28 October 2017

ဒုက္ခသည်စခန်းတွင် ဘင်္ဂလာဒေ့ရှ်များ တိုက်ခိုက်ခံရ၍ ၄ ဦးဒဏ်ရာရ


28 October 2017 11:32(+0630) (လွန်ခဲ့သော 4 နာရီ ခန့်က)
(ဓာတ်ပုံ- ဘာလုခါလီ ဒုက္ခသည်စခန်း)
နိရဉ္စရာ၊ အောက်တိုဘာ ၂၈

မြန်မာဘက်က ၀င်ရောက် ခိုလုံနေသူ ဘင်္ဂလီ (သတင်းတွင် ရိုဟင်ဂျာဟု ဖော်ပြ) သူများ၏ တိုက်ခိုက်မှုကြောင့် ဘင်္ဂလာဒေ့ရှ် နိုင်ငံသား ၄ ဦးဒဏ်ရာ ရရှိသွားခဲ့ဟု BD News 24 တွင် ဖော်ပြသည်။

      မြန်မာနယ်စပ်အနီးရှိ ဘင်္ဂလာဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားခရိုင် အိုကီးယား ရဲစခန်းမှ Md Abul Khayer က “ မြန်မာမှ ထွက်ပြေး ၀င်ရောက်လာသူများမှ ဘင်္ဂလာဒေ့ရှ် နိုင်ငံသားများကို ဘာလုခါလီ ( Balukhali) စခန်းတွင် စနေနေ့ နေ့လယ် ၁ နာရီ ခန့်က တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း” ပြောကြားသည်။

သူတို့အား ဓါးပြတိုက်ရန် ၀င်လာသည်ဟု သံသယဖြစ်၍ တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ရဲအရာရှိက ပြောသည်။

ဒဏ်ရာရသူ ၄ ဦးထဲမှ ၂ ဦးကို ကောတော့ပလောင် ရှိ MSF ဆေးရုံသို့တင်ပို့ခဲ့ရပြီး နောက် ၂ဦးကိုမူ တစ်ခြား ဒေသအတွင်းမှ ဆေးရုံတွင် ဆေးကုသနေရသည်ဟု ဆိုသည်။ သူတို့ ရရှိသော ဒဏ်ရာမှာ ချွန်ထက်သော အရာဖြင့် ထိုးခံရသည့်ဒဏ်ရာ ဖြစ်ကြောင်း သတင်းတွင် ဖော်ပြသည်။

ယခုအခါ ဘင်္ဂလာဒေ့ရှ်ရဲမှ ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရန် လိုက်လံရှာဖွေနေသည်ဟု သတင်းကဆိုသည်။