
သြဂုတ် ၂၅ ရက်နောက်ပိုင်း ဗုဒ္ဓဘာသာဝင်များ လွှမ်းမိုးသော မြန်မာနိုင်ငံမှနေ၍ ဘင်္ဂါလီမွတ်စလင် ဒုက္ခသည်ပေါင်း ၅၀၀,၀၀၀ ကျော် ရောက်ရှိလာခဲ့ခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ဒုက္ခသည်စခန်းများ ပြည့်ကျပ်သွားခဲ့ပြီး ကပ်ရောဂါဖြစ်ပွားမည်ကို စိုးရိမ်ရမှု ကြီးထွားလာခဲ့သည်။
မြန်မာ့တပ်မတော်က လွန်ခဲ့သည့် ရက်များအတွင်း ရခိုင်ပြည်နယ်၌ နေအိမ်များ မီးရှို့မှုနှင့် ပတ်သက်၍ ဘင်္ဂါလီမွတ်စလင် အကြမ်းဖက်သမားများကို အပြစ်တင်ခဲ့ချိန်၌ ဘင်္ဂလားဒေ့ရှ် ၀န်ကြီးတစ်ဦးက ဧရာမ ဒုက္ခသည်စခန်းကြီးနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ခဲ့သည်။
ဖိအားများနေသော ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက မြန်မာနိုင်ငံမှ ဘင်္ဂါလီ မွတ်စလင် အားလုံးကို နေရာပေးရန်အတွက် နယ်စပ်မြို့ဖြစ်သော ကော့စ်ဘဇားအနီးရှိ ကူတူပလောင်းတွင် ဒုက္ခသည်စခန်းကြီး တစ်ခုကို တိုးချဲ့တည်ဆောက်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
လက်ရှိ ကူတူပလောင်း ဒုက္ခသည်စခန်းနှင့် ကပ်လျက်ရှိ ဧက ၂၀၀၀ (၇၉၀ ဟက်တာ) အကျယ်အ၀န်းရှိ မြေနေရာကို အသစ်ထပ်မံ ရောက်ရှိလာမည့် ဒုက္ခသည်များအတွက် လွန်ခဲ့သည့်လက အရန်ထားရှိခဲ့ခြင်းဖြစ်သည်။ သို့သော် ရောက်ရှိလာသူများ အရေအတွက်သည် ၅၀၀,၀၀၀ ကျော်သွားခဲ့ပြီး မူလက ရှိနေသည့် ဒုက္ခသည် ၃၀၀,၀၀၀ နှင့် ပေါင်းပါက နောက်ထပ်လိုအပ်ချက် ရှိလာသောကြောင့် ဧက ၁၀၀၀ ကို ထပ်မံလျာထားရသည်။
ဘင်္ဂလားဒေ့ရှ် ဘေးဒုက္ခများ စီမံမှုနှင့် ကယ်ဆယ်ရေးဝန်ကြီးဌာန၀န်ကြီး မိုဖက်ဇယ် ဟိုစိန်ချောင်ဒူရီမာယာက ဘင်္ဂါလီ (မူရင်း၌ ရိုဟင်ဂျာဟု ဖော်ပြ)မွတ်စလင် အားလုံးကို နယ်စပ်တစ်လျှောက်ရှိ စခန်းပေါင်း ၂၃ ခုနှင့် ကော့စ်ဘဇားတစ်ဝိုက်ရှိ ၎င်းတို့ဘာသာ ဖြစ်သလို နေထိုင်သည့် အခြားစခန်းများမှနေ၍ အခါအားလျော်စွာ ရွှေ့ပြောင်းမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“သူတို့အားလုံးဟာ ပြန့်ကျဲနေတဲ့ နေရာတွေမှာ နေထိုင်နေကြပါတယ်။ တစ်နေရာတည်းကို ရွှေ့ပါမယ်။ ဒါကြောင့် မြေနေရာ ပိုပြီး လိုအပ်ပါတယ်။ သူတို့ ဖြည်းဖြည်းချင်း ရောက်လာပါလိမ့်မယ်” ဟု ၀န်ကြီးက ပြောကြားခဲ့သည်။ သူက အချို့သော မိသားစုများသည် ကူတူပလောင်း တိုးချဲ့စခန်းဟုခေါ်သော နေရာသို့ ပြောင်းရွှေ့နေနှင့်ပြီး ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
လက်ရှိ နေရာနှစ်ခုကို ပိတ်လိုက်ပြီး ဖြစ်ကြောင်းလည်း ၀န်ကြီးက ပြောကြားခဲ့သည်။
ယခု သီတင်းပတ်အတွင်း နေ့စဉ် မြန်မာနိုင်ငံမှ ဘင်္ဂါလီမွတ်စလင် ၄၀၀၀ နှင့် ၅၀၀၀ အကြားသည် နယ်စပ်ကို ဖြတ်ကျော်လာပြီး ၁၀,၀၀၀ သည်လည်း ထပ်မံဝင်ရောက် ရန် စောင့်ဆိုင်းနေသည်ဟု ဘင်္ဂလားဒေ့ရှ်က ပြောကြားခဲ့သည်။
ကုလသမဂ္ဂက ၎င်း၏ နယ်စပ်များကို ဖွင့်ထားပေးခြင်းအတွက် ဘင်္ဂလားဒေ့ရှ်၏ အလွန်အမင်း ရက်ရောသော သဘောထားကို ချီးကျူးခဲ့သည်။
Ref: AFP