01 September 2017

အကြမ်းဖက်သမား ၃၇၀ အသေမိ၊ ၉ ဦးအား အရှင်ဖမ်း


1 September 2017 09:06(+0630) (လွန်ခဲ့သော 3 နာရီ ခန့်က)

နိရဉ္စရာ၊ စက်တင်ဘာ ၁

ရခိုင်ပြည်နယ် အနောက်ဘက်အစွန်ဆုံး မောင်တောဒေသအတွင်း သြဂုတ် ၂၅ ရက်နေ့မှ ၃၀ ရက်နေ့ထိ ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှု ဖြစ်စဉ် အတွင်း ARSA အစွန်းရောက်ဘင်္ဂါလီ အကြမ်းဖက်သမား ၃၇၀ ကို အသေနှင့် ၉ ဦးကို အရှင်ဖမ်းမိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။

သြဂုတ် ၃၀ ရက်အထိ လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးနှင့် စိုးမိုးရေးဆော င်ရွက်စဉ် ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက် သမားများက အင်အားသုံး၍ ၀ိုင်း ၀န်းတိုက်ခိုက်မှု ၅၂ ကြိမ်ဖြစ်ပွားခဲ့ပြီး ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမား များထံမှ အလောင်း ၃၇၀ လောင်း ၊ အရှင်ဖမ်းမိ ၉ ဦးဖမ်းမိကြောင်း ဖော်ပြထားသည်။

သြဂုတ် ၂၅ ရက် ရဲကင်းစခန်းများနှင့် တပ်ဌာနချုပ်အား စတင် အကြမ်းဖက် တိုက် ခိုက်ခံရမှုဖြစ်စဉ်၌ ထိတွေ့တိုက်ပွဲ ၃၈ ကြိမ်ဖြစ်ပွားခဲ့ပြီး ၎င်းနေ့၌ပင် အလောင်း ၇၈ လောင်းနှင့် အရှင် ၁ ဦး ရရှိခဲ့သည်ဟု ဆိုသည်။


အကြမ်းဖက်သမားများထံမှ ပွိုင့် ၂၂ သေနတ်အပါအ၀င် လက်နက်ငယ် ၈ လက်၊ ကျည်မျိုးစုံ ၇၉ တောင့်၊ မိုင်း ၂၃ လုံး၊ ဓား ၆၁ ချောင်း၊ ဂျင်ကလိ ၁၂၃ ချောင်း၊ ဆက်သွယ်ရေးစက် ၄ လုံး၊ လှံ ၁၅ ချောင်း၊ ယမ်းထုပ် ၂၇ ထုပ်နှင့် ၀ါယာကြိုးခွေများ၊ ပြောက်ကျားယူနီဖောင်းများ၊ WFP တံဆိပ်ပါစားသောက်ဖွယ်ရာများနှင့် ဆေးဝါးပစ္စည်း မျိုးစုံတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။

သြဂုတ် ၂၅ ရက်မှ ၃၀ ရက်နေ့တွင် ထိတွေ့တိုက်ပွဲ ၃၈ ကြိမ်၊ နောက်နေ့များတွင် အကြမ်းဖက်သမားများ၏ ၀ိုင်းဝန်း တိုက်ခိုက်မှု ၅၂ ကြိမ်၊ စုစုပေါင်း တိုက်ပွဲ ၉၀ ကြိမ်ဖြစ်ပွားခဲ့သည်။

၎င်းတိုက်ပွဲအတွင်း တပ်မတော်မှ စစ်သည် ၂ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၁ ဦးနှင့် နိုင်ငံ့ဝန်ထမ်း ၂ ဦး စုစုပေါင်း ၁၅ ဦးတို့ အသက်စွန့်လွှတ်ခဲ့ရပြီး စစ်သည် ၅ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၀ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကာ စစ်သည် ၁ ဦးပျောက်ဆုံး လျက်ရှိကြောင်း သတင်းတွင် ဖော်ပြသည်။

တပ်မတော်မှ လက်နက်ငယ် ၁ လက်၊ ကျည်အိမ် ၃ ခု၊ ကျည် ၂၄၀ တောင့်နှင့် ဆက်စပ်ပစ္စည်းများ၊ ရဲတပ်ဖွဲ့ဝင်များထံမှ လက်နက်ငယ် ၁၀ လက်၊ ကျည်မျိုးစုံ ၁၄၂၅ တောင့်၊ ဗုံးသီးမျိုးစုံ ၁၁ လုံး၊ စက်သွယ်ရေး စက် ၁ လုံးတို့ ဆုံးရှုံးခဲ့ရပြီး ရဲတပ်ဖွဲ့ပိုင် မော်တော်ယာဉ် ၇ စီး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။


အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် ဘူးသီးတောင်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၃၄ ရွာမှ ဒေသခံ တိုင်းရင်းသား ပြည်သူ ၂၃၂၆ ဦးနှင့် မောင်တောမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၄၃ ရွာမှ ဒေသခံ တိုင်းရင်းသား ပြည်သူ ၉၄၀၂ ဦး စုစုပေါင်း ၁၁၇၂၈ ဦးတို့သည် လုံခြုံရေးစိတ်ချရသည့် ဘူးသီးတောင်နှင့် မောင်တော မြို့နယ်တို့၌ နယ်မြေခံ တပ်ဌာနချုပ်များအပါအ၀င် ကျေးရွာ ၃၃ ရွာတို့ရှိ ဘုန်းတော်ကြီးကျောင်းများ နှင့် စာသင်ကျောင်း များသို့ ရွှေ့ပြောင်းနေထိုင်ခဲ့ကြသည်ဟု သတင်းတွင် ဆက်လက် ဖော်ပြသည်

ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက် သမားများက လမ်းခုလပ်၌ အင်အားသုံးအကြမ်းဖက်တိုက်ခိုက်ခဲ့ရာ ဟိန္ဒူ ဘာသာဝင် ၇ ဦး၊ ဒိုင်းနက်တိုင်းရင်းသား ၃ ဦး၊ ရခိုင်တိုင်းရင်းသား ၄ ဦး စုစုပေါင်း အပြစ်မဲ့ တိုင်းရင်းသားပြည်သူ ၁၄ ဦးသေဆုံးခဲ့ပြီး ဒိုင်းနက်တိုင်းရင်းသား ၂ ဦး ဒဏ်ရာရရှိခဲ့ ကာ ၂ ဦး ပျောက်ဆုံးလျက်ရှိသည်။

ထို့ပြင် ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများသည် ရွှေ့ပြောင်း သွားသည့် ဒေသခံတိုင်းရင်းသား ပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းကြောင့် မောင်တောမြို့နယ်အတွင်း၌ တိုင်းရင်းသားကျေးရွာ ၃ ရွာရှိ အိမ်ခြေ ၁၃၈ လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်း သတင်းတွင် ရေးသားဖော်ပြထားသည်။

ထို့ပြင် ARSA အစွန်းရောက်ဘင်္ဂါလီအကြမ်းဖက်သမားများသည် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလအတွင်း ဒါးကြီးဇား၊ ၀ါးပိတ်နှင့် ပြောင်ပိုက်ကျေးရွာတို့ရှိ ၎င်းတို့၏ နေအိမ်များအား ၎င်းတို့ကိုယ်တိုင်မီးရှို့ဖျက်ဆီးခဲ့သည့် ဖြစ်စဉ်များကဲ့သို့ ယခုတစ်ကြိမ်တွင်လည်း ကိုးတန်ကောက်၊ မြင်းလွတ်နှင့် ကျီးကန်ပြင်ကျေးရွာများ အပါအ၀င် ဘူးသီးတောင်၊ မောင်တောနှင့် ရသေ့တောင်မြို့နယ်များအတွင်းရှိ ကျေးရွာ ပေါင်း ၃၂ ရွာနှင့် မောင်တော မြို့ရှိ ရပ်ကွက် ၂ ခုတို့ကို ၎င်းတို့ကိုယ်တိုင် မီးရှို့ဖျက်ဆီးခဲ့ကြသဖြင့် အိမ်ခြေပေါင်း ၂၆၂၅ လုံး မီးလောင် ပျက်စီးဆုံးရှုံးခဲ့ရသည်။

တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် အနယ်အနယ် အရပ်ရပ်မှ စေတနာရှင်အလှူရှင်များ လှူဒါန်းခဲ့ကြသည့် ထောက်ပံ့ရေးပစ္စည်းများနှင့် စားသောက်ဖွယ်ရာများအား တပ်မတော်မှ လေယာဉ်များ၊ ရဟတ်ယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ပြီး ၎င်းတို့လက်ဝယ်သို့ လိုက်လံပေးအပ်လှူဒါန်းခဲ့ရာ သြဂုတ် ၃၀ ရက်အထိ နေရာ ၂၂ နေရာ၌ ရွှေ့ပြောင်းဒေသခံတိုင်းရင်းသားပြည်သူ ၉၄၀၂ ဦးထံသို့ ၂ ပတ်စာ ခန့်ရှိသည့် စားသောက်ဖွယ်ရာများအား ပေးအပ်လှူဒါန်းခဲ့ပြီးဖြစ်ကာ ဆက်လက်လှူဒါန်းမှု များလည်း ဆောင်ရွက်လျက်ရှိသည်။

Narinjara
https://www.facebook.com/Narinjara