By ဒီဗွီဘီ
ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ARSA အစွန်းရောက်အကြမ်းဖက်သမားနယ်မြေမှာ အကြမ်းဖက်အဖွဲ့တွေရဲ့ အသုံးအဆောင်တွေနဲ့အတူ နိုင်ငံတကာ အဖွဲ့အစည်းတချို့ရဲ့ ထောက်ပံ့ကူညီရေးပစ္စည်းတွေ ထပ်မံတွေ့ရှိခဲ့တယ်လို့ အစိုးရ သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ပါတယ်။လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ သြဂုတ် ၃၁ ရက်နေ့ မွန်းတည့် ၁၂ နာရီမှာ အလယ်သံကျော် ဗိုလ်မှူးကျေးရွာအတွင်း နယ်မြေရှင်းလင်းစဉ် အဒူလာ ခေါ် နူမာလာကိန်းရဲ့ နေအိမ်အတွင်းမှ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) တံဆိပ်ပါ ဘီစကစ်ဖာ ၄ဝ၊ ပြောက်ကျားစစ်ဖိနပ်လည်တို ၁၇ ရန်၊ ခြေအိတ်စုံ ၄ဝ၊ ဓားရှည် ၁ လက်၊ ARSA အစွန်းရောက်အကြမ်းဖက်သမား ဝတ်စုံအင်္ကျီ နှစ်ထည်နဲ့ ဘောင်းဘီ သုံးထည်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။
သြဂုတ် ၂၈ ရက် မနက်ပိုင်းကလည်း နယ်မြေရှင်းလင်းစဉ်
ကျီးကျွန်းကင်းစခန်းရဲ့ တောင်ဘက်ရှိ တဲငယ်ခြောက်လုံးမှာ အကြမ်းဖက်သမားတွေ
နေထိုင်ခဲ့တဲ့ အနေ အထားတွေနဲ့အတူ WFP မှ ထောက်ပံ့ထားတဲ့ စွမ်းအားပြည့်
ဘီစကစ်မုန့်နဲ့ အထုပ် ခွံတွေ၊ အချိုရည်ဘူးခွံတွေ တွေ့ရှိခဲ့တယ်လို့
ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုလို အကြမ်းဖက်သမားတွေ ခိုအောင်းလှုပ်ရှားရာနေရာတွေမှာ ထောက်ပံ့ရေး ပစ္စည်းတွေ တွေ့ရှိတာဟာ နိုင်ငံတကာအဖွဲ့အစည်းတွေက အကြမ်းဖက်သမားတွေကို ထောက်ပံ့ပေးတယ်လို့ ရည်ညွှန်းတာမဟုတ်ကြောင်းနဲ့ ဒီပစ္စည်းတွေ အကြမ်းဖက် သမားတွေထံ ရောက်ရှိနေမှုကို ဆက်လက်စုံစမ်းသွားမယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။