07 October 2017

ညစောင့်ဝန်ထမ်းကို ဖိနပ်ဖြင့် ပါးရိုက်သည့် အမ်းမြို့နယ် ပညာရေးမှူးကို အရေးယူရန် တိုင်ကြား


ရခိုင်ပြည်နယ် အမ်းမြို့ နယ် ပညာရေးမှူးရုံး၌ ညစောင့် တာဝန်ထမ်းဆောင်နေသော နေ့ စားဝန်ထမ်းကို ဖိနပ်ဖြင့်ပါးရိုက်သည့် အမ်းမြို့နယ် ပညာရေးမှူးကို အရေးယူရန် အောက်တိုဘာ ၃ ရက်တွင် ရခိုင်ပြည်နယ် ပညာရေးမှူးထံ ကာယကံရှင်ကိုယ်တိုင် တိုင်ကြားခဲ့သည်။


အမ်းမြို့နယ် ပညာရေးမှူး ဦးသင်းလှိုင်သည် အမ်းမြို့နယ် ပညာရေးမှူးရုံး ညစောင့် နေ့စား ဝန်ထမ်း ဦးခင်မာင်ထွေးကို  စက် တင်ဘာ ၂၈ ရက် နံနက်က ခရိုင် ပညာရေး မှူးရုံးနှင့် မြို့နယ်ပညာ ရေးမှူးရုံး ဝန်ထမ်းများရှေ့တွင် ဖိနပ်ချွတ်၍ ပါးရိုက်သဖြင့် အရေးယူရန် တိုင်ကြားခြင်းဖြစ်သည်။

‘‘ခရိုင်ပညာရေးမှူးရုံးကို ဖြစ်ဖြစ်ချင်းနေ့ပဲ တိုင်စာပို့တာပါ။ ပြည်နယ်က တာဝန်ပေးမှ ခရိုင်က စစ်ဆေးပေးမယ် ပြောလို့ အောက်တိုဘာ ၃ ရက်မှာ ပြည်နယ်ကို လိပ်မူပြီး ခရိုင်ကို မိတ္တူပေးတိုင်ကြားခဲ့ပါတယ်’’ ဟု ဦးခင် မောင်ထွေးက ပြောသည်။

စက်တင်ဘာ ၂၈ ရက် နံနက်တွင် မြို့နယ်ပညာရေးမှူးရုံးသို့ ခရိုင်ပညာရေးမှူးရုံးက ပေးပို့သော ရုံးလုပ်ငန်းဆိုင်ရာပစ္စည်းများရောက်လာသဖြင့် ညစောင့် ဦးခင်မောင်ထွေး က မြို့နယ်ပညာရေးမှူးအိမ်သွားကာ အိပ်ရာထရန် နှိုးသော်လည်း နှိုးမရ၍ ပြန်လာ ခဲ့ကြောင်း ဦးခင်မောင်ထွေး ကပြောသည်။ အချိန်အနည်းငယ် ကြာသောအခါ မြို့နယ်ပညာရေးမှူးသည် ရုံးသို့ ရောက်ရှိလာပြီး အိပ်ရာလာမနှိုးရကောင်းလားဟု ဆိုကာ ၎င်းစီးလာသော ဖိနပ်ဖြင့် ပါးရိုက်ခဲ့ကြောင်း ဦးခင်မောင် ထွေးက ပြောသည်။

 ‘‘တခြားဝန်ထမ်းတွေကို မာန်မဲတာတော့ရှိပါတယ်။ အခုလိုထိတော့ ဒါပထမဆုံး လုပ် တာပါ။ ကျွန်တော့်သဘောကတော့ ထိထိရောက်ရောက်အရေးယူပေးစေလိုပါတယ်’’ ဟု ဦးခင် မောင်ထွေးက ပြောသည်။

ထို့အပြင် ဦးသင်းလှိုင်သည် ရုံးလုပ်ငန်းနှင့် မသက်ဆိုင်သည့် လုပ်ငန်းများကို ရာထူး အာဏာသုံးကာ ခိုင်းစေမှုများရှိခဲ့ကြောင်း ဦးခင်မောင်ထွေးကပြောသည်။ ညစောင့် ဝန်ထမ်း၏ တိုင်ကြားစာကို ပြည်နယ်ပညာရေးမှူးရုံးက လက်ခံရရှိသော်လည်း ကျောင်းပိတ်ရက်ဖြစ်သော ကြောင့် စုံစမ်းစစ်ဆေးမှုများ မဆောင်ရွက်ရသေးကြောင်း ရခိုင် ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးစိန်ထွန်းက ပြောသည်။

      အဆိုပါဖြစ်စဉ်နှင့် ပတ်သက် ၍ အမ်းမြို့နယ်ပညာရေးမှူးထံ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်မရခဲ့ပေ။