအကြီးအကဲ မြန်မာပြည်ကိုရောက်

    ရခိုင်အရေး ကုလ လုံခြုံရေး ကောင်စီမှာ တံခါးပိတ်ဆွေးနွေး

မြန်မာနိုင်ငံအနေနဲ့လည်း ရခိုင်အရေးကို ဖြေရှင်းနိုင်မှ နိုင်ငံမှာရှိနေတဲ့ တခြား အဓိက ပြဿနာတွေကို အလေးထားဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့လည်း သူကဆိုပါတယ်။

စစ်တပ်ပါဝင်နေတဲ့ အခန်းကဏ္ဍကြောင့် ရခိုင်ပြည်နယ်ရဲ့ အခြေအနေတွေ ပြောင်းလဲ နိုင်ပါ့မလား ဆိုပြီး စာနယ်ဇင်းသမားတဦးက မေးမြန်းရာမှာတော့ နိုင်ငံတကာကလဲ စစ်တပ်ကို စပြီး ဖိအားပေးနေပြီး လုံခြုံရေး ရှင်းလင်းမှုဆိုတဲ့ သူတို့ရဲ့ အပြုအမူတွေနဲ့ ပတ်သက်လို့ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိဖို့အတွက် စစ်တပ်အချင်းချင်း ပြောဆို ဆွေးနွေးနေတာလည်း ရှိနေတယ်လို့ မစ္စတာ အာနန်က ဖြေကြားခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ စစ်တပ်ရဲ့ အနှစ် ငါးဆယ်လောက် အုပ်ချုပ်မှုကို ခံခဲ့ရပြီး အရပ်သား အစိုးရအဖြစ် ခက်ခက်ခဲခဲ ပြုပြုင် ပြောင်းလဲမှုလုပ်ထားတဲ့ မြန်မာအစိုးရရဲ့ အုပ်ချုပ်ရေး ပုံစံက နှစ်မျိုး တွဲ တည်ရှိနေတဲ့အတွက် ကိုဖီအာနန်ရဲ့ ရခိုင်အရေး အစီအရင်ခံစာ အကြံပေးချက်တွေကို အကောင်အထည်ဖော်ရာမှာ စစ်တပ်နဲ့အစိုးရတို့ ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ဖို့ အခက်အခဲတွေ ရှိနေတဲ့အတွက် နှစ်ဖက်စလုံးနဲ့ နိုင်ငံတကာက ပူးပေါင်းဆောင်ရွက်ဖို့ လိုတာကိုလည်း အစည်းအဝေးမှာတင်ပြခဲ့တယ်လို့ ကိုဖီအာနန် က ပြောပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်တဲ့ စာနယ်ဇင်းသမားေ တွရဲ့ မေးခွန်းကို ဖြေကြားရာမှာလည်း မြန်မာအစိုးရအနေနဲ့ ဒုက္ခသည်တွေ သိက္ခာရှိရှိ၊ လုံခြုံမှုရှိရှိနဲ့ ပြန်ခွင့်ရအောင် အခြေအနေတွေ ဖန်တီးပေးဖို့အတွက် အိုးအိမ်တွေ ပြန်လည်ထူထောင်ပေးဖို့၊ ပညာသင်ကြားခွင့်နဲ့ ကျန်းမာရေး စောင့်ရှောက်ခွင့်တွေ ရလာရေးအတွက် ကုလလုံခြုံရေး ကောင်စီဝင်တွေက မြန်မာအစိုးရကို တိုက်တွန်း မယ်လို့ ကိုဖီအာနန်က မျှော်လင့်ထားကြောင်း ပြန်ဖြေခဲ့ပါတယ်။

ရခိုင်အရေးကိစ္စ ဖြေရှင်းရာမှာ မြန်မာအစိုးရ၊ ရခိုင်ပြည်နယ်အစိုးရနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းတို့ ပူးပေါင်းပြီး ဘုံလမ်းပြ မြေပုံတရပ် ချမှတ် ဆောင်ရွက်ဖို့ ပြင်ဆင်ေ နတယ်လို့ ယူဆရကြောင်းကိုလည်း သူက ပြောပါတယ်။

ရခိုင်ရေးရာ အကြံပေးကော်မရှင်ရဲ့ အကြံပေးချက်တွေကို အခြေခံပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းက အခြေအနေတွေ တည်ငြိမ်အောင် ဆက်လုပ်ဖို့လိုပြီး ဒီလိုမှမဟုတ်ရင် ဆိုးဝါးတဲ့ ရေရှည်ပြဿနာကြီး ဖြစ်သွားနိုင်တယ်လို့ မစ္စတာ ကိုဖီအာနန်က သုံးသပ် ထားပါတယ်။

BBC Burmese