စိတ်က၃၅နှစ်ပေမယ့်
အသက်က ၅၃နှစ်ပြည့်သွားပြီ။
လူသားတစ်ယောက်အဖြစ်မွေးပေးခဲ့တဲ့မိခင်ဖခင်တို့မရှိကြတော့ဘူး။
အဖေအမေတို့ကိုရည်မှန်းပြီး
ကောင်းမှုကုသိုလ်ပြုရင်း အောက်မေ့မျက်ရည်ကျမိတယ်။
စိတ်ဘယ်လောက်ပျိုပျို
ခြေလက် ဘယ်လောက်သွက်တယ်ပြောပြော
ဇာတိ၊ ဇရာ၊
မရဏ၊ ပကတိတရားကို လွန်ဆန်၍မရ။
နှစ်ငါးဆယ်ကျော်ဆိုတာ
လူ့သက်တမ်းရဲ့ထက်ဝက်ကိုကျော်ခဲ့ပြီ။
ရှေ့ကိုခရီးဆက်ဖို့အတွက်
နောက်ကိုပြန်ကြည့်တယ်။
ဆူကြုံနိမ့်မြင့်၊
ဘ၀ပေါင်းလည်းစုံသင့်သလောက်စုံခဲ့ပြီ။
မှားခဲ့၊
မိုက်ခဲ့၊ ဆိုးခဲ့၊ ကောင်းခဲ့၊ သာခဲ့၊ နာခဲ့၊ ပျော်ခဲ့၊ ငိုခဲ့၊ ရခဲ့၊ ဆုံးရှုံးခဲ့။
လူယုတ်မာတွေနဲ့တွေ့ခဲ့၊
သူတော်ကောင်းတွေနဲ့လည်းဆုံခဲ့။
နှိုက်စားခေါင်းဆောင်၊
လိုက်စားခေါင်းဆောင်တွေလည်းဆုံခဲ့၊
တပည့်ယုတ်တွေနဲ့တွေ့ခဲ့၊
သစ္စာခံတပည့်ကောင်းတွေလည်းရှိခဲ့။
ခေါင်းပေါ်နင်းသွားသူရှိသလို၊
ပခုံးပေါ်ထမ်းတင်ပေးသူလည်းရှိခဲ့တယ်။
အကျိုးအပြစ်ထောက်ပြသူရှားခဲ့၊
အလစ်အငိုက်ကိုစောင့်ဖမ်းသူတွေများခဲ့။
လူကြီးတွေအတော်များများတွေ့ခဲ့ဖူးပေမယ့်
လူကောင်းမတွေ့ဖူးသလောက်ပဲ။
ပျားသကာလျှာဖျားမှာလူးပြီးတရားစကားပြောတတ်တဲ့
အဆိပ်ဘီလူးတွေများတယ်။
တရားဓမ္မနဲ့အေးဆေးနေချင်ပေမယ့်၊
မတရားတာကိုရှောင်မသွားတတ်တော့…
လောကကောင်းကျိုး
အမှန်တရားမြတ်နိုးလို့ ၀င်ရှင်းရတယ်။
မတရားခံရသူကလွတ်၊
မမှန်သူကခံရ။ ဒေါမာန်ထ..ခံရတာက ကိုယ်….
မတရားလုပ်သူတွေက
တရားတဲ့နည်းလမ်းဘက်ကိုမပြောင်းပဲ..
ဒင်းတို့လုပ်ချင်တိုင်းလုပ်မရတော့…ဒီကောင်မရှိမှ
အေးမယ်တဲ့။
အမှန်တရားလုပ်ပေးတဲ့
အီဖေကိုယ်ဘက်ကို အမုန်းမျှားဦးလှည့်။
မီဒီယာတွေဟာအမှန်တရားထက်
ရပ်တည်ရေးကိုသာဦးစားပေးခဲ့ကြ၊
အမှိုက်ကစ
ပြဿဒ်မီးလောင်ဆိုတာ လက်ရှိအခင်းအကျင်းတွေလား။
မလျှော်သြဇာနဲ့ငွေတွေသုံးပြီး
တိုင်းပြည်ကို ချောက်ထဲ တွန်းချချင်ကြ၊
တိုင်းပြည်ကောင်းဖို့
ပြိုင်တူလှော်ဖို့မစဉ်းစား၊ လှေလူးအောင်ဝိုင်းလှုပ်ကြသူများသား၊
အသက် ၇၀ကျော်အမေအိုကို
ကူဖို့မစဉ်းစား၊ တိုင်းပြည်ကို ဆူပူအောင်သူတို့စဉ်းစား၊
အာဏာသုံးပြီးတံတားအစင်းလိုက်၊
တောင်အလုံလိုက်မြိုချင်ကြသေးသကို။
မတရားသဖြင့်ရယူခဲ့ကြ၊
မတရားသဖြင့်မောင်ပိုင်စီးခဲ့ကြတယ်လေ။
စူးရှတဲ့
အမှန်တရားမျှား၊ ဖုံးမရတဲ့အမှန်တရားများ လွှမ်းခြုံလာတဲ့အခါ
ငါတကောကောထားတဲ့
မတော်မတရားမှုဟူသမျှ …
ဟန်ဆောင်မျက်နှာဖုံးတွေကွာကျ၊
သောကဗျာပါဒတွေနဲ့၊
မသန့်မစင်ရထားတဲ့
ဓနဉ္စာမှန်သမျှ… ရေရှည်မခံ… မီးလျှံလောင်မြိုက်မယ်ဆိုတာ၊
အချိန်ကာလက
သက်သေတည်လိမ့်မယ်။
အေးလေ…. ဓမ္မနဲ့
..အဓမ္မ ကိုသိရှိထားမှတော့…..
မသေခင်စပ်ကြား
ဘယ်နည်းနဲ့သင်္ချိုင်းကုန်းသွားမယ်ဆိုတာ၊
မရဏာနုဿတိ..ငါမြင်ပြီပေါ့။
တစ်ခု သတိပြုရမှာက
နာမည်ဆိုးနဲ့သေမလား၊ နာမည်ကောင်းနဲ့သေမလား။
မှားနေတာကိုရှင်းခဲ့မလား၊
ရှုတ်နေတာတွေကို ဒီအတိုင်းထားခဲ့မလား၊
နောင်လာနောက်သားတွေကို
လောကအဆိုးမှာထားခဲ့မလား၊
ကောင်းတဲ့လောကမှာထားခဲ့မလားဆိုတာဆုံးဖြတ်ပါ။
ဘုရား….ဘုရား…..
တာဝန်တွေအများကြီးကျန်သေးတယ်။
မျောက်အိုလို့ မြေကလျှောက်မသွား၊ အစာငတ်ပေမယ့် ခြင်္သေ့က မြက်ကိုမစား၊
ငါ…. ဘယ်လောက်အိုအို
မတရားမှုမှန်သမျှ..ချေမှုန်းနေရအုံးမယ်၊
ငါအသက်သေသည်အထိ
မတရားမှုကိုရှောင်ကျဉ်မယ်။
မသေခင်စပ်ကြား
ရှိသမျှ အားမာန်တွေနဲ့ ချေချွတ်ရအုံးမှာပ မတရားမှုတွေကိုလေ။ ။
ကျော်သောင်း