26 September 2017

ရခိုင်အရေးအာဆီယံထုတ်ပြန်ချက် မလေးလက်မခံ


26 September 2017 07:57(+0630) (22 မိနစ် ခန့်က)
အာဆီယံအနှစ်၅၀ ပြည့်အခမ်းအနား
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားတဲ့ ပဋိပက္ခနဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်းနဲ့ လုံခြုံရေး တပ်ဖွဲ့တို့ကို တိုက်ခိုက်တာကို ရှုတ်ချကြောင်း ဒီကိစ္စဟာ လူ့အဖွဲ့အစည်း ၂ခုကြား သမိုင်းနဲ့ချီ ဖြစ်နေတဲ့ အလွန်ရှုတ်ထွေးတဲ့ ပြဿနာအဖြစ် အာဆီယံ အလှည့်ကျ ဥက္ကဌ ဖိလစ်ပိုင်နိုင်ငံက ထုတ်ပြန် ကြေညာခဲ့ပါတယ်။

ဒီကြေညာချက်ဟာ လက်တွေ့မြေပြင် အခြေအနေနဲ့ မကိုက်ညီပဲ ရိုဟင်ဂျာတွေကို ညှဉ်းပန်း နှိပ်စက်မှုတွေ အကြောင်းဖေါ်ပြမထားလို့ သဘောမတူ နိုင်ကြောင်း မလေးရှား နိုင်ငံခြားရေး ဝန်ကြီးကပြောပါတယ်။

အာဆီယံ အဖွဲ့ဝင်တွေကြားမှာ အားလုံး သဘောတူညီမှုရမှ အခုလို သဘောထားကို ထုတ်ပြန်လေ့ ရှိတဲ့အတွက် မြန်မာနိုင်ငံမှ ရခိုင်ပြည်နယ် ပြဿနာကြောင့် အာဆီယံ အတွင်း သဘောထား ကွဲနေပြီး ဒေသတွင်း ပြဿနာအဖြစ်ရောက်လာပြီ လို့ဝေဖန် သူတွေလည်း ရှိပါတယ်။

မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေးမှ ဒုတိယ ဆက်သွယ်ရေး ဒါရိုက်တာ ကိုနေထွန်းနိုင် ကတော့ အခုပြဿနာကို ဒေသတွင်းပြဿနာအထိ ရောက်လာပြီလို့ မယူဆကြောင်း ဘီဘီစီကို ပြောပါတယ်။

သူ့ရဲ့အတွေ့အကြုံအရ အာဆီယံထိပ်သီး အစည်းအဝေးတွေမှာ မြန်မာနိုင်ငံနဲ့ ပတ် သက်လို့ ဒီမိုကရေစီအပြောင်းအလဲကိစ္စနဲ့ ဘင်္ဂါလီကိစ္စတို့ကို အမြဲသဘောထား ကွဲနေပြီးဘယ်တော့မှ တသံထဲ မထွက်ခဲ့ကြောင်းရှင်းပြပါတယ်။

အခုပြဿနာ ကြောင့် အာဆီယံထဲမှာ မြန်မာ့အရေးအတွက် မလေးရှားနဲ့ အင်ဒိုနီးရှား တို့ရဲ့ ထောက်ခံမှုမျိုးကို နဂိုရ်ကတည်းက သိပ်မမျှော်လင့်မိဘူးလို့လည်း ဆိုပါတယ်။

အာဆီယံနဲ့ ကမ္ဘာမှာ မြန်မာ့ ဥပဓိပြန်ကောင်းဖို့ အစိုးရရော ပြည်သူတွေပါ ဝိုင်းဝန်းကြိုးပမ်းဖို့ လိုအပ်မယ်လို့ ကိုနေထွန်းနိုင်ကပြောသွားပါတယ်။

BBC Burmese