21 October 2017

ပထမဆုံး သရုပ်ဆောင်သင်တန်း စစ်တွေမြို့တွင် ဖွင့်လှစ်


နောင်ခိုင်အောင်
နိရဉ္စရာ၊ အောက်တိုဘာ ၁၈
22539840_1706295039382566_1674876671370621232_n
        ရခိုင်ပြည်နယ် စစ်တွေမြို့တွင် သရုပ်ဆောင်သင်တန်းသစ်တစ်ခုကို ပထမဆုံး အကြိမ် ဖွင့်လှစ်လိုက်ခဲ့သည်ဟု သတင်းရရှိသည်။


       ၎င်းသင်တန်းကို ဦးဆောင်ဖွင့်လှစ်သူ သရုပ်ဆောင် ကိုလင်းနေက “ သရုပ်ေ ဆာင်ဝါသနာပါတဲ့ကလေးတွေ အတွက် ရည်ရွယ်ပြီးဖွင့်တာပါ။ သူတို့အနေနဲ့ ၀ါသနာ ပါပေမယ့် ရန်ကုန်မှာ သင်တန်းတက်ဖို့ကျတော့ မဖြစ်နိုင်ဘူးလေ။ တစ်ချို့ကလေး တွေကျတော့ မတတ်နိုင်တာလည်း ပါတာပေါ့။ ကျနော်က ရန်ကုန်မှာ ဒီအလုပ်ကို လည်းလုပ်ဖူးတယ်ဆိုတော့ တတ်သိလို့ ဆိုတာထက် ဒီသင်တန်ကို ရခိုင်မှာ ကျွန်တော်ဖွင့်ဖြစ်အောင် ဖွင့်မယ်ဆိုတဲ့စိတ်ဆန္ဒနဲ့ လာဖွင့်တာပါ” ဟု ပြောသည်။

         အဆိုပါသင်တန်းသစ်ဖွင့်လှစ်သည့်အပေါ် ရခိုင်ဝါရင့် သရုပ်ဆောင် ဗဂျီးကျော် ကလည်း အလွန် ဝမ်းမြောက်စွာဖြင့် ဂုဏ်ယူကြိုဆိုကြောင်းပြောကြားသည်။

           “ဗဂျီးတို့ အနုပညာနယ်ပယ်ကိုဝင်ခဲ့တဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ဝ လောက်က ဒီလို့သင်တန်း တစ်ခုမှမရှိဘူး။ ဝါသနာ ဗီဇနဲ့ ကြိုးစားရင်းနဲ့ လာခဲ့ရတာပါ။ ဒီလို သရုပ်ဆောင်ဝါသနာပါတဲ့ လူငယ်တွေကို ဒီလိုစနစ်တကျသင်တန်းဖွင့်ပြီးတော့ သင်တန်းပေးတယ်ဆိုတာ ကလေးတွေအတွက် တော်တော့်ကို ကုသိုလ်ကံထူးတာပါ။ အရမ်းလည်း ပီတိဖြစ်ပါတယ်” ဟု ရခိုင်ဝါရင့်သရုပ်ဆောင် ဗဂျီးကျော်က ပြောသည်။

        သရုပ်ဆောင်သင်တန်းကို ဖွင့်လှစ်နိုင်ခဲ့သည့်အတွက်ကြောင့် ကြိုးစားလိုသည့် ဝါသနာရှင် လူငယ်များအား အလွန်အထောက်အကူဖြစ်လာမည်ဟု ယုံကြည်ကြောင်း၊ ရည်မှန်းချက်များပြည့်ဝအောင် ကြိုးစားကြမည်ဟု ယုံကြည်ကြောင်း သူက ဆက်လက် ပြောကြားသည်။

        သင်တန်းသူ တစ်ဦးဖြစ်သူ နှင်းနုဝေက “ ကျွန်မကတော့ ငယ်ငယ်လေးကနေ ရူးသွပ်တဲ့ အနုပညာတစ်ခုရှိပါတယ်။ အခုလို သင်ယူခွင့်ရတာကိုလည်း တော်တော် ဝမ်းသာပါတယ်။ အခုလိုမျိုး စစ်တွေအထိ လာသင်ပေးတဲ့ ဆရာလင်းနေကိုလည်း ကျေးဇူးတင်ပါတယ် ” ဟု ပြောသည်။
22491634_1706295156049221_4865238694192856486_n
သင်တန်းသားကျော်ကျော်လင်းကလဲ “ကျွန်တော် ငယ်ငယ်လေးကနေ အနုပညာနဲ့ ပတ်သတ်တဲ့ အရာဟူသမျှကို စိတ်ဝင်စားပါတယ်။ ဒါကြောင့် ကျနော်ဒီသင်တန်းကို မရမက လိုက်တက်တာပါ။ နာမည်ရတဲ့ အနုပညာသမားတစ်ယောက်လည်း ဖြစ်ချင် ပါတယ်” ဟု ပြောသည်။

         သင်တန်းတွင် ပညာအရည်အချင်းနှင့် အရပ်အနိမ့်အမြင့်စံသတ်မှတ်ထားခြင်း မရှိသည့်အပြင် သင်တန်း အခကြေးငွေအားလည်း ရန်ကုန်နှင့် တစ်ခြားမြို့များ မှာ ထက် အလွန်အလွန်လျော့ယူထားကြောင်းနှင့် ဝါသနာရှင်များအနေဖြင့် မည်သူမဆို လာရောက်သင်ယူနိုင်ကြောင်း သင်တန်းဆရာလင်းနေက ပြောသည်။

သင်တန်းကို ရခိုင်ပြည်နယ်စစ်တွေမြို့ ရွာကြီးတောင်ရပ်ကွက်၊ သံဃရာဇာဝိဟာရ ကျောင်းတိုက် စာသင်ခန်းမဆောင်တွင် ဖွင့်လှစ်ထားရှိသည်။

သင်တန်မှာ ၁ လကြာမြင့်မည် ဖြစ်ပြီး သင်တန်းကြေးအဖြစ် သင်တန်းသားတစ်ဦးကို ကျပ် ၅ဝဝဝဝ သတ်မှတ်ထားကြောင်း သိရသည်။