06 September 2017

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တူရကီသမ္မတနိုင်ငံသမ္မတမစ္စတာတေယစ်ပ် အာဒိုဂန်နှင့် ရခိုင်ပြည်နယ်အရေးကိစ္စအပြန်အလှန် ဆွေးနွေး

Information Committee
နေပြည်တော်၊ စက်တင်ဘာလ ၅
 
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ယနေ့ မွန်းလွဲ ၂ နာရီကတူရကီသမ္မတတေယစ် အာဒိုဂန်၏ တယ်လီဖုန်းခေါ်ဆိုမှုအား လက်ခံပြောကြားခဲ့ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်း ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ အပြန်အလှန် ဆွေးနွေးကြသည်။


ထိုသို့ ဆွေးနွေးရာတွင် တူရကီသမ္မတမစ္စတာအာဒိုဂန်က ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် မကြာသေးခင်က ဖြစ်ပွားခဲ့သော ဖြစ်ရပ်များနှင့်စပ်လျဉ်း၍ တယ်လီဖုန်းခေါ်ဆိုရခြင်း ဖြစ်ကြောင်း၊ နှစ်ပေါင်းများစွာ စိန်ခေါ်မှုအများအပြားကို ကျော်ဖြတ်ပြီး လူ့အခွင့်အရေး အပြောင်းအလဲများ ဆောင်ရွက်ခဲ့သော ခေါင်းဆောင်တစ်ဦးအနေဖြင့် ရခိုင်အရေးကိစ္စကိုအမြော်အမြင်ဖြင့် ချဉ်းကပ် ဆောင်ရွက်မည် ဟုယုံကြည်ကြောင်း၊ ကမ္ဘာတစ်ဝှမ်းတွင် လူသားချင်းစာနာထောက်ထားရေး ဆိုင်ရာ စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ မကြာသေးခင်က ဖြစ်ရပ်များနှင့်ပတ်သက်၍ စဉ်းစားသုံးသပ် ဆောင်ရွက်မည်ကို သံသယမရှိပါကြောင်း၊ မကြာသေးခင်က ဖြစ်ပွားခဲ့သော ဖြစ်စဉ်များ၊ လူအများ ဖြန့်ဝေနေသောရုပ်ပုံများကြောင့် ကမ္ဘာတစ်ဝှမ်းမှစိုးရိမ်ပူပန်မှု ကြီးစွာဖြစ်လာခဲ့ကြောင်းစသည်ဖြင့် ပြောကြားသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကမိမိတို့အနေဖြင့် လူ့အခွင့်အရေးနှင့်ဒီမိုကရေစီအကာအကွယ်များပိတ်ပင်ခံရခြင်း၏ ဆိုလိုရင်းသဘောကိုကောင်းစွာသိရှိနားလည်ပြီးအစဉ်အမြဲအလေးထားပါကြောင်း၊ ထို့ကြောင့်လည်း မြန်မာနိုင်ငံအတွင်းရှိ ပြည်သူအားလုံး၏ အခွင့်အရေးကိုကာကွယ်စောင့်ရှောက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊ နိုင်ငံရေးဆိုင်ရာအခွင့်အရေးသာမကလူမှုရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခွင့်အရေးများကိုလည်း မြှင့်တင်လျက် ရှိပါကြောင်း၊ ရခိုင်ပြည်နယ်ရှိ ပြည်သူအားလုံးအတွက် အဖြစ်နိုင်ဆုံးနည်းလမ်းဖြင့် ကာကွယ်မှုပေးနိုင်ရန် စတင်ဆောင်ရွက်ထားပြီး ဖြစ်ကြောင်း၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီသာမက ငြိမ်းချမ်းတည်ငြိမ်ရေးအတွက် ရေရှည်မျှော်မှန်းကာဘက်စုံဖွံ့ဖြိုးရေးအစီအစဉ်များအကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ သတင်းအချက်အလက်အမှားများဖန်တီးခြင်းကြောင့်မိမိတို့နှစ်နိုင်ငံအကြားကာလရှည်ကြာရင်းနှီးချစ်ကြည်သောမိတ်ဆွေကောင်းဆက်ဆံရေးထိခိုက်လာမည်ကိုစိုးရိမ်ကြောင်း၊ နှစ်နိုင်ငံအကြားဆက်ဆံရေးကောင်းကိုအမြဲထိန်းသိမ်းထားလိုသောမြန်မာနိုင်ငံ၏ သဘောထားကို မြန်မာနိုင်ငံဆိုင်ရာတူရကီသံအမတ်ကြီးကတင်ပြပြီး ဖြစ်မည် ဟုယူဆပါကြောင်း၊ တူရကီဒုတိယဝန်ကြီးချုပ်အနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့ခြင်းမဟုတ်ဘဲအခြားနိုင်ငံများမှ သတင်းဓါတ်ပုံအမှားများကို ဖြန့်ဝေခဲ့သည်ကိုသိရှိပြီး ဖြစ်မည်ဟုယူဆပါကြောင်း၊ တူရကီဒုတိယဝန်ကြီးချုပ်ကြုံတွေ့ခဲ့ရသည့် အဖြစ်သည် သတင်းအမှားများထုနှင့်ထည်နှင့် ပြန့်နှံ့နေခြင်းအတွက် ကြီးမားသောပြဿနာ၏မြင်သာသော (The Tip of a huge Iceberg of Misinformation) အစိတ်အပိုင်းတစ်ခုသာ ဖြစ်ကြောင်း၊ ထိုကဲ့သို့ သတင်းဓါတ်ပုံအမှားများကိုမတူညီသောအသိုင်းအဝိုင်းများအကြား ပြဿနာအများအပြား ဖြစ်ပွားစေရန်နှင့် အကြမ်းဖက်သမားများအကျိုးဖြစ်ထွန်းစေရန် ရည်ရွယ်ချက်ဖြင့် ဖန်တီးနေကြသည်ကိုမှန်းဆကြည့်နိုင်ကြောင်း၊ တူရကီနိုင်ငံအနေဖြင့် ပီကေကေ (the Kurdistan Workers' Partyor PKK -Kurdish: PartiyaKarkerên Kurdistan) ကို နှိမ်နင်းခဲ့ရခြင်းကြောင့် အကြမ်းဖက်ဝါဒ၏ စိန်ခေါ်မှုများကိုကောင်းစွာနားလည်မည်ဟုယုံကြည်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အကြမ်းဖက်သမားများကိုရင်ဆိုင်ရသည်မှာအတွေ့အကြုံအသစ် ဖြစ်သော်လည်းယင်းအကြမ်းဖက်ဝါဒပိုမိုကျယ်ပြန့်မလာစေရန်နှင့် ရခိုင်ပြည်နယ်တစ်ပြည်နယ်လုံးသို့ ပြန့်နှံ့မသွားနိုင်စေရန် အကောင်းဆုံးကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း၊အကြမ်းဖက်ဝါဒ မြန်မာနိုင်ငံ၌ အမြစ်မတွယ်စေရေးအတွက် ကမ္ဘာ တစ်ဝှမ်းမှ မိတ်ဆွေများနှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံအတွင်းနေထိုင်သူအားလုံးဘေးကင်းလုံခြုံစိတ်အေးချမ်းသာစေရန် လိုအပ်သည့်ကာကွယ်မှုအားလုံးခံစားပိုင်ခွင့် ရှိစေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်ဆိုင်ရာအကြံပေးကော်မရှင်၏ အစီရင်ခံစာပါ အကြံပြုချက်များကိုအကောင်အထည်ဖော် ဆောင်ရွက်မည့် အကောင်အထည်ဖော်ရေးကော်မတီကိုအမြန်ဆုံးဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းဖြင့်ပြောကြားသည်။
ထို့နောက် တူရကီသမ္မတမစ္စတာအာဒိုဂန်ကမြန်မာအစိုးရတွေ့ကြုံရင်ဆိုင်နေရသည့် အခက် အခဲများနှင့် စိန်ခေါ်မှုများကိုသိရှိပါကြောင်း၊ ပြဿနာဖြေရှင်းနိုင်ရေးအတွက် ကူညီပံ့ပိုးရန် တူရကီနိုင်ငံအနေဖြင့် အသင့်ရှိပါကြောင်း၊ မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကောင်းကိုဆက်လက်ထိန်းသိမ်းထားမည် ဖြစ်ကြောင်းပြောကြားခဲ့ကြောင်းသိရှိရသည်။