
ဦးဖြိုးကိုကိုတင့်ဆန်းနှင့် ၄င်းပိုင် ACEကုမ္ပဏီရုံးအဖွဲ့မှ ဇော်ဝင်းထိုက် နှင့် ရဲမင်းဆွေတို့ကို နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အောက်တိုဘာ ၁၅ ရက်က ပစ္စတို သေနတ်နှစ်လက်၊ မူးယစ်ဆေးဝါးတို့ နှင့်အတူ စတင်ဖမ်းဆီးရမိခဲ့ပြီး ၄င်းပိုင် ACE ဟိုတယ်မှ အခန်းအား ဆက်လက် ရှာဖွေရာ ပစ္စတိုသေနတ် ကိုးလက် ကို ကျည်ဆန်များနှင့်အတူ ဖမ်းဆီးရမိခဲ့ သည်။
ယင်းနောက် သာကေတမြို့နယ်ရှိACE ကုမ္ပဏီရုံးမှ ပစ္စတိုသေနတ် နှစ်လက်နှင့် ကျည်များ၊ သံဘောစေ့ ထည့်ပစ်ရသည့် သေနတ်အတိုတစ်လက် နှင့် လက်ကိုင် စကားပြောစက်တို့ကို ဖမ်းဆီးရမိခဲ့ပြီး နေပြည်တော် ဒက္ခိဏ သီရိမြို့နယ်ရှိ ACE ဟိုတယ်၌ ထပ်မံ ရှာဖွေရာ ဝှက်ထားသည့် ပစ္စတို သေနတ်လေးလက်၊ M-21 တစ်လက်၊M-16 ပုံပြောင်းလေးလက်၊ လက်ကိုင် ဆက်သွယ်ရေးစက် ၁၉ လုံး၊ Drone ယာဉ် ခုနစ်စင်းတို့ကို ကျည်ဆန်များ နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်တွင် ဦးဖြိုးကိုကိုတင့်ဆန်း ထံမှ ဖမ်းမိထားသည့် သေနတ်အတို အရှည် စုစုပေါင်း အလက်၂ဝ ကျော်ပြီ ဖြစ် ပြီး အမှုနှင့်ပတ်သက်သည့် လူပုဂ္ဂိုလ် ၁၂ ဦး ကိုလည်း ဖမ်းဆီးစစ်ဆေးလျက် ရှိကြောင်း သိရသည်။