07 September 2017

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ မြေမြှုပ်မိုင်းချထားမှု ဆန့်ကျင်ကန့်ကွက်

7 September 2017 10:14(+0630) (လွန်ခဲ့သော ၁ နာရီ ခန့်က)


မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျာက်မှာ မြေမြှုပ်မိုင်းတွေချထားတဲ့အပေါ် ဆန့်ကျင်ကန့်ကွက်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးရုံးက မြန်မာသံအမတ်ကြီးကို ဆင့်ခေါ် ပြောဆိုခဲ့ကြောင်း AFP သတင်းက ဖေါ်ပြပါတယ်။

အခုရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်က ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းကို ဒုက္ခသည်တွေ အလုံးအရင်းနဲ့ ဝင်ရောက်လာနေတာကို တားဆီးဖို့ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးရုံးက မြန်မာသံအမတ်ကြီးကို ပထမအကြိမ်ဆင့်ခေါ်ပြောဆိုခဲ့ပြီး၊ အခု ဒုတိယအကြိမ် ဆင့်ခေါ်ခဲ့တာဖြစ်ပါတယ်။ နယ်စပ်အနီး မြေမြှုပ်မိုင်းတွေချထားတဲ့အပေါ် အထူးစိုးရိမ်ကြောင်းပြောဆိုခဲ့တယ်လို့လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးရုံးက ကြေညာချက်ထုတ်ပြန်ပါတယ်။

ဒီသီတင်းပတ်အတွင်း နယ်စပ်မှာ ပြင်းထန်တဲ့ ပေါက်ကွဲသံတွေကြားခဲ့ရပြီးတဲ့နောက်၊ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေ ထိခိုက်ဒဏ်ရာရခဲ့ကြတာတွေရကြောင်း၊ အမျိုးသမီးတဦး ခြေနှစ်ဖက်ပြတ်တောက်သွားခဲ့လို့ ဆေးရုံတင်ကုသပေးနေကြောင်း၊ ဒုက္ခသည်တွေ နေရပ်မပြန်နိုင်အောင် မြေမြှုပ်ဗုံးတွေချထားတာလို့ ဘင်္ဂလာေးဒ့ရှိအစိုးရက ယုံကြည်နေကြောင်း ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ အကြီးတန်းအရာရှိတဦးက ပြောဆိုတယ်လို့လည်း ဖေါ်ပြပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာဘက်က တစ်စုံတရာ မတုန့်ပြန်ကြောင်းလည်း သတင်းမှာ ဖေါ်ပြပါတယ်။

ဒီအတွင်း အမေရိကန် အောက်လွှတ်တော် ဒီမိုကရက်အမတ်များအဖွဲ့ ဥက္ကဌ Joe Crowley က အလွန်တရာ စိုးရိမ်ဖွယ်ရာဖြစ်နေတဲ့ မြန်မာနိုင်ငံ ရခိုင်ပြည်နယ် ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရအနေနဲ့ တည်ငြိမ်အေးချမ်းမှုတွေရရှိဖို့၊ ဒုက္ခသည်တွေကို မြန်မာ့အိမ်နီးချင်းနိုင်ငံတွေက လက်ခံပေးဖို့နဲ့ ကာကွယ်စောင့်ရှောက်ပေးဖို့ အတတ်နိုင်ဆုံးဆောင်ရွက်ပေးသင့်ကြောင်း၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့လည်း တိုက်ခိုက်မှုတွေကို တုန့်ပြန်ရာမှာ နှစ်ဖက်အသိုင်းအ၀ိုင်းကို အတတ်နိုင်ဆုံး အထိအခိုက်နည်းအောင် ဆောင်ရွက်သင့်ပါကြောင်း ကြေညာချက်ထုတ်ပြန် တိုက်တွန်းလိုက်ပါတယ်။

RFA Burmese