18 October 2017

ရိုဟင်ဂျာတွေရဲ့ မူရင်း ဘင်္ဂလားဒေ့ရှ်ကလို့ ဒါကာမြို့ထုတ် သတင်းစာ ဖော်ပြ


18 October 2017 06:20(+0630) (လွန်ခဲ့သော ၁ နာရီ ခန့်က)

ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာလို့ ကိုယ့်ကိုယ်ကို အမည်ပေး ခေါ်ဝေါ်နေကြသူတွေဟာ မူလအားဖြင့် ဘင်္ဂလားဒေ့ရှ်ကနေ ရွှေ့ပြောင်းအခြေချခဲ့ကြသူတွေဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အဌမတန်း ပြဌာန်း စာအုပ်မှာ ရေးသားထားကြောင်း ဒါကာ ထရီဗြွန်း သတင်းစာက ဖော်ပြပါတယ်။

          ရခိုင်ပြည်နယ်တွင်း ပဋိပက္ခကြောင့် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာခဲ့ကြတဲ့ မွတ်စလင်ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး၊ မြန်မာအစိုးရကို ကိုယ့်နိုင်ငံသားတွေ ကိုယ်ပြန်ခေါ်ရေး နိုင်ငံတကာဖိအားတွေ မြင့်တက်လာအောင် ဘင်္ဂလာဒေ့ရှ်အစိုးရက ကြိုးစားနေချိန်မှာ၊ အခုလို အဌမတန်းသင်ရိုးပါ ဖော်ပြချက်ပြဿနာ ပေါ်ပေါက်လာ တာဖြစ်ကြောင်းလည်း သတင်းကဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ် အမျိုးသား သင်ရိုးညွှန်းတမ်းနဲ့ ပြဌာန်းစာအုပ် ဘုတ်အဖွဲ့ (NCTB) ရဲ့ အဌမတန်း ပြဌာန်းစာအုပ်မှာ ရခိုင်ပြည်နယ် မောင်တောဒေသမှာနေထိုင်နေကြတဲ့ မွတ်စလင်နဲ့ ဟိန္ဒူတွေဟာ မူရင်းနိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် စစ်တကောင်းနယ်ကနေ ရွှေ့ပြောင်းအခြေချလာခဲ့သူတွေဖြစ်ကြောင်း ဖော်ပြထားတဲ့ “မောင်တောသို့သွားရာ လမ်း “ ဆိုတဲ့ ခေါင်းစဉ်နဲ့ ခရီးသွားဆောင်းပါးတစ်ပုဒ် ပါဝင်ခဲ့ပါတယ်။ စာရေးသူက ဘိုင်ပရာဒက်ရှ် ဘရူးဝါး အမည်ရှိ ဆုရစာရေးဆရာတစ်ဦးဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနဆိုင်ရာ လွှတ်တော်အမြဲတမ်းကော်မတီ အဖွဲ့ဝင်တစ်ဦးကလည်း ကောက်စ်ဘဇား ဒုက္ခသည်စခန်းမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာ ကျောင်းဆရာတချို့က ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ် စစ်တကောင်းဇာတိတွေဖြစ် ကြောင်းဖော်ပြထားတဲ့ သူတို့ရဲ့ သင်ရိုးစာအုပ်တွေကို ပြသခဲ့ကြကြောင်း၊ ဒါပေမဲ့ ဒီကိစ္စဟာ နှစ်ပေါင်း ငါးရာလောက်ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့ ဒါကာ ထရီဗြွန်း သတင်းစာက ဖော်ပြပါတယ်။